နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂) နှစ်မြောက်၊ ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

articles_advs

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

ကျွန်မအနေနဲ့ ယခုလို (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ကို လာရောက်နိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းတွေနဲ့အတူ ဒီနေရာမှာရှိနေရတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ပြည်ထောင်စုအတွက် ကျွန်မတို့ဘယ်လောက် အလေးထားတယ်၊ ဘယ်လောက် ကျွန်မတို့ရဲ့ပြည်ထောင်စုကို တိုးတက်စေချင်တယ်၊ ဘယ်လောက်ခိုင်မြဲစေချင်တယ်ဆိုတာကို ပြခွင့်ရတဲ့အတွက် အင်မတန်မှကျေးဇူးတင်ပါတယ်။ နှစ်ဦးပိုင်းမှာလည်းဖြစ်လို့ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံးကို နှစ်ဦးအတွက် ဒီနှစ်သစ်အတွက် ဆုမွန်ကောင်းတွေလည်း တောင်းပေးချင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာစွာနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြ ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပေးပါတယ်။ 

ကချင်ပြည်နယ်နေ့ကို ကျွန်မအထူးလာချင်တဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ တိုင်းရင်းသားမျိုးစုံ နေကြပါတယ်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ပြောတဲ့စကားပေါင်းစုံ ဒီလိုတိုင်းရင်းသားများစုဝေးပြီးတော့ နေနေတဲ့ နေရာဟာ ကျွန်မတို့အတွက် ပြည်ထောင်စုရဲ့ သင်္ကတေတစ်ခုဖြစ်တယ်လို့ပဲ ကျွန်မတို့ ယူဆပါတယ်။ စောစောကနေပြီးတော့ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာ ပါတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်နေ့ဟာ လွတ်လပ်ရေးနဲ့ သိပ်ပြီးတော့ မကွာတဲ့အခါမှာ ပထမဦးဆုံးစခဲ့တာပါ။ ပြောရမယ်ဆိုရင် လွတ်လပ်ရေးနဲ့အတူ ဖွားမြင်ခဲ့တဲ့နေ့တစ်ခု လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်မလို့ အဲဒီလိုလွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေး ရပြီးတော့ တစ်ပတ်လောက်အတွင်းမှာ ဆုံးဖြတ်ခဲ့တဲ့ ကချင်ပြည်နယ်နေ့မှာ ကျွန်မတို့က လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ကို ပြန်ပြီးတော့ သုံးသပ်စဉ်းစားဖို့ လိုပါတယ်။

ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့အခါမှာ ထပ်တလဲလဲပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးချင်တဲ့နိုင်ငံ တစ်နိုင်ငံဟာ မိမိရဲ့ ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိရမယ်။ ကံကြမ္မာကို ဖန်တီးရဲတဲ့ တာဝန်နဲ့ ဖန်တီးနိုင်တဲ့ အရည်အချင်းတွေလည်းရှိဖို့လိုပါတယ်။ ကျွန်မတို့ဟာ ဘာဖြစ်လို့ ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးချင်တယ်ဆိုတာ ပြန်ပြီးစဉ်းစားလိုက်တဲ့အခါကျရင် စိတ်လုံခြုံမှု ရချင်လို့ပါ။ သူများတွေလက်ထဲမှာ ကိုယ်ကသူများလက်ထဲကရေလို၊ သူများရဲ့ ဆုံးဖြတ်ချက် အရ ကိုယ့်ရဲ့ ကံကြမ္မာက ဖြစ်ရမယ်ဆိုလို့ ရှိရင် ဘယ်လိုမှ ကျွန်မတို့က စိတ်လုံခြုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ့ကြောင့်မလို့လည်း ကျွန်မတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးများဟာ ကိုယ့် ကံကြမ္မာကိုယ်ကို ဖန်တီးချင်တယ်၊ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် ကိုယ့်ရဲ့ နိုင်ငံသူ၊ နိုင်ငံသားရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် တာဝန်ယူချင်တယ် ဆိုတာကို ဖော်ပြသွားတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာလုံခြုံဖို့လည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ လွတ်လပ်ရေးကို ပြီးမြောက်ဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ လွတ်လပ်ရေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေး၊ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများ စိတ်လုံခြုံရေးအတွက်ဆိုရင် ငြိမ်းချမ်းရေးဟာလည်း မဖြစ်မနေ ရရှိရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ 

