နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

articles_advs

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၂  ရက်)

 

ဒီနေ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေပါ ပြည်ထောင်စုအခမ်း အနားကို တက်ရောက်လာကြတဲ့အတွက်လည်း ဝမ်းသာရကြောင်း ပြောကြားလိုပါတယ်။

 

dfdfs

 

ပြည်ထောင်စုနေ့ဟာ ပြည်ထောင်စုသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထုတ်ဖော်ပြသခဲ့တဲ့နေ့အဖြစ် ကျွန်မတို့ တန်ဖိုးထားရပါတယ်။ ပင်လုံညီလာခံ ဘယ်လိုဖြစ်ပေါ်လာရတယ်၊ အခက်အခဲ အတားအဆီးတွေ ဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတာလဲ အကျဉ်းလောက် ပြောပြချင်ပါတယ်။

 

မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်ကို ကျရောက်ခဲ့ချိန်မှာ တောင်တန်းဒေသတွေကို မြေပြန့်ဒေသတွေနဲ့ ခွဲခြားပြီး အုပ်ချုပ်ခဲ့သလို မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတော့မယ့် အချိန်မှာလည်း တောင်တန်းဒေသတွေကို ချန်လှပ်ထားဖို့ ကြိုးစားမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်အခါက ယာယီအစိုးရကို ဦးဆောင်တဲ့ ဖဆပလအဖွဲ့ဟာ တောင်တန်း၊ ပြည်မ အတူတကွ လွတ်လပ်ရေး ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂလန်ကို သွားရောက်ပြီး တောင်တန်းဒေသများ အပါအဝင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို လွတ်လပ် ရေးအတွက် ဆွေးနွေးနေစဉ်အတွင်း ရှမ်းပြည်နယ် စော်ဘွားကောင်စီအဖွဲ့ဝင်အချို့က ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်ရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း ကြေးနန်းစာ တစ်စောင်ကို ဗြိတိသျှအစိုးရထံကို ပေးပို့ခဲ့ပါတယ်။ ဒီကြေးနန်းစာကြောင့် ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်းလိုက်ရတဲ့အချိန်မှာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့က လူငယ်တွေက တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် လူထုအစည်းအဝေးကြီး ခေါ်ယူကျင်းပပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်လူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်ဖြစ် ကြောင်း ဆုံးဖြတ်ချက်ချပြီး လန်ဒန်မှာရှိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ်တို့ ထံ ကို ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်ဆွေးနွေးပွဲတွေ ပြန်လည်စတင် နိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့ အောင်ဆန်း - အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

 

အောင်ဆန်း - အက်တလီ စာချုပ်မှာ တောင်တန်းဒေသများက မြန်မာပြည်မနဲ့ ပူးပေါင်းလိုခြင်းရှိ/မရှိ တောင်တန်းဒေသများရဲ့ သဘောထားရယူရမယ်လို့ ဖော်ပြထားချက် အရ ကွန်ဖရင့်တစ်ရပ် ကျင်းပဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ်၊ ပင်လုံမြို့လေးမှာ  တိုင်ပင်ဆွေးနွေးပြီးတော့ ဗမာပြည်မ (Burma Proper) ဖက်ဒရယ် ရှမ်းပြည်နယ် (The Federated Shan States) ကချင်တောင်တန်းဒေသ (The Kachin Hill Tracts) နဲ့ ချင်းတောင်တန်းဒေသ (The Chin Hill District) တို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံး တစ်ပြိုင်တည်း လွတ်လပ်ရေး အရယူဖို့အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ  ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါဒီနေ့ ပြည်ထောင်စုနေ့ဖြစ်ပါတယ်။

 

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ယခု (၇၃) နှစ် ပြည့်သွားပါပြီ။ပင်လုံဆိုတာ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အဓိကဝေါဟာရ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ပင်လုံ စာချုပ် ဖြစ်ပေါ်နိုင်ခြင်း နဲ့ပတ်သက်တဲ့ အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထု ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်မယူဆပါတယ်။ ဒါဟာ နိုင်ငံ့အတွက် အရေးပါတဲ့ ကိစ္စရပ်တွေ အောင်မြင်စွာ ပြီးမြောက်ဖို့အတွက် ပြည်သူလူထု မပါမဖြစ်ဆိုတဲ့ ဒီမိုကရေစီတန်ဖိုးကို အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပြောရမယ်ဆိုရင် စာချုပ်ထဲမှာပါတဲ့ ဝါကျကလေး တစ်ခုပါပဲ

 

အဲဒီ ဝါကျလေးကတော့ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာရရှိလိမ့်မည်လို့ ဖြစ်ပါတယ်။

 

တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်မှ တကယ်အရေးပါတဲ့ နိုင်ငံကိစ္စတွေကို မြန်ဆန်ကောင်းမွန်စွာ၊ အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို ညွှန်းနေပါတယ်။  အထက်ဖော်ပြပါ အချက် () ချက်ကို ပေါင်းကြည့်လိုက်မယ်ဆိုရင် ဒီမိုကရေစီပြည်ထောင်စုကြီး အောင်မြင်စွာ ထွန်းပေါက်လာဖို့ရာ ပြည်သူပါဝင်မှုနဲ့ တိုင်းရင်းသားများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ဒါဟာ ပင်လုံစိတ်ဓာတ်ပါ။ ခေတ်မဟောင်းသွားနိုင်တဲ့ အစဉ်အမြဲ ထိရောက်တန်ဖိုးထားရမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။

 

ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တာ အကြိမ် (၇၀) ကျော်သွားပါပြီ။ ဒါပေမယ့် အယူဝါဒ ကွဲပြားမှု တွေ၊ သံသယတွေကြောင့် လွတ်လပ်ရေးရပြီးတာနဲ့ တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေကြရတာလည်း နှစ်ပေါင်း ၇၀ ကျော်ပြီး အခုအချိန်ထိ သေနတ်သံတွေ မတိတ်ဆိတ်သေးပါဘူး။

 

သမိုင်းကိုပြန်ကြည့်တဲ့အခါ တစ်ဦးကိုတစ်ဦး အပြစ်တင်တဲ့၊ အပြစ်ရှာတဲ့အမြင်နဲ့ မကြည့်စေချင်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလို့ အဖြေမှန်မရနိုင်ပါဘူး။ သူတို့ဘက်က ဘာမှားလဲ ဆိုတာထက်၊ ကိုယ့်ဘက်ရော ဘာမှားလဲဆိုတဲ့ ငါတို့အားလုံး ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်သလဲဆိုတဲ့ ဝေဖန်ဆန်းစစ်တဲ့ အမြင်နဲ့ ကြည့်စေချင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အမြင်သစ်တွေနဲ့အတူ မဟောင်းနွမ်းနိုင်တဲ့ ပင်လုံစိတ်ဓါတ်နဲ့လည်း ကြည့်စေချင်ပါတယ်။ ကျွန်မတို့အနေနဲ့ နှစ်ပေါင်း(၇၀)ကျော် လက်နက် ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အတိတ်သမိုင်းက ဘာတွေသင်ခန်းစာရနိုင်မလဲ ဆိုတာကိုပဲ ကြည့်စေချင်ပါတယ်။ ကိုယ့်နိုင်ငံသမိုင်းနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေကလည်း အရေးကြီးတဲ့အတွက်၊ အတိတ်သမိုင်းကို လေ့လာသုံးသပ်တဲ့အခါမှာ အဲဒီတုန်းက ဆက်စပ်အခြေအနေနဲ့ အခုဆက်စပ်အခြေအနေတွေ မတူညီတာကိုလည်း ထည့်သွင်း စဉ်းစားကြဖို့လိုပါတယ်။ အနာဂတ်မှာ ကျွန်မတို့ နိုင်ငံကို ဘယ်လိုပုံစံမျိုးနဲ့ လက်ဆင့်ကမ်း အမွေပေးခဲ့မှာလဲဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။

 

နှစ်(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခကြောင့် ကျွန်မတို့နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအခြေအနေ ဘယ်လိုဖြစ်နေသလဲဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။  မြန်မာနိုင်ငံကို ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာနဲ့ အတူတကွ ရင်ပေါင်တန်း လျှောက်လှမ်းနိုင်ဖို့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို လျှောက်လှမ်းနိုင်တဲ့ အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

 

ခေတ်အဆက်ဆက် အစိုးရတွေဟာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားခဲ့ကြပေမယ့်  ငြိမ်းချမ်းရေး ရည်မှန်းချက်တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အမြင့်ဆုံးရရှိခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလိုမတည်ဆောက်နိုင်တာဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့လို့ ဖြစ်တယ်လို့ ကျွန်မတို့ အစိုးရက မြင်ပါတယ်။ ဒီကိစ္စကိုလည်း သမ္မတကြီးရဲ့ သဝဏ်လွှာ ထဲမှာ အကျယ်တဝင့် ပြောသွားပါတယ်။

 

ဒါကြောင့် ယခုအချိန်မှာ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ တိုင်းရင်းသားအပေါင်း ကျေနပ်လက်ခံနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအစည်းအဝေးတွေ ကျင်းပပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံလို့ နာမည်ပေးထားခြင်းဟာ ၂၀ ရာစုပင်လုံရဲ့ စုစည်းညီညွတ်တဲ့ စိတ်ဓာတ်နဲ့ အဲ့ဒီအချိန်က တစ်ကယ်လိုအပ်နေတဲ့ လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့ပါတယ်။ ဒါကို ကျွန်မတို့တွေ ပြန်ပြောင်းအမှတ်ရပြီး စည်းလုံးညီညွတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ၂၀ ရာစု ပင်လုံရဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ယူဆောင်ပြီးတော့ ၂၁ ရာစု ပင်လုံကို လက်ရှိကာလရဲ့ ဆက်စပ် အခြေအနေတွေနဲ့ ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းကြပြီး ကျွန်မတို့ နိုင်ငံအတွက် အသက်တမျှ အရေးတကြီး လိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူကြဖို့ပဲ ဖြစ်ပါတယ်။

