နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တမူးမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မိန့်ခွန်း

articles_advs

၂၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တမူးမြို့နယ် စက်ရောင်ဘီလူးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

ဒီနေ့တမူးကိုလာပြီး ပြည်သူပြည်သားတွေနဲ့ တွေ့ခွင့်ရတဲ့အတွက် ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ကို သိုက်သိုက်ဝန်းဝန်း ကြိုဆိုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘယ်ကိုသွားသွား ပြည်သူတွေရဲ့ ကြိုဆိုမှု၊ ပြည်သူတွေရဲ့ နွေးထွေးမှုက ကျွန်မတို့အတွက် အင်အားတစ်ခု ဖြစ်ပါတယ်။ ဒီအင်အားတွေကိုစုပြီး ပြည်သူတွေအတွက် ပြန်ပြီးသုံးဖို့ ရည်ရွယ်ပါတယ်။

 

ကျွန်မ တမူးကိုလာတဲ့အခါ တိုင်းရင်းသားပေါင်းစုံကို တွေ့ခဲ့ရပါတယ်။ အဲဒီပြည်သူ တွေထဲမှာ တမူးဘက်မှာ အနေများတဲ့ ဂေါ်ရခါးမျိုးနွယ် ပြည်သူတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုတွေ့ရင် ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ တိုင်းပြည်အတွင်း သာမက တစ်ကမ္ဘာလုံးမှာ လူသားတွေ အချင်းချင်း အဆက်အစပ်ရှိတယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။

 

တမူးမှာ နီပေါမျိုးနွယ်ဖြစ်တဲ့ ဂေါ်ရခါးမျိုးနွယ်တွေကို တွေ့ရပါတယ်။ ကျွန်မ နီပေါကို သွားတဲ့အခါ နီပေါနိုင်ငံသူနိုင်ငံသားတွေက နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ဒါ ကျွန်မတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတာကို ပြတာပါ။ ကျွန်မတို့ နိုင်ငံမှာ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်တယ်ဆိုရင် ဒါနိုင်ငံရဲ့ သိက္ခာပဲဆိုတာကို အားလုံးသဘောပေါက်စေချင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားရမယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားရမယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရမယ်။ ကိုယ်နဲ့ မတူတဲ့သူတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင်နေနေတာကို မြင်ရင်စိတ်ချမ်းသာရမယ်။ ကျွန်မ အမြဲ အဲဒီအရာတွေ ကို ဂုဏ်ယူပါတယ်။

 

ဘယ်ကိုသွားသွား တိုင်းရင်းသားလူမျိုးစုမျိုးစုံ၊ နိ်ုင်ငံသူနိုင်ငံသားမျိုးစုံနဲ့ နိုင်ငံအတွင်း မှီတင်းနေထိုင်သူမျိုးစုံက တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေနေတာကို တွေ့ရရင် ကျွန်မ အင်မတန်မှ ဂုဏ်ယူပါတယ်။ အင်မတန်မှ စိတ်ချမ်းသာပါတယ်။ ဒါနိုင်ငံရဲ့ အင်အားပါ။ ဒါနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ရမယ့် ပြည်ထောင်စုကြီးရဲ့ အခြေခံ စိတ်ဓာတ်ဖြစ်ပါတယ်။

 

ကျွန်မ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ပိုင်းကို မရောက်တာ တော်တော်ကြာပါပြီ။ ကျွန်မ မရောက်တဲ့ အချိန်ကာလအတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်မတို့ တိုးတက်စေချင်သလောက် တိုးတက်တယ်လို့တော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြားထဲကနေပြီး တိုးတက်မှုရှိနေတာကို တွေ့ရပါတယ်။ ဒီတိုးတက်မှုတွေထဲမှာ လူငယ်တွေရဲ့ ကျောင်းနေတဲ့နှုန်း များလာတာကို ကျွန်မသိပ်ပြီး ဝမ်းသာပါတယ်။

 

