နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

articles_advs

ထန်တလန် ၁၉ ဖေဖော်ဝါရီ

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သီကိးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ds1

 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်းပြည်နယ် တွန်းဇံမြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

 

ds2

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ds3

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပထမဦးဆုံးအနေနဲ့ ကျွန်မတို့ နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ရာသီဥတုကြောင့် ကလေးမြို့ကနေ ရဟတ်ယာဉ် ထွက်တာ နောက်ကျပါတယ်။ ဒီလို ခရီးသွားတဲ့အခါ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကိုသွားရင် ရာသီဥတု အခြေအနေကို ကြည့်ပြီး ကျွန်မတို့လုပ်ရပါတယ်။ ဒါဟာ ကျွန်မတို့အားလုံး သင်ခန်းစာယူစရာ တစ်ခုပါ။ သဘာဝက ဖြစ်ပေါ်တဲ့ကိစ္စတွေကို ကျွန်မတို့က ပြောင်းလို့မရပါဘူး။ ပြောင်းလို့မရတဲ့ အခါကျတော့ ဒါတွေကို ကျွန်မတို့ ကျော်လွှားဖို့လိုပါတယ်။ ဒါကြောင့် ချင်းပြည်နယ်လို နယ်စပ်ဒေသ အင်မတန်ဝေးလံ ခေါင်သီတဲ့နေရာမှာ ဘဝက ကြမ်းကြမ်းတမ်းတမ်းနဲ့ ရင်ဆိုင်ရတဲ့ နေရာတွေကို အထူးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးနေပါတယ်။ ဒီလိုလုပ်မှလည်း ကျွန်မတို့ နိုင်ငံဟာပိုပြီး၊ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီး ဆက်သွယ်မှုရှိလာမှာပါ။

 

ds4

 

ချင်းပြည်နယ်မှာဆိုရင် တောင်တန်းတွေ၊ အတက်အဆင်းတွေက အလွန်များပါတယ်။ လမ်းပန်းဆက်သွယ်ရေးက နည်းပါးပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထားပြီး လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံက ကျယ်ပြန့်တဲ့အတွက် တစ်နိုင်ငံလုံးကို မျှမျှတတ ဖြစ်အောင်လုပ်ရပါတယ်။ အဲဒါကို ကျွန်မတို့ တိုင်းရင်းသား တွေအားလုံးက နားလည်မှုပေးစေချင်ပါတယ်။

 

ds5

 

ကျွန်မတို့အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို တိုးတက်ဖွံ့ဖြိုးစေချင်ပါတယ်။ ချင်းပြည်နယ်မှာဆိုရင် ချင်းတိုင်းရင်းသားတွေက လိုအပ်ချက်တွေကို ပိုပြီးသိကြပါတယ်။ ကျွန်မတို့အနေနဲ့ ချင်းပြည်နယ်ရဲ့ လိုအပ်ချက်ကိုလည်း သိရမယ်၊ ကချင်ပြည်နယ်ရဲ့ လိုအပ်ချက်ကိုလည်း သိရမယ်။ ကရင်၊ ကယား စသဖြင့် အားလုံးကို ခြုံငုံပြီး ကြည့်ရပါတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ တွေ့တဲ့အခါ ကျွန်မ မကြာခဏဆိုသလိုမျိုး အခွင့်အခါသာတိုင်း ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါဆိုတာကို သတိပေးပါတယ်။

 

ပြည်ထောင်စုဆိုတာ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေနဲ့ စုပေါင်းပြီး ဖွဲ့ထားတာပါ။ အထူးသဖြင့် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုင်းရင်းသားများစွာနဲ့ ဖွဲ့ထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေနဲ့  ဖွဲ့စည်းနိုင်တယ်ဆိုတာကိုက ကျွန်မတို့ရဲ့ အင်အားပါ။ ကျွန်မတို့ ဂုဏ်ယူရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေနဲ့ ထူထောင်ထားတဲ့ နိုင်ငံဖြစ်တာကို ကျွန်မတို့ ဂုဏ်ယူစေချင်ပါတယ်။ ဒီလို နိုင်ငံအနေနဲ့ တိုးတက်အောင်လို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ အားလုံးက ဝိုင်းဝန်းပြီး ကူညီပေးစေချင်ပါတယ်။

 

နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများအသိ ဖြစ်မှာပါ။ ချင်းပြည်နယ်ဟာ တခြားပြည်နယ်တွေနဲ့စာရင် လက်နက်ကိုင်အဖွဲ့တွေ နည်းခဲ့ပါတယ်။ နည်းခဲ့တဲ့အတွက် ပြည်သူတွေက ဒီလောက် ဒုက္ခမရောက်ခဲ့ပါဘူး။ တချို့ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်နေတာ လွတ်လပ်ရေးရကတည်းကစခဲ့တာ အနှစ် ၇၀ ကျော်ပါပြီ ခုထက်ထိ ငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးရအောင်လို့ ဝိုင်းဝန်းပြီး လုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေး ရအောင်လုပ်ဖို့ဆိုတာက ပြည်သူပြည်သား တွေအားလုံး ပါဝင်မှ ဖြစ်မှာပါ။

 

ကျွန်မတို့ နိုင်ငံဟာ စောစောကပြောသလို တိုင်းရင်းသားများစွာနဲ့ ဖွဲ့ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာတွေကလည်း မတူပါဘူး။ ချင်းပြည်နယ်မှာ ခရစ်ယာန် ဘာသာဝင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာမှာ ဂိုဏ်းတွေက အမျိုးမျိုးရှိပြီး အားလုံးကိုးကွယ်တာ တစ်ခုတည်းပါ။ ဘုရားသခင်တစ်ပါးတည်းကို ကိုးကွယ်တာကြောင့် ခရစ်ယာန်တွေအားလုံးဟာ ညီညီညွတ်ညွတ်ရှိကြမှာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေဟာ မတူညီကြဘူးဆိုပေမယ့်လည်း ပြည်ထောင်စု တစ်ခုရဲ့ သားသမီးတွေ ဖြစ်တာမို့ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနေဖို့ အင်မတန်မှ အရေးကြီးပါတယ်။

 

နိုင်ငံအတွက် အထူးသဖြင့် ငြိမ်းချမ်းရေးက အရေးကြီးတဲ့အတွက် ငြိမ်းချမ်းရေးကို နှလုံးသွင်းပြီး ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက စဉ်းစားစေချင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ချင်းပြည်နယ်မှာ အများစုဖြစ်တဲ့ ခရစ်ယာန်တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ အားလုံးအသိပါ ခရစ်တော်ဟာ ငြိမ်းချမ်းရေးရဲ့ သံတမန်တစ်ပါး၊ ငြိမ်းချမ်းရေးရဲ့ မင်းကြီးဆိုပြီး ချီးမြှောက်ပြီးခေါ်ဆိုကြပါတယ်။ ဒီလိုငြိမ်းချမ်းရေးကို တကယ်ယုံကြည် တယ်ဆိုရင် စိတ်ထဲကနေစဖို့ ဖြစ်ပါတယ်။ စိတ်ထဲကနေပြီး ငြိမ်းချမ်းရေးကို စတယ်ဆိုတာ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားတာနဲ့ စရမှာပါ။

 