 

ကျွန်မတို့ ဘိုးဘွားတွေ ထူထောင်ခဲ့တဲ့နိုင်ငံ၊ ကျွန်မတို့ဘိုးဘွားတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ ဥမကွဲသိုက်မပျက် လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပြည်ထောင်စုကြီးအရှည်သဖြင့် တည်တံ့ခိုင်မြဲစေဖို့ဆိုရင် အားလုံးသဘောတူလက်ခံနိုင်တဲ့၊ ၂၁ ရာစုဆက်စပ်အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ အရေးကြီးလှပါတယ်။ ကျွန်မတို့တွေအားလုံးမှာ မတူညီတဲ့အမြင်တွေ၊ ယုံကြည်ချက်တွေ ရှိနေကြပေမယ့်လည်း အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ အမျိုးသားတန်းတူရေးနဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံဖော်ကြမလဲဆိုတဲ့ နည်းနာပိုင်းဆိုင်ရာမှာ အမြင်မတူညီတာတွေ ရှိနေဆဲဖြစ်ပေမယ့်လည်း တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် ကျွန်မတို့တစ်တွေ အမြော်အမြင်ကြီးကြီး၊ ညီညီညွတ် ညွတ် ကြိုးစားသွားကြမယ်ဆိုရင် မအောင်မြင်နိုင်စရာအကြောင်း မရှိဘူးလို့ ယုံကြည်ပါတယ်။

 

၂၀ ရာစုပင်လုံ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အမြော်အမြင်ကြီးမားစွာနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြသလို ၂၁ ရာစုပင်လုံမှာလည်း ကျွန်မတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဟာ အမြော်အမြင်ရှိရှိ၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြမယ်ဆိုရင် ကျွန်မတို့အားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အောင်မြင်စွာတည်ဆောက်နိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

 

နိဂုံးမချုပ်ခင်မှာ အခုရောက်နေတဲ့ ပရိသတ်ရှေ့မှာ ကျွန်မတို့ ပင်လုံဖခင်ကြီးတွေ၊ ခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်ကြီးတွေဟာ ပူးပေါင်းပြီးတော့ ပြည်ထောင်စုထူထောင်ဖို့ သဘောတူထားလိုက်တဲ့အခါမှာ အမြော်အမြင်ဆိုတာ ပါတယ်။ ပညာပါတယ်။ သဘောထားကြီးမှု ပါတယ်။ နောက်ပြီးတော့ စွန့်စားရဲတဲ့ စိတ်ဓာတ် ပါပါတယ်။ ဒါတွေအားလုံး ကျွန်မတို့ လိုအပ်ပါတယ်။ စွန့်စားရဲတဲ့ စိတ်ဓာတ်နဲ့ သဘောထားကြီးမှုဆိုတာလည်း ဆက်စပ်နေပါတယ်။ ကိုယ်ဟာ သဘောထားကြီးလို့ရှိရင်၊ အမြင်ကျယ်လို့ရှိရင် မလုပ်ဘူးတဲ့ကိစ္စတွေကို လုပ်ရဲတဲ့သတ္တိရှိပါတယ်။ အမြင်ကျဉ်းတဲ့သူတွေက သမိုင်းနဲ့ အတိတ်ရဲ့ အကျဉ်းသားတွေအဖြစ် ဆက်ပြီးနေသွားကြပါတယ်။ အရင်တုန်းက အတိုင်းပဲ လိုအပ်ချက်တွေ၊ အရင်တုန်းကအတိုင်းပဲ တောင်းဆိုချက်တွေ ဒီလိုပုံစံအတိုင်း သွားနေကြပါတယ်။

 

ကျွန်မတို့ရဲ့ ပြည်ထောင်စုဖခင်ကြီးတွေဟာ သစ်ဆန်းတဲ့ အမြင်တွေနဲ့၊ သတ္တိရှိရှိနဲ့ ငါတို့ခေတ်မှာ ငါတို့လိုချင်တဲ့ နိုင်ငံမျိုးကို ငါတို့ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုကို ရအောင်လုပ်တာပါ။ ကျွန်မတို့လည်း ဒီတိုင်းပဲ ရအောင်လုပ်ဖို့ လိုပါတယ်။ ကျွန်မတို့ခေတ်မှာ ကျွန်မတို့ရဲ့ အမြင်တွေနဲ့ ကျွန်မတို့ရဲ့ ဒီကမ္ဘာကြီးနဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေအရ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို ဘယ်သူမှ မလုပ်ဖူးသော်လည်း အခုကျွန်မတို့ လုပ်မယ်ဆိုတဲ့ သတ္တိနဲ့ ပညာအမြော်အမြင်နဲ့ အားလုံးဝိုင်းပြီး ကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။