သို့သော်ငြားလည်း လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းဟာ တက်လာတယ်ဆိုတာကို ကြားရတဲ့အတွက် ကျွန်မ ဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းအောင်၊ ပညာရေးကောင်းအောင် ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဒါကလည်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ပြဿနာပါ။

 

ကလေးမြို့မှာ ရှိနေတုန်းက ကြားခဲ့ရတာ ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး စွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး မေးရမှာက ဘာဖြစ်လို့ လူငယ်တွေစပြီး မူးယစ်ဆေးဝါးသုံးကြသလဲ၊ လက်တည့်စမ်းတဲ့ သဘောနဲ့ စကြတာလား၊ ဘေးကနေပြီး မူးယစ်ဆေးဝါးဖောက်ကားနေတဲ့ သူတွေက နည်းအမျိုးမျိုးနဲ့ သုံးချင်အောင် မြူဆွယ်လို့ ပါသွားတာလား၊ ဘာကြောင့်ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ လူငယ်တွေကို အခုကတည်းက သတိပေးပါရစေ။ မူးယစ်ဆေးဝါးဆိုတာ လက်တည့်စမ်းရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါကိုယ့်တစ်သက်လုံးအတွက်  အန္တရာယ် ရှိမယ့်ကိစ္စဆိုတာကို သဘောပေါက်စေချင်ပါတယ်။ ဒါကို နှလုံးသွင်းစေချင်ပါတယ်။ လူငယ်တွေ ရှေ့ဆက်ရမယ့်ခရီးက အများကြီးကျန်ရှိနေပါသေးတယ်။ လူကြီးတွေအတွက် အချိန်က သိပ်မကျန်တော့ပါဘူး။ လူငယ်တွေ ရှေ့ဆက်ပြီးသွားရမယ့် အချိန်တွေ အများကြီးကျန်တဲ့အတွက် ကျန်းကျန်းမာမာ၊ စိတ်ချမ်းချမ်းသာသာနဲ့ သွားစေချင်ပါတယ်။ ဒီလို ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့ ကိုယ့်ကိုယ်ကိုယ် လုပ်ယူရမယ့်ကိစ္စပါ။

 

မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျွန်မကို လူကြီးတစ်ယောက်အနေနဲ့လာပြီး ကန်တော့တာတွေ ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကန်တော့မယ့်သူတွေက ပိုများလာပါတယ်။ ကိုယ်က အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ထက်ငယ်တဲ့သူတွေက ပိုများလာပါတယ်။ ဒီလိုလာပြီး ကန်တော့တဲ့အခါ ထုံးတမ်းစဉ်လာအရ ဆုပေးရပါတယ်။ ဆုပေးတယ်ဆိုတာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်အမျိုးမျိုးကင်းပါစေ စသဖြင့် ဆုပေးတာပါ။ ဒါပေမယ့် ဆုပေးတဲ့သူက ပေးရုံပေးနိုင်တာပါ၊ ဒီဆုတွေ တကယ်ပြည့်ဖို့ဆိုတာ ကာယကံရှင်ကိုယ်တိုင်က လုပ်ယူရမှာ ဖြစ်ပါတယ်။

 

ကျွန်မက ကျန်းမာပါစေလို့ ဆုပေးလိုက်ပေမယ့်၊ ကျန်းမာအောင်လုပ်ဖို့က ဆုပေးခံရတဲ့ ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေမှ ကျန်းမာမှာပါ။ ဆုပေးတဲ့သူက ဘယ်လို စေတနာ၊ မေတ္တာနဲ့ ဘယ်လို့ ဆန္ဒတွေနဲ့ပေးပေး ယူတဲ့ကာယကံရှင်က ကျန်းမာအောင်မနေရင်  ကျန်းမာမှာ မဟုတ်ပါဘူး။ ကျွန်မက ထပ်တလဲလဲ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေနဲ့ အထူးသဖြင့် လူငယ်တွေ ကျန်းမာပါစေလို့ ဆုပေးပေး လူငယ်တွေ ကျန်းမာအောင်မနေရင် ကျန်းမာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုပေးလိုက်တဲ့ဆုကို တန်ဖိုးထားပြီး ဒီဆုပြည့်ဖို့အတွက် ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာကို သဘောပေါက် စေချင်တယ်။