ခရစ်ယာန်ဘာသာမှာဆိုရင် ဘုရားသခင်သည် မေတ္တာတရားဖြစ်၏ဆိုပြီး ပြောကြပါတယ်။ ချစ်ခြင်းမေတ္တာကို ယုံကြည်ကိုးကွယ်သူများဟာ ငြိမ်းချမ်းရေးကို လိုလားရမယ်၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားရမယ်။ ဒါကြောင့် ချင်းပြည်နယ်က ပြည်နယ်သူပြည်နယ်သားတွေ အားလုံး၊ မောင်နှမသားချင်းတွေအားလုံးကို ငြိမ်းချမ်းရေးဘက်ကို ဦးတည်တဲ့ လုပ်ငန်းတွေကို တတ်နိုင်သမျှ လုပ်ပေးကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ စောစောကပြောသလို စိတ်ထဲကနေ မေတ္တာတရားနဲ့ စရာမှာပါ။ ငြိမ်းချမ်းရေးရဲ့ အဓိက ရန်ဘက်က ဒေါသဖြစ်ပါတယ်။ ဒေါသဆိုတာ မလိုမုန်းတီးတဲ့ စိတ်၊ တခြားသူတွေရဲ့အကျိုးစီးပွားကို မလိုလားတဲ့ စိတ် ဒါတွေက ဒေါသစိတ်ဖြစ်ပါတယ်။

 

ကျွန်မတို့အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် အကျိုးစီးပွားကိုလိုလားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ တိုးတက်မှုရှိမှာပါ။ လိုလိုလားလားနဲ့လုပ်ဖို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်၊ တိုက်တွန်းချင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိလို့ မဖြစ်ဘူး ဆိုတာကို ကျွန်မတို့အားလုံး သတိပြုမိဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဒွန်တွဲနေပါတယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်မှုရှိမှ ငြိမ်းချမ်းရေးကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားတွေအားလုံးက ရုပ်ပိုင်းဆိုင်ရာ ချမ်းချမ်းသာသာ နေချင်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း ချမ်းသာချင်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာဖို့ဆိုတာ ပထမဦးဆုံး လိုအပ်ချက်က လုံခြုံရေးပဲဆိုတာကို သတိပြုစေချင်ပါတယ်။

 

ကိုယ့်စိတ် မလုံခြုံဘဲနဲ့ ကိုယ်နေထိုင်ရတာ ရုပ်ပိုင်းဆိုင်ရာအရ မလုံခြုံဘဲနဲ့ ဘယ်လိုမှ စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံဖို့ဆိုတာလည်း ငြိမ်းချမ်းရေးရှိဖို့ လိုပါတယ်။ ထိုနည်းလည်းကောင်းပဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့ ငြိမ်းချမ်းရေးလိုပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က မအေးချမ်းဘူး၊ မငြိမ်းချမ်းဘူးဆိုရင် ဘယ်လိုလုပ် ကိုယ့်စိတ်လုံခြုံမှု ရှိနိုင်မှာလဲ။ စိတ်က အေးချမ်းနိုင်မှာ မဟုတ်ဘူး၊ လုံခြုံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့အားလုံး လုံခြုံဖို့၊ စိတ်ချမ်းသာနဲ့ ကိုယ်ချမ်းသာရှိဖို့အတွက် ငြိမ်းချမ်းရေးဟာ ပထမ ခြေလှမ်းဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီး ကျွန်မတို့ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် သွားရမှာပါ။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျွန်မ ဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့ တွေ့တဲ့အခါ ပြည်သူတွေရဲ့ မေးခွန်းတွေ၊ တင်ပြချက်တွေကို တောင်းခံပါတယ်။ တောင်းခံရတဲ့ အကြောင်းရင်းက နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ဘယ်လိုပြဿနာတွေရှိနေလဲ၊ ဘာလို အပ်ချက်တွေရှိနေလဲ၊ ပြည်သူတွေက  ဘယ်လိုဆန္ဒတွေရှိလဲဆိုတာကို ကျွန်မတို့ သိချင်လို့ ဖြစ်ပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ အစိုးရရဲ့ တာဝန်တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါ။ လိုအပ်ချက်တွေနဲ့ လိုလားချက်တွေက မတူဘူးဆိုတာကိုလည်း ကျွန်မသတိပေးချင်ပါတယ်။ လူတိုင်းလူတိုင်းက ကိုယ်ပိုင် လိုလားချက်တွေ၊ ဆန္ဒတွေ ရှိပါတယ်။

 

ကိုယ်လိုချင်တဲ့ ဆန္ဒအားလုံးဟာ လိုအပ်ချက်ရှိမှ ဖြစ်မှာပါ။ တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ဆန္ဒဟာ တစ်ခြားသူတွေအတွက် အကျိုးရှိချင်မှ ရှိမယ်။ ကိုယ့်အတွက်၊ ကိုယ့်အသိုက် အဝန်းအတွက် အကျိုးရှိချင်မှ ရှိလိမ့်မယ်။ တစ်ခြားသူတွေအတွက် အကျိုးယုတ်စေတဲ့ ကိစ္စ တွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့ တစ်ချိန်လုံး ချင့်ချိန်ရမှာ ဖြစ်ပါတယ်။

 

 အထူးသဖြင့် ဒီမိုကရေစီအစိုးရကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်များဟာ အများပြည်သူအတွက် အကောင်းဆုံးဖြစ်တဲ့ အဖြေကို အမြဲပဲရှာနေရပါတယ်။ ဒါလွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်မတို့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးပေါင်း (၁၄)ခုရှိပါတယ်။ ဒီ(၁၄)ခုမှာ တစ်ခုနဲ့တစ်ခု လိုအပ်ချက်တွေက မတူပါဘူး။ ဒါပေမယ့် လိုအပ်ချက်တွေက ရှိကြတာပဲ။ မတူဘူး ဆိုပေမယ့် တချို့လိုအပ်ချက်တွေက အတူတူပါပဲ။ တချို့ကျတော့ ကွာပါတယ်။ လမ်းပန်းဆက်သွယ်ရေးဆိုရင် မြေပြန့်မှာလည်း လမ်းကောင်းဖို့ လိုပါတယ်။ ချင်းပြည်နယ်လို တောင်တက်တောင်ဆင်းများတဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာ အားလုံးသိကြပေမယ့် တချို့က ဘာကိုဂရုမပြုမိဘူးလဲဆိုတော့ မြေပြန့်မှာ အင်မတန်မှ မိုးများတဲ့နေရာတွေ ဥပမာ ဧရာဝတီတိုင်းဒေသကြီးဆိုရင် မိုးတွင်းကာလမှာ သွားလာရေးအင်မတန်မှ ခက်ခဲပါတယ်။

 

မိုးတွင်းကာလမှဆိုရင် ရာသီစုံသွားတဲ့လမ်း မဟုတ်တဲ့အတွက် လမ်းတွေက ပျက်စီးသွားပြီး တစ်ခါတစ်လေ (၅)လလောက်တောင်မှ လမ်းတွေဟာ သုံးလို့မရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေကို ကြည့်လိုက်တဲ့အခါ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေဟာ အင်မတန်မှ ဆင်တူယိုးမှားရှိတယ်ဆိုတာကို သဘောပေါက်ပါတယ်။

 