ဒါကြောင့် ကျွန်မတို့အားလုံးငြိမ်းချမ်းရေးရဖို့ အခု လွတ်လပ်ရေးရပြီးတဲ့အခါမှာ တာဝန်ရှိလာပါတယ်။ လွတ်လပ်ရေးဖခင်ကြီးများဟာ မိမိတို့ရဲ့ တာဝန်ကို မိမိတို့ရဲ့ မျိုးဆက် အချိန်အခါတုန်းကနေပြီးတော့ ကျေပွန်ခဲ့ပြီး ကျွန်မတို့ရဲ့ အခု ကျွန်မတို့ မျိုးဆက်တွေမှာ ကျွန်မတို့ တာဝန်ကျေရဲ့လားဆိုတာ ပြန်ပြီးတော့ စဉ်းစားရမှာပါ။ ဒီလို တာဝန်ကျေအောင် လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ ငြိမ်းချမ်းရေးရယူဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့အတူ ကျွန်မတို့ လွတ်လပ်ရေးနဲ့အတူ ဖွားမြင်ခဲ့ရုံတင်မကပါဘူး။ ကချင် ပြည်နယ်ဟာ ပင်လုံပြည်ထောင်စုရဲ့ အခြေခံဖြစ်တဲ့ ပင်လုံနဲ့လည်း အင်မတန်မှ ဆက်စပ် နေပါတယ်။ တချို့ကဆိုလို့ရှိရင် ပင်လုံအစ ကချင်ကလို့တောင်မှ ပြောကြပါတယ်။ ဒီမြေပေါ်မှာစပြီးတော့ ကျွန်မတို့ သဘောတူညီချက်တွေ ယူသွားပြီးတော့ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့တာပါ။ ပင်လုံနဲ့ပတ်သက်လို့ ပင်လုံမှာမသွားခင် ကချင်ပြည်နယ်မှာ ဖေဖေ ရိုက်ခဲ့တဲ့ပုံတွေမှာ ဖေဖေ့တစ်သက်တာမှာ အပျော်ရွှင်ဆုံးပုံတွေပဲလို့ ကျွန်မတို့ပြောလို့ ရပါတယ်။ တခြားဓါတ်ပုံတွေထဲမှာ ဒီလိုပြုံးရွှင်နေတာ မမြင်ရပါဘူး။ အင်မတန်မှ ပြုံးပြုံး ရွှင်ရွှင်နဲ့ စိတ်ရောကိုယ်ပါ အေးချမ်းနေတဲ့ပုံကို ဆောင်ပါတယ်။ အဲဒါဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာကျွန်မတို့လာတဲ့အခါမှာ ပြည်ထောင်စုကြီး ငါတို့ရဲ့ပြည်ထောင်စုကြီး ထူထောင်နိုင် တော့မယ်။ လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောက်ပနေတာလို့ ကျွန်မဒီလိုပဲ ယူဆပါတယ်။ ဒီတော့ ဒီကနေပြီးတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်ဖို့အတွက် မျှော်လင့်ချက်တွေဟာ စပြီးတော့ ထွန်းတောက်ခဲ့တယ်။ ဒီထွန်းတောက်တဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ခေတ်မှာ ဆက်ပြီးတော့ လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခု ကျွန်မတို့ဟာ ၂၀ ရာစုနှစ် ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ စတင်ခဲ့တဲ့ ပင်လုံကို ၂၁ ရာစုနှစ်ကနေပြီးတော့ အဆုံးသတ်ဖို့လိုပါတယ်။ အဆုံးသတ်တယ်ဆိုတာ တကယ့်ကို ထာဝရတည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့အားလုံး ကြိုးစားဖို့ဟာ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ 