 

ကျွန်မက ချမ်းသာပါစေဆိုတဲ့ ဆုကိုပေးပါတယ်။ ချမ်းသာပါစေဆိုတာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း  နှစ်မျိုးလုံးကို ပြောတာပါ။ ကိုယ်၏ ချမ်းသာခြင်း ဆိုတာ ဖူလုံတယ်၊ ကြောင့်ကြတောင့်တမှု မရှိရဘူး၊ မချို့တဲ့ရဘူးကို ဆိုလိုတာပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် စိတ်ချမ်းသာဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မ ခဏခဏ ပြောပါတယ်။ ကျွန်မ ပေးတဲ့ဆုတွေထဲမှာ တန်ဖိုးအထားဆုံးက နှလုံးစိတ်ဝမ်းအေးချမ်းပါစေဆိုတဲ့ ဆုပါ။ ကိုယ့်နှလုံးစိတ်ဝမ်း အေးချမ်းတယ်ဆိုရင် ကျန်းမာရေးလည်းကောင်းမှ အေးချမ်းနိုင်မှာပါ။ ကျန်းမာရေး မကောင်းတဲ့လူက ဘယ်လိုမှ စိတ်အေး လက်အေး မရှိနိုင်ပါဘူး၊ နှလုံးစိတ်ဝမ်း မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုက ကိုယ်ကျန်းမာမှုရှိမှ နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ပါမယ်။

 

ဒီလို နှလုံးစိတ်ဝမ်း အေးချမ်းဖို့က ကိုယ့်ဘာသာကိုယ်ပဲ လုပ်ယူရမှာပါ။ ဘေးက ဘယ်လောက် ဆုပေးပေး၊ ဘယ်လောက် မေတ္တာစေတနာတွေနဲ့ ပံ့ပိုးပေးပေး နောက်ဆုံး လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ  ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်သာလျှင် အဓိက  ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့စိတ်၊ ကိုယ့်အင်အားတွေကိုမွေးပြီး ဒီအင်အားတွေကို ပတ်ဝန်းကျင်နဲ့ မျှဝေခံ စားချင်တဲ့ စိတ်တွေကို မွေးစေချင်ပါတယ်။

 

နောက်တစ်ခုက ကျွန်မ ပေးတဲ့ဆုတွေထဲမှာ ကောင်းကျိုးလိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံပါစေဆိုပြီး ပေးလေ့ရှိပါတယ်။ ကောင်းကျိုးလိုရာ ဆန္ဒအဝဝဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဆန္ဒတွေ အားလုံးပြည့်ဝပါစေလို့ ပြောလိုက်ရင် ဆန္ဒပြည့်ဝခြင်းက အမြဲစိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ဒါလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘဝကို ပြန်ပြီးစဉ်းစားကြည့်ရင် အထူးသဖြင့် နည်းနည်းအသက်ကြီးတဲ့အပိုင်းကနေ စဉ်းစားကြည့်ရင် ကိုယ့်ဘဝမှာ တောင်းခဲ့တဲ့ဆုတွေက ဒါလေး ဖြစ်စေချင်လိုက်တာ၊ ဒါလေး လိုချင်လိုက်တာ၊ ဒါလေး ရရပါလို၏၊ ဒါလေး ဖြစ်ရပါလို၏ ဆိုပြီး တောင်းခဲ့တဲ့ဆုတွေ အားလုံးကို ပြန်ပြီး စဉ်းစားကြည့်ရင် ဆုတောင်းတိုင်းပြည့်ပြီး စိတ်ချမ်းသာခဲ့ရဲ့လား ဆိုတာကို တွေးကြည့်စေ ချင်ပါတယ်။

 