ချင်းပြည်နယ်ဆိုရင် မိုးတွင်းကာလမှာ သွားရေးလာရေး အင်မတန်မှ ခက်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးလိုနေရာမှာလည်း သွားရေးလာရေး အင်မတန်မှ ခက်ပါတယ်။ ဒီလို နေရာတွေကို ကျွန်မတို့ကနေပြီး ဖြေရှင်းပေးဖို့ ကြိုးစားရပါတယ်။ ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းရဲ့ အကျိုးဆက်တွေက ကျန်းမာရေးအရ၊ ပညာရေးအရ၊ စီးပွားရေးအရ ခက်ခဲလာပါတယ်။ ကျန်းမာရေးအရဆိုရင် ရွာတိုင်းရွာတိုင်းမှာ ဆေးခန်းတွေ ဖွင့်ပေးဖို့ဆိုတာ ကျွန်မတို့ အခုအချိန်မှာ တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရွာတိုင်းရွာတိုင်းမှာ ဆေးခန်း မရှိဘူးဆိုရင်၊ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူးဆိုရင် ဆေးခန်းတစ်ခုရှိတဲ့ နေရာကိုရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ ခက်ခဲတဲ့အခါ အရေးပေါ်ကုသဖို့လိုရင် မလုပ်နိုင်ပါဘူး။ ဒီအတိုင်းပါပဲ။ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဒီလိုဖြစ်နေပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးက ချင်းပြည်နယ်နဲ့ ပထဝီအနေအထားအရ အင်မတန်မှ ကွာခြားတယ်ဆိုပေမယ့် ဧရာဝတီတိုင်းဒေသကြီးလိုနေရာမှာလည်း မိုးတွင်းအချိန်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါ၊ လမ်းတွေမကောင်းတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ဖြစ်လာပါတယ်။ အနီးဆုံးဆေးခန်းကိုသွားဖို့ အင်မတန်ခက်ခဲပါတယ်။ ပညာရေးဆိုရင်လည်း ထိုနည်း၎င်းပါပဲ။

 

ချင်းပြည်နယ်မှာလည်း လမ်းမကောင်းဘူးဆိုရင် ကလေးတွေ ကျောင်းသွား၊ ကျောင်းလာ အင်မတန်ခက်ခဲပါတယ်။ ရွာတိုင်းရွာတိုင်းမှာလည်း ကျွန်မတို့ ကျောင်းတွေ ဆောက်ပေး နိုင်တဲ့အနေအထား မရှိပါဘူး။ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဒီအတိုင်းပါပဲ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အချိန်မှာဆိုရင် တစ်ချို့ရွာတွေက ကလေးတွေဆိုရင် ကျောင်းကိုသွားချင်ရင် လှေတွေနဲ့ ရေလမ်းခရီးကနေ ကျောင်းလိုက်ပို့ရပါတယ်။ ဒါပေမယ့် ဒါက တတ်နိုင်တဲ့သူရှိတယ်။ မတတ်န်ိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့သူတွေကျတော့ တစ်ချို့ရွာတွေမှာဆိုရင် မိုးတွင်းတစ်ရာသီလုံးမှာ ကလေးတွေက ကျောင်းမသွားဖြစ်တဲ့ အခြေအနေ ရောက်သွားကြတယ်။

 

ချင်းပြည်နယ်က ပြည်သူလူထုလည်း ဒီလိုအခက်အခဲတွေ ရင်ဆိုင်ဖူးမှာပဲ။ ကြုံတွေ့ဖူးမှာပဲ။ ဒါကြောင့် ကျွန်မတို့ အားလုံးဟာ တကယ့်ကို တစ်လှေတည်းသွားနေတဲ့ သူတွေပါ။ တစ်မြေထဲနေ၊ တစ်ရေထဲသောက်ပြီး တစ်လှေတည်းမှာ သွားနေတဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်ထောင်စုသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံး စုစုစည်းစည်းနဲ့ ပြည်ထောင်စုကြီး တစ်ခုလုံး တိုးတက်ဖို့အတွက်ကို ကြိုးစားဖို့ဟာ တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိပါတယ်။

 

အားလုံးတိုးတက်မှ တစ်ယောက်ချင်းလည်း တိုးတက်နိုင်မယ်။ တစ်ယောက်ချင်းတိုးတက်မှလည်း အားလုံးဟာ တိုးတက်နိုင်မယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေကို ကြိုးစားပေးစေချင်ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ ဖွံ့ဖြိုးမှုဘက်မှာ နောက်ကျကျန်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒီသမိုင်းကြောင်းကို အများသိပြီးသားဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ပိုပြီးကြိုးစားဖို့လိုပါတယ်။ ပိုကြိုးစားပြီးတော့ ပိုပြီး တိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆက်ပြီးသွားမှသာလျှင် တစ်ခြားနိုင်ငံတွေနဲ့ ကျွန်မတို့ ရင်ဘောင်တန်းနိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အင်အားဟာ ဒီနိုင်ငံအတွင်းမှာ ရှိပါတယ်။

 

ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြော တစ်ကယ့်အင်အားဟာ ကျွန်မတို့ နိုင်ငံက ပြည်သူတွေရဲ့ အတွင်းကနေ ထွက်လာတဲ့ အင်အားပါ။ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့ အရည်အချင်းတွေကို စုပေါင်းပြီး ထွက်ပေါ်လာတဲ့အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။ အပြင်က အင်အားတွေဆိုတာ ကျွန်မတို့ကို ပံ့ပိုးတဲ့အချိန် ရှိချင်ရှိမယ်။ မပံ့ပိုးတဲ့အချိန် ရှိချင်ရှိမယ်။ ဒါပေမယ့် ကိုယ့်ရဲ့အင်အားတွေဟာ အစဉ်အမြဲ ခိုင်မာနေမယ်။ စုစည်းနေမယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုးတက်နိုင်မယ်၊ ဖွံ့ဖြိုးနိုင်မယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေအားလုံး လုံခြုံနိုင်မယ်။ ကျွန်မတို့ရဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်မတို့ စိတ်ချနိုင်မယ်။ ဒါကြောင့် ကျွန်မတို့ ဘာပဲလုပ်လုပ်၊ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် နောင်မျိုးဆက်တွေအတွက် စဉ်းစားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။

 

ကျွန်မတို့ ဘယ်လိုအမွေအနှစ်တွေ ထားခဲ့မလဲဆိုတာကို သေသေချာချာ စဉ်းစားစေချင်ပါတယ်။ နောင်လာနောက်သားတွေအတွက်၊ ကြီးထွားလာမယ့် ကလေးသူငယ်တွေအတွက် ကျွန်မတို့ ဘယ်လိုအမွေတွေ ထားပစ်ခဲ့မလဲ။ ကျွန်မတို့တုန်းက မိဘတွေက ဘယ်လို အမွေအနှစ်တွေ ထားပစ်ခဲ့သလဲ။ ဒါတွေကို ပြန်ကြည့်ပြီး ကျွန်မတို့ရဲ့ ခေတ်အဆက်ဆက် မျိုးဆက်တွေအတွက် ပိုပြီးတိုးတက်ဖို့၊ ပိုပြီးကြီးပွားဖို့၊ ပိုပြီးစိတ်ချမ်းသာဖို့ ဦးတည်ပြီး အင်မတန်မှ ထိုက်ထိုက်တန်တန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ အားလုံးဝိုင်းပြီး ပူးပေါင်းပြီး ဆောင်ရွက်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။

 

ဒီမိုကရေစီမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရဘာဖြစ်လို့ ရွေးချယ်ရ လဲဆိုရင် ကျွန်မတို့ရဲ့သန်း(၅၀)ကျော်သော ပြည်သူတွေ အားလုံးကနေပြီး အစိုးရတက်လုပ်ဖို့ ဘယ်လိုမှ လက်တွေ့ကျကျဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူကို လေးလေးစားစားနဲ့ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဦးဆောင်တဲ့အစိုးရတွေကို ကျွန်မတို့ကနေ ရွေးချယ်တင်မြှောက်နိုင်ဖို့ ကြိုးစားပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အစိုးရတာဝန်တွေကို ထမ်းဆောင်နေတဲ့ အချိန်ကာလတစ်လျှောက်လုံးမှာ ပြည်သူလူထုနဲ့ ပတ်သက်ပြီး ဖြောင့်ဖြောင့်မတ်မတ်နဲ့ တတ်နိုင်သမျှ ကျွန်မတို့ရဲ့ အစွမ်းအားတွေကိုသုံးပြီး လုပ်ပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အခု ကျွန်မတို့ရဲ့ စွမ်းအားတွေသုံးပြီး ပြည်သူတွေတင်ပြတဲ့ မေးခွန်းတွေကို အကောင်းဆုံးဖြေပေးပါမယ်ဟု ပြောကြားသည်။

 

ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် တွန်းဇံမြို့ ခေါလိုင် ဂိုးဇန်ရပ်ကွက်မှ ဒေါ်ဟောက်ဂိုးကျင်းက တွန်းဇံမြို့မှ (၂၉)မိုင်ခန့်သာ ကွာဝေးသော တီးတိန်မြို့နယ်အား ခရိုင်အဆင့်တိုးချဲ့ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ရပ်ကွက်မှ ဦးထန် လမ့်ပေါင်က ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာဌာနမှ ပိုးအိမ်ဝယ်ယူခြင်းမရှိတော့ပါသဖြင့် ပိုးစာပင်စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ပိုးစာပင်စိုက်ပျိုးခြင်းလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ  လုပ်ကိုင်လိုပါသဖြင့် နိုင်ငံတော်မှ ထောက်ပံ့ကူညီနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန် လေးဆန်ရပ်ကွက်မှ ဦးထန်ကျင့်လျန်း က တွန်းဇံ မြို့နယ်အတွင်း သစ်တောကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောအနေဖြင့် ဧရိယာဧကစုစုပေါင်း (၂၃၀၀၀၀)ကျော်ခန့်ရှိသော်လည်း သစ်တောဦးစီးဌာနရုံးမရှိသောကြောင့် အခက်အခဲများရှိပါသဖြင့် သစ်တောဦးစီးဌာနရုံး ဖွင့်လှစ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်ရပ်ကွက်မှ ဦးထန်ဆွင်းဟန်က ဒေသခံပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  နိုင်ငံတော်မှ အတိုးနှုန်းနည်းသည့် ကာလရှည် ချေးငွေထုတ်ချေးပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးထန်ဆွင်းဇမ်းက တွန်းဇံမြို့နယ် ခင်မန်းကျေးရွာ နယ်စပ်ဈေးတည်ဆောက်ရန် လျာထား သည့် နေရာသည် ကျီခါးမြို့မှ (၇)မိုင်အကွာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၏ အင်ဖာလ်မြို့သို့ ဆက်သွယ်ထားသော အဓိကလမ်းမကြီးပေါ်တွင် တည်ရှိနေပါသဖြင့် ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးဝုန်လန့်ထွန်းက တွန်းဇံမြို့နယ် ကျီခါးမြို့သည် လျှပ်စစ်မီးလုံလောက်မှုမရှိသည့်အတွက် ကျီခါးမြို့နှင့် (၉)မိုင် ခန့်ကွာဝေးသော အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဘင်းဟန်ကျေးရွာမှ (၁၁)KV မဟာဓာတ်အားလိုင်း သွယ်တန်းရရှိလိုပါသဖြင့်  အိန္ဒိယနိုင်ငံ ဖက်မှတစ်ဆင့် လျှပ်စစ်မီးသွယ်တန်းရရှိရေး နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းမှုဖြင့် စီစဉ်ဆောင်ရွက်ပေးရေးနှင့် တွန်းဇံမြို့နယ် ကျီခါးမြို့ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရေးတို့ကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၅ ဦးဖြစ်သည့် တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန်လမ့်ခုပ်က ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူပိုင် ခန်းမတစ်ခု ဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန် လေးဆန်းရပ်ကွက်မှ ဦးပေါင်ရှင်းမန်က သိမ်းဆည်းလယ်ယာမြေဆိုင်ရာများ၊ မြို့မြေအဖြစ် ထည့်သွင်းမှုနှင့် အိမ်ရာမြေများ ခွဲဝေချထားရေးကိစ္စများတွင် ပြန်လည်စိစစ်ဆောင်ရွက်ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ဂိုးဇန်ရပ်ကွက်မှ ဦးပေါင်လျန်ထန်က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဝန်ထမ်းအိမ်ရာရှေ့ ပေ(၅၀)ခန့်နှင့် အနောက်ဘက် ပေ (၅၀)ခန့်တို့ကို မြေထိန်းနံရံဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန်ဆွမ်းမုန်က မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိရေး၊ မြို့မှ ရေထွက် (၁၆) မိုင်အား ကြားလမ်းဖောက်ပေးနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦကျင့်ဒွတ်ကိမ်းတွောင်က သိမ်းဆည်းသွားသော တောင်ရာမြေများပြန်လည်ရရှိရေး မေးခွန်းများကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့က နောက်ကျပေမယ့်လည်း စိတ်ရှည်လက်ရှိနဲ့ စောင့်ပေးတဲ့အတွက် လည်းကျေးဇူးတင်ပါတယ်။ ဒီလိုအချိန်တိုအတွင်းမှာ  အားလုံးလုပ်ချင်တဲ့ ကိစ္စတွေကို ပြီးအောင်လို့  လုပ်နိုင်ဖို့ဆိုတာ  အားလုံးပူးပေါင်းဆောင်ရွက်မှ ဖြစ်တာပါ။ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ရင်  လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုတွေ့ရတဲ့အခါမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို သိရရုံမက ဒေသခံတွေရဲ့ စိတ်နေသဘောထားတွေကိုလည်း သိပိုင်ခွင့်ရတဲ့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ နောင်လည်း ဒီလိုပဲပြည်သူတွေနဲ့ မကြာခဏ တွေ့ဆုံနိုင်ဖို့လည်း ကြိုးစားပါ့မယ်။ ပြည်သူနဲ့အစိုးရအကြားမှာ အမြဲအဆက်သွယ်ရှိ နေဖို့လိုပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ရဲ့ဆန္ဒအရ တင်မြှောက်ထားတဲ့ အစိုးရပါ။ အစိုးရကို ကြောက်ဖို့မလိုပါဘူး။ ကြောက်ဖို့မလိုဘူးဆိုတာ အစိုးရကို တိုက်ခိုက်ရမယ်လို့ ဆိုလိုတာလဲမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ပါ။  အားလုံးပူးပေါင်းလုပ်ကိုင်မှသာလျှင် တိုးတက်နိုင်မှာပါ။

 