ကျွန်မတို့ မျှော်လင့်ချက်တွေကို အောင်မြင်ဖို့ဆိုလို့ရှိရင် တစ်ဦးနဲ့တစ်ဦး နားလည်မှု ယူဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ယူဖို့ဆိုတာလည်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးပေါ်မှာလည်း ယုံကြည်မှု ရှိရပါလိမ့်မယ်။ ငြိမ်းချမ်းရေးဟာ လိုအပ်တယ်ဆိုတာကိုလည်း ယုံကြည်ရမယ်။ ဖြစ်နိုင်တယ်ဆိုတာလည်း ယုံကြည်ရမယ်။ ဖြစ်နိုင်အောင်လုပ်ဖို့ ကျွန်မတို့ရဲ့တာဝန်ဖြစ်ဆိုတာကိုလည်း လက်ခံရမယ်။ ဆန္ဒတစ်ခုရှိရုံနဲ့ အောင်မြင်မှုက မရသေးပါဘူး။ ဆန္ဒနောက်ကနေပြီးတော့ ကျွန်မတို့ကနေပြီးတော့ ဆန္ဒ၊ ဝီရိယ၊ ပညာ၊ စိတ်ဓာတ် ဒီဟာတွေက ပါလာဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်များ စခဲ့တဲ့ လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ ကျွန်မတို့ရဲ့ မျိုးဆက်မှာတင် ကျွန်မတို့ ပြီးစေချင်ပါတယ်။ နောင်မျိုးဆက်တွေအတွက် ကျွန်မတို့ ထပ်ပြီးတော့ မထားခဲ့ချင်ပါဘူး။ တာဝန်ဆိုတာဟာ အမျိုးမျိုးပါ။ ရှေ့ကသွားခဲ့တဲ့ ကိုယ့်ရဲ့ မိဘများ၊ ကိုယ့်ရဲ့ ဘိုးဘွားများပေါ်မှာရှိတဲ့ တာဝန်ဆိုတာ ထားပေးခဲ့တဲ့ ကောင်းတဲ့ အမွေတွေကို ကျွန်မတို့က ထိန်းသိမ်းဖို့ပါပဲ။ ဒီတာဝန်ပါပဲ၊ ကျွန်မတို့ဟာ နောင်လာမယ့် မျိုးဆက်တွေအပေါ်မှာလည်း တာဝန်ရှိပါတယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် မှန်ကန်ပြီးတော့ ကောင်းမွန်တဲ့ အမွေအနှစ်တွေ ထားပေးခဲ့ဖို့ကလည်း ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ 

ဒီတော့ အတိတ်နဲ့ ပတ်သတ်နေတဲ့ တာဝန်၊ အနာဂတ်နဲ့ ပတ်သက်နေတဲ့ တာဝန်တွေကို ကျွန်မတို့ အခု ပစ္စုပ္ပန်မှာ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ နောင်မျိုးဆက်တွေအတွက် တကယ်ထားပစ်ခဲ့ဖို့ လုပ်မယ်ဆိုလို့ရှိရင် အခု လောလောဆယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဘာအလုပ်ပဲ လုပ်လုပ်၊ အောင်မြင်ဖို့ အတွက် ထိရောက်ဖို့အတွက်ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးပါဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့လို ပြည်ထောင်စုမှာဆိုလို့ရှိရင် တိုင်းရင်းသားများ အားလုံး ပါဝင်ရမယ်။ ကျွန်မတို့ တကယ့်ကို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ငါတို့အားလုံးဟာ ပြည်ထောင်စုသားချင်းတွေဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ သွားဖို့လို့ပါတယ်။ ပထမဟာ ကျွန်မတို့ အားလုံးဟာ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေပါ။ နောက်တော့မှ ကျွန်မတို့အချင်းချင်း ကိုယ်ရဲ့လူမျိုးအရ ကိုယ်ပြောလို့ရပါတယ်။ ငါတို့အားလုံးဟာ ပြည်ထောင်စုသားချင်းတွေ၊ တချို့က ကချင်ဖြစ်တယ်၊ တချို့က ကရင်ဖြစ်တယ်၊ တချို့က ရှမ်း/ဗမာ စသဖြင့် ကျွန်မတို့ စဉ်းစားလို့ရပါတယ်။ တစ်ချို့ကဆိုရင် ဒီမြန်မာ နိုင်ငံဟာ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ ပုံစံက ကိုလိုနီခေတ်တုန်းက ချမှတ်ခဲ့တဲ့ ပုံစံလို့ ပြောကြပါတယ်။ ကျွန်မကတော့ ဒီလိုမမြင်ပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံဟာ သဘာဝက ချမှတ်ခဲ့တဲ့ နိုင်ငံပါ။ သဘာဝ ပထဝီအနေအထားအရ နိုင်ငံတစ်ခုနဲ့ တည်ထောင်ဖို့ရာ ဆက်ပြီးတော့ ရှင်သန်ဖို့ရာ အင်မတန်မှ သင့်တော်တဲ့ အနေအထားရှိပါတယ်။ ကျွန်မတို့ နိုင်ငံက သဘာဝက ဖန်တီးလာတဲ့ နိုင်ငံမို့လို့၊ သဘာဝက ဖန်တီးလာတဲ့ ပြည်ထောင်စု ပုံသဏ္ဍာန်မို့လို့၊ ဒီပုံစံ အောင်မြင်အောင်လို့ ဒီပုံသဏ္ဍာန်တည်မြဲအောင်လို့ ကျွန်မတို့ အများကြီးပဲ ကြိုးစားဖို့ လိုပါလိမ့်မယ်။ ကြိုးစားချင်တဲ့ စိတ်လည်း ရှိဖို့ လိုပါတယ်။ 