အနောက်တိုင်းကလာတဲ့ အဆိုတစ်ခုရှိပါတယ်။ မပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့ မျက်ရည်တွေက ပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့မျက်ရည်ထက် ပိုများပါတယ်တဲ့ဒါဘာကို ပြောလဲဆိုရင် လူတွေက ဆန္ဒအရ ဒါဖြစ်ချင်ရဲ့၊ ဒါလိုချင်ရဲ့ဆိုပြီး၊  တကယ်ဖြစ်လာတော့ အကျိုးဆက်တွေက မကောင်းပါဘူး။ အကျိုးဆက်တွေက မကောင်းတဲ့အခါ စိတ်မချမ်း မသာဖြစ်ရပါတယ်။ ဒါကြောင့် ကောင်းကျိုးလိုရာ ဆန္ဒအဝဝ ပြည့်ပါစေဆိုတာ ကိုယ့်ဆန္ဒတွေ တကယ်ပဲကောင်းကျိုးဖြစ်မယ်ဆိုရင် ဒီဆန္ဒတွေပြည့်ဝပါစေဆိုတဲ့ဆုကို ကျွန်မပေးတာဖြစ်ပါတယ်။ ဒါ တစ်နိုင်ငံလုံးအတွက် ဆုပါ။ ကျွန်မတို့ နိုင်ငံရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝဝ ပြည့်ကြပါစေ၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝဝ ပြည့်ကြပါစေ။

 

ကျွန်မတို့ ပြည်သူပြည်သားတွေ ဘာဆုတွေတောင်းကြသလဲ၊ တချို့ဆုတောင်းတွေ က ရိုးရိုးလေးပါ။ တချို့ဆန္ဒတွေက ရိုးရိုးလေးပါ။ ကျွန်မ တစ်ချိန်လုံး ကြားသိနေရတဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရတဲ့ကိစ္စတွေရှိပါတယ်။ ဥပမာ - လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊  ကောင်းတဲ့ပညာရေး စနစ်ရှိရေး ဒါတွေကို ထပ်တလဲလဲ တောင်းဆိုနေတာပါ။ ဒါဟာ ပြည်သူတွေရဲ့ တောင်းသင့်၊ တောင်းထိုက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ့် အရာတွေဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုဆန္ဒတွေက အများအတွက် မဟုတ်ဘဲ ကိုယ့်အတွက် ဖြစ်သွားတာတွေကိုလည်း ကျွန်မတွေ့ရပါတယ်။ ဒါကို ပြည်သူပြည်သားတွေက ဆင်ခြင်စေချင်ပါတယ်။

 

အများအတွက် စဉ်းစားခြင်းက ကိုယ့်အတွက် အများကြီးအကျိုးရှိတယ်။ အများရဲ့ အမြင်နဲ့ မြင်ဖို့ကြိုးစားခြင်းက ကိုယ့်အမြင်ကျယ်လာပါတယ်။ အများရဲ့အတွေးနဲ့ တွေးနိုင်ဖို့ ကြိုးစားခြင်းက ကိုယ့်ရဲ့ဦးနှောက်ကို ပိုပြီးထက်သန်လာတယ်ဆိုပြီး အဲဒီလို မြင်စေချင်ပါတယ်။ အဲဒီလို မြင်မယ်ဆိုရင် ပြည်သူပြည်သားတွေ တစ်နေ့ထက်တစ်နေ့ တိုးတက်ဖို့ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေဘယ်လောက်များသလဲ၊ ကျောင်းတက်တဲ့ ကလေးတွေဆိုရင် တစ်တန်းတည်းမှာ ကလေးတွေ ဘယ်လောက်များသလဲ၊ တခြားကိုယ်နဲ့ မတူတဲ့ကလေးတွေရဲ့ အမြင်တွေ၊ သူတို့ရဲ့ အားသာချက်တွေ၊ ဒါတွေကို လေ့လာမယ်၊ အားသာချက်အတွက် ကိုယ်က ဝမ်းသာရမယ်၊ မုဒိတာပွားရမယ်၊ သူများရဲ့ အားသာချက်ကို ကိုယ်က စိတ်ချမ်းသာပေးတာက မုဒိတာပွားတာပါ။ ဒီလိုစိတ်နဲ့ သူက တော်လိုက်တာ၊ သူက မြန်မာစာမှာ မတော်ပေမယ့်၊ သင်္ချာမှာ တော်လိုက်တာ၊ သင်္ချာနဲ့ပတ်သက်ရင် သူ့အကူအညီတွေရနိုင်ပါရဲ့ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ရင် ကိုယ့်အတွက် အများကြီး ပိုပြီးတန်ဖိုးရှိပါတယ်။ ပြည်သူပြည်သားတွေကို ဒီလိုပဲ စဉ်းစားစေချင် ပါတယ်။