တင်ပြသွားတဲ့ အချက်တွေအားလုံးကိုလည်း ကျွန်မတို့ လေးလေးနက်နက်ထားပါတယ်။ အားလုံးပြန်ပြီး ကြည့်ပေးပါ့မယ်။ဒီလို ကျွန်မတို့ရဲ့ တွေ့ဆုံပွဲမှာ တင်ပြတဲ့ကိစ္စတွေ ဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အထူးအလေးထားပြီး မြန်မြန်ဆန်ဆန်လုပ်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့ အသံကို  တိုက်ရိုက်ကြားရတယ်ဆိုရင်ဒါကို အလေးအနက်ထားရမယ့် ကိစ္စဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့တော့ ရာသီဥတုကြောင့် နောက်ကျခဲ့ရလို့ ဒီမှာ လာရောက်တွေ့ဆုံတဲ့ ပြည်သူတွေအတွက်  အခက်အခဲဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ စေတနာအပြည့်အဝနဲ့ အတတ်နိုင်ဆုံးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ds6

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် သီကိးရ်ကျေးရွာသို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ds7

 

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ds8

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ds9

 

ယင်းနောက် Dingdi Dream Organization ၊ Medi Myanmar Group Ltd နှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံထံ ပေးအပ်လှူဒါန်းကြသည်။

 

ds10

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ မျက်နှာစာ၌ ဂျပန်ချယ်ရီပင်များကို အမှတ်တရစိုက်ပျိုးပေးကာ ဆေးရုံအတွင်းလှည့် လည်ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသူများကို အားပေးစကားပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ ဆောက်လုပ် လှူဒါန်းသော နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ds11

 

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က နေအိမ်အလုံး (၅၀)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


 

ds12

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက နေအိမ်အလုံး (၅၀) ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နေအိမ်အလုံး(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ထံ လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ds13

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့သို့ရောက်ရှိကြရာ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကိုဝှေ့ရမ်း၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

 

ds14

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်တလန်မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

ds15

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ကို လာရောက်ကြိုဆိုတဲ့ ထန်တလန်က မိဘပြည်သူတွေအားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်။ ချင်းပြည်နယ်မှာ ပျော်စရာကောင်းတာတစ်ခုက ဘယ်ကိုသွားသွား သီချင်းလေးတွေနဲ့ ကျွန်မတို့ကို ကြိုဆိုပါတယ်။ ချင်းတိုင်းရင်းသားတွေက အဆိုမှာ အင်မတန် တော်ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ အသံတွေလည်း ကောင်းတယ်၊ ဆိုလည်း ဆိုတတ်ကြပါတယ်။ နေရာတိုင်းမှာ သီချင်းတွေ ဖွဲ့နွဲ့စပ်ဆိုကြတာ အင်မတန်မှ ကျွန်မတို့အတွက် နွေးထွေးမှုပြတယ်လို့ ယုံကြည်ပါတယ်။

 

ds16

 

ကျွန်မတို့ ပြည်ထောင်စု တစ်ခွင်လုံးမှာ ဘယ်ကိုသွားသွား၊ ဘယ်ကိုခရီးထွက်ထွက် ပြည်သူပြည်သားတွေဟာ နွေးထွေးမှုနဲ့ ကြိုဆိုလေ့ရှိပါတယ်။ ကျွန်မတို့ ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခုပါ။ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ အားလုံးက နွေးထွေးတဲ့စိတ်ဓာတ်ရှိပါတယ်။ ဧည့်သည်တွေကို ခရီးဦးကြိုပြုတဲ့အခါမှာ စိတ်ချမ်းသာအောင် တကယ့်စေတနာ မေတ္တာနဲ့ ကြိုဆိုလေ့ရှိပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်၊ အင်မတန်မှ ဂုဏ်ယူပါတယ်။ 

 

ကျွန်မတို့ နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်နိုင်တယ်လို့ ယုံကြည်ရတဲ့အကြောင်းအရင်းက အခြေခံအားဖြင့် နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံဟာ ဘယ်လိုပဲပြောပြော အားလုံးဟာ ဆက်နွယ်မှုရှိပါတယ်။ ပြည်ထောင်စုအတွင်းမှာ တချို့တွေက တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခု၊ ပြည်နယ်တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုမရှိဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ကိုယ်ထင်တာထက် အများကြီးဆက်စပ်မှုရှိပါတယ်။

 

ကျွန်မတို့ဟာ တစ်ခရီးတည်းသွားနေတဲ့ ပြည်ထောင်စုသားတွေလို့ စိတ်ထဲမှာ ထားစေချင်ပါတယ်။ ခွဲခြားပြီးတော့ မနေစေချင်ပါဘူး။ ကျွန်မတို့ အားလုံးဟာ ခွဲခြားပြီးနေချင်တယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေဘဲ ဖြစ်မှာပါ။ ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင်မာမာ ထူထောင်ဖို့ဆိုရင် နှစ်ခုစလုံးကို ကြည့်ဖို့လိုပါတယ်။ ကျွန်မတို့အနေနဲ့ တူညီတဲ့ကိစ္စတွေကိုလည်း ကြည့်ရမယ်၊ မတူတာတွေကိုလည်း ကြည့်ရမယ်။ တူတာတွေကိုကြည့်ခြင်းဖြင့် ကျွန်မတို့ အားလုံးဟာ ပိုပြီးခိုင်မာတဲ့၊ ပိုပြီးညီညွတ်တဲ့၊ ပိုပြီးတစ်ယောက်နဲ့ တစ်ယောက် စာနာတဲ့စိတ်ထားတွေ ဖြစ်နိုင်ပါတယ်။

 

ကျွန်မတို့ ခရီးသွားရင် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေလုပ်ပါတယ်။ အဓိက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိချင်လို့၊ ပြည်သူတွေရဲ့ဆန္ဒကို သိချင်လို့၊ ပြည်သူတွေရဲ့ခံစားမှုတွေကို ကျွန်မတို့လည်း မျှဝေပြီး ခံစားချင်လို့ပါ။ အဲဒီလိုသွားတဲ့အခါမှာ တစ်တိုင်းပြည်လုံးမှာ တူညီတဲ့အချက်တွေက အများကြီးပါ။ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ် အတူတူပါပဲ။ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေရဲ့ တောင်းဆို ချက်တွေကလည်း မကွာခြားပါဘူး။ ဒါကလည်း အခုမှ မဟုတ်ပါဘူး။ ကျွန်မစပြီး နိုင်ငံရေး လုပ်စဉ်ကတည်းကပါ။

 

ကျွန်မ နိုင်ငံရေးလောကထဲကို ဝင်လာတာ ဘာလိုလိုနဲ့ နှစ် ၃၀ ကျော်သွားပြီ။ ဒီနှစ် ၃၀ ကျော်အတွင်းမှာ ကျွန်မ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ရောက်ပါတယ်။ တစ်တိုင်းပြည်လုံး နှံ့အောင်ရောက်ခဲ့ပါတယ်။ အခုလို အစိုးရတာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ် ယောက်အနေနဲ့ ခရီးသွားရ၊ လာရတာက အရင်တုန်းက ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ ခရီးသွားရတာလောက် ကျေနပ်စရာ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကျွန်မတို့ ကားနဲ့သွားတဲ့အတွက် လမ်းမှာရပ်လို့ရတယ်၊ ရွာတွေမှာ ရပ်လို့ရတယ်၊ လမ်းက ပြည်သူတွေနဲ့ ကားရပ်ပြီး စကားပြောလို့ရပါ တယ်။ ချင်းပြည်နယ်ကို ၂၀၀၁ ခုနှစ်က လာတုန်းကဆိုရင် လမ်းမှာ လမ်းအလုပ်သမားတွေ၊ လမ်းဆောက်နေတဲ့ အလုပ်သမားတွေနဲ့ စကားရပ် ပြောလို့ရတယ်။ အဲဒီလိုထိတွေ့မှု ရနိုင်တဲ့အခါကျတော့ တစ်နည်းအားဖြင့် ကျွန်မအတွက် ကျေနပ်စရာလို့ မြင်ပါတယ်။ ပြည်သူတွေနဲ့ပိုပြီး နီးနီးကပ်ကပ်နေနိုင်ခဲ့ပါတယ်။  