 

တမူးမြို့က နယ်စပ်မှာဆိုတော့ ဟိုဘက်နိုင်ငံက အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကို တခြားနယ်စပ်မှာမဟုတ်တဲ့ မြို့တွေထက် ပိုပြီးသိနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ဒီလိုသိနိုင်တဲ့ အခြေအနေရှိတဲ့အတွက် တခြားနိုင်ငံမှာ ဘာကြောင့် ဒီလိုအခြေ အနေတွေရှိလဲဆိုတာကို လေ့လာစေချင်ပါတယ်။ ကောင်းတဲ့အရာတွေကို အတုခိုးရမယ်၊ မကောင်းတဲ့ အရာတွေကို ရှောင်ရပါမယ်။ သူတို့ရဲ့ ကောင်းတာတွေကို မနာလိုသဝန်တိုစိတ် မဟုတ်ဘဲ အားကျပြီး နာမူနာယူချင်တဲ့ စိတ်ဓာတ်နဲ့ လုပ်သွားမယ်ဆိုရင် ကျွန်မတို့ တိုးတက်မှုရမှာပါ။

 

ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိပါ။ တခြားသူတွေကိုလည်း လေးစားတန်ဖိုးထားပါ။  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှ တခြားသူတွေကို ယုံကြည်နိုင်မယ်၊ တန်ဖိုးထားနိုင်မယ်။ ဒါကြောင့် ဘယ်တော့မဆို ကိုယ်နဲ့ပဲ စရတာပါ။ ကျွန်မတို့ မေတ္တာပို့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်စပြီး မေတ္တာပို့တာကို တချို့အမှတ်တမဲ့ကြည့်ရင် ဒါက တစ်ကိုယ်ကောင်းဆန်အောင်လို့ သင်ပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်စပြီး မေတ္တာပို့ရမယ်ဆိုတာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်အောင်လို့ သင်ပေးတာ မဟုတ်ပါဘူး။ လက်တွေ့ကျကျ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

 

လူတိုင်းလူတိုင်းက  စိတ်ချမ်းသာချင်တယ်။ လူတိုင်းလူတိုင်းက ပျော်ပျော်ရွှင်ရွှင်နေ ချင်တယ်။ လုံလုံလောက်လောက် ရှိချင်ကြတယ်။ ငါဒီလို ပျော်ချင်တယ်၊ ဖူလုံချင်တယ်ဆိုရင် တခြားသူတွေလည်း ဒီလိုစိတ်ဓာတ်ရှိမှာပဲဆိုပြီး တခြားသူတွေကို ကိုယ်ချင်းစာတဲ့ စိတ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နံပါတ်တစ်ကနေ စရပါတယ်။ နံပါတ်တစ်မှာ ရပ်ထားဖို့ မဟုတ်ပါဘူး။ ကလေးတွေကို သင်္ချာသင်ရင် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ရေးတဲ့အခါမှာ တစ် တစ်ခုတည်းကို သင်ပေးလို့ မရပါဘူး။ တစ်ဆိုပြီး ဆက်မသင်ရင် ဘယ်တော့မှ ပညာတတ် မှာ မဟုတ်ပါဘူး။ တစ် ပြီးရင် နှစ်၊ သုံး၊ လေး၊ ငါး သင်ရပါတယ်။ ပြီးရင်  ရာဂဏန်း၊ ထောင်ဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်း ကဘယ်လို စသည်ဖြင့် သင်သွားရပါတယ်။