 

အဲဒီတုံးကထဲက ကျွန်မ သတိပြုမိပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းရော၊ မြောက်ပိုင်းရော ရှေ့၊ နောက်၊ တောင်၊ မြောက် ဘယ်ပဲသွားသွား အမြဲပဲမေးပါတယ်။ ဘာလိုအပ်ချက် တွေရှိလဲဆိုတာကိုပါ။ အခြေခံလိုအပ်ချက်တွေက အတူတူပါ။ အံ့ဩလောက်အောင်ကို တူပါတယ်။ အားလုံးက မေးလိုက်လို့ရင်  ဘာလိုအပ်လဲဆိုရင် အဓိက က အခြေခံအားဖြင့် နံပါတ် (၁)က သောက်သုံးရေပဲ။ အားလုံးအတွက် အဓိက အခြေခံပဲ။ ဒုတိယ တောင်းဆိုတာက  လမ်းပန်းဆက်သွယ်ရေးပဲ။ ချင်းပြည်နယ်မှာဆိုလည်း ဒီလိုပဲ တောင်းဆိုတယ်။  ရှမ်းပြည်နယ် မှာလည်း ဒီလိုပဲ တောင်းဆိုတယ်။  တနင်္သာရီ မှာလည်း ဒီလိုပဲ တောင်းဆိုပါတယ်။ နောက်ထပ် လျှပ်စစ်မီးတောင်းဆိုတယ်။  လျှပ်စစ်မီးလည်း အဓိကပဲ။ တန်ဖိုးထားပုံခြင်း လည်းတူနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်တွေတူလို့။ နံပါတ် (၁) က သောက်သုံး ရေမရှိရင် အင်မတန်မှ ဘဝက ရုံးကန်ရတာ ပင်ပန်းပါတယ်။ ဒါ့ကြောင့် အားလုံးက သောက်သုံးရေမရှိတဲ့အခါ သောက်သုံးရေကို အဓိကထားတောင်းပါတယ်။ ဒုတိယက လမ်းပန်းဆက်သွယ်ရေး။ လမ်းပန်းဆက်သွယ် ရေးဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ။ ကလေးတွေ ကျောင်းသွားဖို့ အတွက်အဆင်ပြေတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးရုံတွေသွားဖို့လည်း အဆင်ပြေတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ သွားရ၊ လာရ၊ ရောင်းဝယ်ဖောက်ကားမှုလုပ်ဖို့လဲ အဆင်ပြေတယ်။ လူမှုရေးနဲ့ ပတ်သက်လို့  ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ မိဘတွေကို သွားပြီးတွေ့ဖို့လည်း အဆင်ပြေတယ်။ လမ်းပန်းဆက်သွယ်ရေးကို ဒုတိယတောင်းကြတယ်။  တတိယကတော့ လျှပ်စစ်ပါ။ လျှပ်စစ်မီးရမှ ကိုယ့်ရဲ့ဘဝကို ကိုယ်ပိုင်သွားတယ်လို့ ကျွန်မက ဒီလိုပဲ သတ်မှတ်ပါတယ်။

 

နောက်ထပ် တောင်းကြတာ ကျန်းမာရေး၊ ပညာရေး အဲဒီနောက်ဆုံး နှစ်ခုနဲ့ ပတ်သက်လို့တော့ စိတ်ဝင်စားစရာကောင်းတာက ပညာရေးကို အမြဲဦးစား ပေးပြီးတောင်းတယ်။ ပထမဆုံး ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဒါတွေပြည့်စုံပြီဆိုရင် ပညာရေးကို တောင်းကြတယ်။ ကျောင်းတွေလိုချင်တယ်။ ဆရာ၊ ဆရာမတွေလိုချင်တယ်။ ကလေးတွေ ပညာရေးအတွက် ဆန္ဒတွေအမျိုးမျိုးထုတ်ဖော် ပြောကြတယ်။

 

အဓိကအားဖြင့် ပညာရေးကို အလေးထားတာဟာ ကလေးတွေရဲ့ အနာဂတ်အတွက်  ပညာသင်ပေး မှဖြစ်မယ်။ ကျွန်မတို့နိုင်ငံဟာ ပညာတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရှိမှ တိုးတက်မယ်ဆိုတဲ့ အမြင်လေးရှိနေတယ်။ အဲဒါကိုကျွန်မက သဘောကျတယ်။ ကျန်းမာရေးကို ပညာရေးလောက် အလေးမထားဘူးလားဆိုတော့  ပညာရေးပြီးမှ ကျန်းမာရေး၊  မကျန်းမာ ရင်ဘယ်လောက်ပဲ ပညာတွေတတ်တတ် ပညာတွေကို သုံးနိုင်တဲ့  အချိန်တွေ ရှိချင်မှရှိမှာ။ ဒါ့ကြောင့် ဒါဟာတန်းတူညီတူ အရေးကြီးပါတယ်။ အခုနောက်ပိုင်းမှာတော့ ပညာရေးနဲ့ ကျန်းမာရေးကို တန်းတူညီတူ မြင်တာကို တွေ့လာရပါတယ်။ ကျောင်းတွေ တောင်းတယ်။ ဆေးရုံတွေတောင်းတယ်။ ဆရာ၊ ဆရာမတွေတောင်းတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ တောင်းဆိုတယ်။ အဲဒီလိုဖြစ်လာတဲ့ အခါကြတော့ ကျန်းမာရေးနဲ့ ပညာရေးကို တန်းတူ တန်ဖိုးထားလာတယ်ဆိုတာ ကျွန်မကတော့ သဘောကျတယ်။ တိုးတက်မှုတစ်ခုလို့ယူဆတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ အားလုံးဖွံ့ဖြိုးတိုးတက်မှ တိုးတက်နိုင်တယ်ဆိုတာကို အသိအမှတ်ပြုရာရောက်တယ်။ ဒါ ကျွန်မအတွက် အားရစရာပဲ။ ဒီဟာကို တစ်နိုင်ငံလုံးမှာ အားလုံးအတူတူ တောင်းဆိုနေပါတယ်။ ကျွန်မတို့ အနေနဲ့  တာဝန်အရ အစိုးရဆိုတာဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေးပါတယ်။

 