 

ဘဝရဲ့ သင်ခန်းစာတွေကလည်း ဒီလိုပါပဲ။ တစ်နဲ့ စပြီး တစ်နဲ့ ဆုံးလို့ မဖြစ်ပါဘူး။ ကိုယ်နဲ့စပြီး ကိုယ်နဲ့ဆုံးလို့ မဖြစ်ပါဘူး။ စတာတော့ ကိုယ်နဲ့စရမှာ ဒါကသဘာဝပါ။ ဒါပေမယ့် အဆုံးမှာ အသိုင်းအဝိုင်းတွေ များနိုင်သလောက် များများပါနိုင်ရင် အားလုံးအတွက် ကောင်းလေပါ။

 

ဒါကြောင့် နိုင်ငံထဲကိုသွားပြီး ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့ ကြိုးစားကြတယ်ဆိုရင် မြို့ကြီးတွေကိုပဲ သွားလို့မရပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဓိက မြို့ကြီး ၃ မြို့ ကို သွားနေလို့ မလုံလောက်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ နိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးတွေကိုလည်း သွားရတယ်။ မြို့လေးတွေကိုလည်း သွားနိုင်သမျှသွားဖို့ ကြိုးစားရပါတယ်။

 

တကယ်တော့ အစိုးရအလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက်သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ်လပ်လပ် မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွားမယ်ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ  တန်ဖိုးရှိပါတယ်။ ရွာသူရွာသားတွေကလည်း သူတို့ စိတ်ထဲမှာရှိတဲ့ လိုအပ်ချက်ကလေးတွေ၊ စိုးရိမ်မှုလေးတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင်ပါတယ်။ နိုင်ငံရေး လုပ်နေတဲ့သူတွေဆိုတော့ ပြည်သူတွေနဲ့ နိုင်ငံရေးဖလှယ်ဖို့က တာဝန်တစ်ခု ဖြစ်ပါတယ်။

 

ဒါကြောင့် ဒီတာဝန်ကို ကျွန်မတို့ လိုလိုလားလားနဲ့ ထမ်းဆောင်နေပါတယ်။ တာဝန်တစ်ခုကို ကျေပွန်ဖို့ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလားလား ရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့  လုပ်နေလို့မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါမယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

 

ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ မထိတွေ့ဘူးဆိုရင် ကျွန်မရဲ့တာဝန်မကျေရာလည်း ရောက်ပါတယ်။ တစ်နည်းအားဖြင့် တစ်ဖက်က ကိုယ်ရနိုင်တဲ့၊ အခွင့်အရေးရှိတဲ့ စိတ်ချမ်းသာမှုတွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ပြည်သူတွေ အချင်းချင်းလည်း ဒီလိုပဲ စိတ်ထားစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် ဆက်ဆံဖို့၊ တစ်ယောက်အပေါ်တစ်ယောက် စေတနာ၊ မေတ္တာထားဖို့ ဒါဟာ တာဝန်ဖြစ်ပါတယ်။  ဒါပေမယ့် ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် ကိုယ့်အတွက် စိတ်ချမ်းသာမှုတွေ ရရှိပါတယ်။ ဒါကြောင့် တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။

 

တစ်ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေနဲ့ သွားတွေ့တဲ့အခါမှာ  တစ်ချိန်လုံး သင်ယူနေရပါတယ်။ ဥပမာ တချို့မြို့တွေမှာ ပြည်သူတွေနဲ့ တွေ့ဆုံပွဲက ပိုပြီးကျေကျေနပ်နပ် ရှိပါတယ်။ တချို့မြို့တွေမှာ သိပ်ကျေနပ်စရာ မရှိပါဘူး။ သိပ်ကျေနပ်စရာမရှိဘူးဆိုတာက တချို့မြို့တွေမှာ အခင်းအကျင်းက ပြည်သူတွေနဲ့ နီးစပ်နိုင်သလောက်နီးစပ်တဲ့ အခင်းအကျင်းမျိုး မဟုတ်တဲ့အခါ ကျေနပ်မှုမရှိ ဘူးလို့ ပြောရမှာပါ။ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် တရင်းတနှီးပြောနိုင်ဆိုနိုင် တွေ့နိုင်တဲ့ အခွင့်အရေးမျိုးရှိတဲ့ အခင်းအကျင်းမျိုးဆိုရင် ကျွန်မအကြိုက်ဆုံးပါ။ တကယ်အကောင်း ဆုံးက ကွင်းပြင်ကြီးမှာ လုပ်တာအကောင်းဆုံးပါ။