ကျွန်မတို့နိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံမဟုတ်သေးဘူးဆိုတာ အများသိပြီးသားလို့  ယူဆပါတယ်။ နိုင်ငံတစ် နိုင်ငံချမ်းသာခြင်းဆိုတာ ပြည်သူတွေရဲ့ စွမ်းအားပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်ပဲ နိုင်ငံတစ်နိုင်ငံဟာ အခြေအနေတွေ ဆိုးနေပါစေပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြတယ်ဆိုရင် တိုးတက်ဖို့ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ  အင်မတန် ကြိုးစားပြီးတော့ အလုပ်လုပ်တဲ့ နိုင်ငံတွေမှာ တဟုန်ထိုး တိုးတက်သွား တယ်ဆိုတာ အားလုံးလည်း တွေ့ကြမှာပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ တိုးတက်ရေး လမ်းစကတော့ ညီညွတ်မှုပါပဲ။ နိုင်ငံအတွင်းမှာ ညီညွတ်မှ နိုင်ငံဟာ အေးချမ်းနိုင်မှာ။ နိုင်ငံအေးချမ်းမှ တိုးတက်မှာ။ ဒီဟာကို သာမာန် လူသားများရဲ့အမြင်နဲ့ ကြည့်ရင် ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။ ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။

 

ပြည်ထောင်စုဆိုတာ အာလုံးထပ်တူထပ်မျှအားလုံးတူရမယ်ဆိုတဲ့ သဘောထား မဟုတ်ပါဘူး။ အားလုံးဟာ မတူပေမယ့်လည်း မတူခြင်းအားဖြင့်ကိုက အင်အားဖြစ်နိုင်ပါတယ်။ အားလုံးဟာအရည် အချင်းတွေတူညီနေတယ်ဆိုရင်  အားနည်းချက်တွေကလည်း အတူတူ ပဲဖြစ်နေမှာ။ အားလုံးဟာ အတူတူပဲဆိုရင် ဒီဟာတွေကို ဘယ်လိုလုပ်ကျော်လွှား နိုင်မှာလဲ။ အားနည်းချက်ခြင်းမတူဘူး၊ အားသာချက်ခြင်းမတူဘူးဆိုမှ တစ်ယောက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ အဲဒီစိတ်ဓါတ် တွေကို ငယ်ငယ်ကတည်းကနေ ကလေးတွေကို သင်ပေးစေချင်ပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်းသားများဟာ ကိုယ့်ရဲ့ သား၊ သမီး ကလေးတွေကို ငယ်ငယ်ကတည်းက ပြည်ထောင်စုစိတ်ဓာတ်ဖြစ်အောင် သင်ပေးစေချင်ပါတယ်။

 

ဒီလိုလုပ်မှ ကျွန်မတို့ရဲ့ မျိုးဆက်ဟာ တစ်ဆက်ပြီးတစ်ဆက် ကျွန်မတို့ရဲ့ မိဘဘိုးဘွားများရဲ့ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ကျွန်မတို့ လွတ်လပ်ရေးရတာဆိုရင် နှစ် ၇၀ ကျော်သွားပြီး လွတ်လပ်ရေးမရခင် တစ်နှစ်ကာလမှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါတွေကို ကျွန်မတို့ သိပြီးသားဖြစ်ပါတယ်။ ဒီလိုပင်လုံစာချုပ်မှာ ထိုးခဲ့တဲ့အချက်မှာ အဓိကနေရာမှာ ချင်းတိုင်းရင်းသားများ ပါခဲ့ပါတယ်။

 

လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသားအားလုံးက ပူးပေါင်းပြီးဆောင်ရွက်မှ မြန်မြန်ရနိုင်မယ်ဆိုတာကို ဒီလိုယုံကြည်ချက်နဲ့ ဒီပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ လွတ်လပ်ရေးရဖို့ဆိုတာထက် နိုင်ငံတစ်နိုင်ငံအတွက် ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စမရှိပါဘူး။ နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်မှ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်မှ  ကိုယ့်ကံကြမ္မာကိုယ် ကိုယ်ဖန်တီးနိုင်မှာပါ။ ဒါဟာ ကျွန်မတို့ လွတ်လပ်ရေးခေါင်းဆောင်ကြီးရဲ့ ကြွေးကြော်သံပဲဖြစ်ပါတယ်။ ကိုယ့်ကံကြမ္မာကိုယ် ကိုယ်ဖန်တီးရမယ် ကိုယ့်ကံကြမ္မာဟာ သူများလက်ထဲမှာ မရှိရဘူး။

 

ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတို့ ညီညွတ်ရေးကို အခုထက်ထိ မတည်ဆောက်နိုင်သေးဘူး။ အပြည့်အဝမတည်ဆောက်နိုင်သေးဘူး အတိုင်းအတာတစ်ခုထိ တည်ဆောက်လို့ရတယ် အပြည့်အဝတည်ဆောက်လို့မရသေးဘူး အဲ့ဒီတော့ ဒီလိုညီညွတ်ရေးကို ကျွန်မတို့တည်ဆောက်လို့မရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာကို ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းကို စဉ်းစားစေချင်ပါတယ်။ အခု ကျွန်မတို့နိုင်ငံမှာဆိုရင် ကိုးကွယ်တဲ့ ဘာအမျိုးမျိုး ပြောတဲ့ဘာသာစကား အမျိုးမျိုး ဒီတိုင်းရင်းသားလူမျိုး အမျိုးမျိုး၊ ဒီအမျိုးမျိုးတွေဟာ ဘာဖြစ်လို့ အေးအေးဆေးဆေး ညီညီညွတ်ညွတ်နဲ့ မနေနိုင်ရမှာလဲ အခု ကိုးကွယ်တဲ့ဘာသာမှာဆိုရင် ခရစ်ယာန်ဘာသာဟာဆိုတာ မြန်မာနိုင်ငံကနေ ပေါက်ဖွားလာတာ မဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုရင်လည်း မြန်မာန်ိုင်ငံကနေ ပေါက်ဖွားလာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်မတို့ ကိုးကွယ်တဲ့ဘာသာအရ စိတ်ဝမ်းကွဲစရာ ဘာမှမရှိဘူး၊ ကိုယ့်ယုံကြည်ချက်အရ ကိုယ်ကိုးကွယ်တာပဲ ဒီလိုကိုးကွယ်တဲ့ ဘာသာတရားဆိုတာကလည်း ကိုယ့်ရဲ့နောင်ဘ၀တွေအတွက် အဓိကရည်ရွယ်တာပဲ ကျွန်မတို့ နိုင်ငံအတွက်တော့ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ညီညွတ်ရေးကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။

 

ကျွန်မတို့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးရအောင်လို့၊ ညီညီညွတ်ညွတ်နဲ့ ဖွံ့ဖြိုးမှုရအောင်လို့ ဝိုင်းပြီးတော့ အားလုံးကပါဝင်စေချင်ပါတယ်။ ဒီလိုပါဝင်မှုအတွက် ကျွန်မတို့ဟာ တိုက်တွန်းနိုင်သမျှ အခွင့်ရေးရှိတိုင်း တိုက်တွန်းမှာပါ၊ ဒီလိုပြည်သူလူထုနဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာကလည်း အဓိက ဦးတည်ချက်ကတော့ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါ နိုင်ငံတစ်နိုင်ငံမှာ ညီညွတ်မှ ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်၊ ဖွံ့ဖြိုးမှ ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မယ်။ အဲ့ဒီတော့ ဒီသုံးခုဟာ ဘယ်လိုမှ ခွဲခြားထားလို့ မရပါဘူး။

 

ကျွန်မတို့က ပြည်သူတွေကို တွေ့ဆုံတယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကို ကျွန်မတို့ နားထောင်ချင်လို့၊ ဒါတွေကို ကျွန်မတို့ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားအောင်လို့ ကျွန်မတို့ ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒီအဖြေတွေကို ကျွန်မတို့ တစ်ချိန်လုံးပဲ ရှာရပါတယ်။ အဖြေတွေဟာ အမြဲပြီးသွားတယ်လို့ မရှိပါဘူး အမြဲရှာနေရပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်မတို့ အဖြေသစ်တွေကို ရှာနေရတယ် ဒါတွေဟ နေ့စဉ်လုပ်နေရတဲ့ အလုပ်ပါ။