 

ကျွန်မ ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ ပြည်သူတွေက သူတို့ သိချင်တဲ့ကိစ္စတွေ၊ လိုအင်ဆန္ဒတွေကို တင်ပြကြပါတယ်။ တင်ပြတာတွေကို ပြန်ဖြေပါတယ်။ တချို့မေးခွန်းတွေကို ကြိုတင်ပြီးတင်ပြပါတယ်။ ဒါက အချိန်အကန့်အသတ်ကြောင့်ပါ။ အချိန်က ကိုယ်ပေးချင်သလောက်လည်း ပေးလို့မရပါဘူး။ ပေးချင်တဲ့စိတ်က ရှိပါတယ်။ တစ်နေ့လုံးထိုင်ပြီး ပြောနေလို့ရရင် ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ မဖြစ်နိုင်ပါဘူး။

 

ဒါကြောင့် တချို့မေးခွန်းတွေကို ကြိုတင်လက်ခံပြီး အဲဒါတွေကို သက်ဆိုင်ရာဌာနတွေ၊ တိုင်းဒေသကြီး အစိုးရတွေ၊ ပြည်ထောင်စုအဆင့် ဌာနတွေကနေ ပြန်ပြီးဖြေကြားပါတယ်။ နောက်မဲနှိုက်ပြီး ပရိသတ်ထဲကနေ မေးခွန်းမေးဖို့ဆိုတာကလည်း လက်တွေ့မကျတဲ့အခါ မဲနှိုက်ပြီး မဲပေါက်တဲ့သူတွေရဲ့ မေးခွန်းတွေကို လက်ခံနားထောင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ တတ်နိုင်သမျှ ပြေလည်အောင်လုပ်ပါတယ်။ ပြည်သူဘက်ကလည်း တတ်နိုင်သမျှ ပြေလည်အောင် လုပ်ပေးစေချင်ပါတယ်။ တချို့နေရာတွေမှာ မဲမပေါက်တဲ့သူတွေက မဲမပေါက်ဘဲ အတင်းမေးချင်ပါတယ်ဆိုပြီး ပြဿနာရှာတာတွေရှိပါတယ်။

 

အဲဒါက မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါ။ ဒါက တာဝန်မသိတဲ့ ကိစ္စ၊ ဒါက ကိုယ့် စည်းကိုယ်မစောင့်တဲ့ ကိစ္စပါ။ မဲဆိုတာက ကံပါ၊ ကံအရ ပေါက်သွားတဲ့သူက ပေါက်သွားမှာပါ။ ပေါက်သွားတဲ့သူကို မေးခွန်းမေးမယ်။ မပေါက်တဲ့သူက စာရေးပြီး မေးခွန်းတွေကို တင်လို့ရပါတယ်။ တိုင်စာဌာနလည်း ဖွင့်ထားပါတယ်။ တိုင်စာဌာနဆိုတာ တိုင်ဖို့သာမဟုတ်ပါဘူး။ တင်ပြချင်တဲ့ကိစ္စတွေကိုလည်း တင်ပြဖို့ ဖြစ်ပါတယ်။ တချို့က တိုင်စာဌာန ဆိုတာ တိုင်စရာရှိမှ တိုင်ရမယ်လို့ ထင်နေတာရှိပါတယ်။ ကိုယ့်ရဲ့ လိုချင်တာတွေရှိရင် တင်ပြလို့ ရပါတယ်။ အကြံပြုချင်တာရှိရင်လည်း တင်ပြလို့ရပါတယ်။