 

ဒါဟာအစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့တာဝန်လဲဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံကြည့်တဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် ပြည်သူတိုင်း ပြည်သူတိုင်းမှာလည်း ကိုယ့်ရဲ့တာဝန်ကိုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မထပ်တလဲလဲ ပြောပါတယ်။  ဒီမိုကရေစီရရင် ဘာအခွင့်အရေးရမလဲဆိုပြီး တစ်ချို့က လက်ချိုးပြီးတော့ ရေကြတယ်။ ဘယ်တာဝန်တွေရှိမလည်း ဆိုတာကိုတော့ မစဉ်းစားကြဘူး နှစ်ခုလုံးကို စဉ်းစားမှကျွန်မတို့ တိုးတက်နိုင်မှာပါ။

 

ကျွန်မအနေနဲ့တော့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စုသွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်း ရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာ ဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ် ဖြစ်ပြီဆိုရင် ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ စိုးစဉ်းမှ စိုးရိမ်စရာမရှိပါဘူး။ တာဝန်ကျေတဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့နိုင်ငံ တစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဟု ပြောကြားသည်။

 

ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် ထန်တလန်မြို့ လိုင်လင်းကျေးရွာမှ ဦးထိုင်ခါက ထန်တလန်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံးဖြစ်သော မာရာတောင်ကြောရှိ အင်မွှန်ပီး-လိုင်လင်း-လာအိုလမ်း (၂၇) မိုင် လမ်းသစ် ဖောက်လုပ်ပေးရေး၊ ထန်တလန်မြို့နယ် လိုင်လင်းကျေးရွာမှ ဦးထန်ချင်းက နှာဟရိန်မြို့မှ မာရာတောင်ကြောသို့ ဆက်သွယ်သွားသော နှာဟရိန်-အင်မွှန်ပီး လမ်းကြားရှိ ထန်ဟောရ် ချောင်းကူးကွန်ကရစ်တံတား ပေ (၁၇၀)နှင့် လားစော်ချောင်း ကူးတံတား ပေ(၇၀)တည် ဆောက်ပေးရေး၊ ထန်တလန်မြို့နယ် ငါဖိုင်ပီးကျေးရွာမှ ဦးဝင်တင်က အနောက်ဇိုဖေ တောင်ကြောရှိ လောင်တလန်ကျေးရွာမှ မာရာတောင်ကြောရှိ လုံကျွဲသဲကျေးရွာသို့ ဆက်သွယ်သော ကိုယ်ထူကိုယ်ထ လမ်း(၈)မိုင်မှ အတက် အဆင်းကြမ်းသည့် (၆)မိုင်အား လမ်းအူကြောင်း အသစ်ဖောက်လုပ်ပေးရေး၊ ထန်တလန်မြို့နယ် ငါဖိုင်သဲကျေးရွာမှ ဦးဗန်ထောင်းက မာရာတောင်ကြောနှင့် အနောက်ဇိုဖေ တောင်ကြောရှိ ကျေးရွာများဖြစ်သော လောင်တလန် ကျေးရွာ၊ ငါလန်ကျေးရွာ၊ လုံကျွဲသဲ ကျေးရွာ၊ ငါဖိုပီးကျေးရွာနှင့် ဖါရ်တလန်ကျေးရွာတို့သည် ဆက်သွယ်ရေးမရရှိသေး ပါသဖြင့်(MPT/Telenor) တာဝါတိုင်များစိုက်ထူပေးရေး၊ ထန်တလန်မြို့နယ် ဆာကျက်ကျေးရွာမှ ဦးမန်လိန်းက အနောက်ဇိုဖေတောင်ကြောရှိ တလွန်ရမ်(က)၊ ဆန်ပီးချုံး၊ ဆာကျက်၊ ဝေါင်းသူကျေးရွာနှင့် ဘဲလ်ဟာရ်ကျေရွာတို့သည် တယ်လီဖုန်း ဆက်သွယ်၍ မရှိရှိသေးပါသဖြင့် (MPT/Telenor)တာဝါတိုင်များ စိုက်ထူပေးရေး တို့ကိုမေးမြန်း တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကွင်းဆင်စစ်ဆေးပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ ခန်းမအတွင်းနှင့် အခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၄ ဦးအနက် မဲပေါက်သူ ၅ ဦးဖြစ်သည့် လိုင်လင်းကျေးရွာအုပ်စုမှ ဦးထိုင်ခါက လိုင်လင်းကျေးရွာနှင့် မတူပီမြို့နယ် ရွာမန်ကျေးရွာအကြား ဘွေနူးမြစ်ကူးတံတားဆောက် လုပ်ပေးရေး၊ ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်မှ ဦးဗန်ရုန်းက ထန်တလန်မြို့ပေါ်ရှိ အထောက်အထားမဲ့ ကျူးကျော်အိမ် ရှင်းလင်းဖယ်ရှားပေးရေး၊ ငါဖိုင်သဲကျေးရွာအုပ်စုမှ ဦးဗန်ထောင်းက ငါဖိုင်သဲကျေးရွာတွင် အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ တစ်ရုံတည်ဆောက်ပေးရေး၊ အင်မွန်ပီကျေးရွာမှ ဦးဗန်ဇလျန်က ငဖိုင်သဲကျေးရွာအုပ်စု အင်မွန်ပီး ကျေးရွာတွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ် ရေးစက်ရုံ တစ်ရုံတည်ဆောက်ပေးရေးနှင့် ငါဖိုင်ပီးကျေးရွာအုပ်စုမှ ဦးဝင်းတင်က ဖါးဖဲမြေရိုင်း ဧက (၃၅၀) အား စက်မှုလယ်ယာ အဖြစ်ဖော်ထုတ်၍ ရေသွယ်ပေးပြီး လမ်းပိုင်း (၃) မိုင်ဖောက်လုပ် ပေးရေးမေးခွန်းများကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေနှင့်  ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ds17

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီလူထုတွေ့ဆုံပွဲကို အားရပါတယ်။ အားရတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့  အားလုံးမေးတဲ့မေးခွန်းတွေက ရှင်းရှင်းလင်းလင်းလည်းမေးတယ်။ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း မေးသွားပါတယ်။ ထန်တလန် ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ မေးသွားတဲ့ ပုဂ္ဂိုလ်များဟာ  မှန်မှန်ကန်ကန်တဲ့ သိက္ခာရှိရှိနဲ့မေး သွားလို့ အင်မတန်မှ ကျေးဇူးတင်တယ်။  ဂုဏ်ယူတယ်။ ဒါဟာ ထန်တလန်ရဲ့ ဂုဏ်သိက္ခာ လည်းဖြစ်တယ်။ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ။  အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  ပြည်ထောင်စုခရီးကို ဆက်ပြီးတော့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲသို့ တက်ရောက်သည်။

 

ds18

 

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့်လှစ်ပေးသည်။

 

ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ် ချင်းဆုန်က ချင်းရ်ိုးရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်၀၊ တီးတိန်၊ မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါး ယဉ်ကျေးမှုအဖွဲ့များက ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

 

ds19

 

 

ds20