ကျွန်မတို့ အခု ကျွန်မ နားလည်သလောက်ကတော့ ဒီကချင်ပြည်နယ်နေ့ ကျင်းပဖို့ တောင်မှ အခက်အခဲလေးတွေ ရှိခဲ့တယ်၊ ဒီအခက်အခဲတွေကို၊ တစ်ယောက်နဲ့ တစ်ယောက် ညှိပြီးတော့ ကျော်လွှားရတယ်။ အခက်အခဲဆိုတာရှိမှာပဲ။ ပြဿနာတွေဆိုတာတော့ရှိမှာပဲ။ ပြဿနာတွေဟာ ကြောက်စရာမဟုတ်ဘူး။ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ဟာပဲ အရေးကြီး ပါတယ်ဆိုတာ ကျွန်မ ထပ်တလဲလဲပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူဘဝထဲမှာ နေသွားသရွေ့တော့ ပြဿနာတွေကို ရှောင်ရှားလို့မရပါဘူး။ ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကိုသာ ကျွန်မတို့ကနေပြီးတော့ မွေးထုတ်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတစ်ခုဖြစ်ဖို့ကို ညှိနှိုင်းရတယ်၊ တိုင်ပင်ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် အလျော့ အတင်းတွေ လုပ်ရတယ်၊ ဘာဖြစ်လို့ ဒီလိုအခက်အခဲတွေ ဖြစ်တာလဲဆိုတာ စဉ်းစားရတယ်၊ အခက်အခဲတွေဖြစ်ချင်းဆိုတာ မာန်မာနတွေကြောင့် ဖြစ်တာဖြစ်တယ်၊ နားလည်မှု လွဲမှားမှုတွေကြောင့် ဖြစ်တာဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်တာကြောင့် မို့လို့ ဖြစ်တာဖြစ်တယ်။ ဒီယုံကြည်မှုနဲ့ ပတ်သက်လို့ ငြိ်မ်းချမ်းရေးနဲ့ ဆက်စပ်ပြီး ခဏခဏ ပြောပါတယ်။ ယုံကြည်မှုတည်ဆောက်ရေး၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်မလည်း ထပ်တလဲလဲ ပြောပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ ပထမ အရေးကြီးပါတယ်။ ငါတို့တွေဟာ ငြိမ်းချမ်းရေးရယူနိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ပထမဦးဆုံး ယုံကြည်ဖို့လိုပါတယ်။ ကိုယ်ဟာ ငြိမ်းချမ်းရေးရယူနိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တကယ် အထူးလိုချင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုခိုင်မာမှသာလျှင် တခြားသူတွေကို ယုံကြည်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုမယုံကြည်နိုင်ဘဲ တခြားသူကို ယုံကြည်နိုင်တဲ့အခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ၊ တို့တစ်တွေဟာ ငြိမ်းချမ်းရေး ရယူနိုင်တဲ့ ပြည်ထောင်စုသားချင်းတွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပထမ မွေးစေ ချင်ပါတယ်။ 

ဒီလိုယုံကြည်ချက်နဲ့ဆက်ပြီး တခြားကျွန်မတို့နဲ့ မတူတဲ့၊ ကွဲပြားနေတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအပေါ်မှာ ယုံကြည်မှု ကျွန်မတို့ ဆောက်တည်ရမှာ ဖြစ်ပါတယ်။ မတူကွဲပြားခြင်းဟာ အင်အားဆိုပြီးတော့ ခဏခဏ ပြောကြပါတယ်၊ တချို့က ဒါကိုလည်း မွေးခွန်းထုတ်ပါတယ်။ ဒီတော့ မတူကွဲပြားခြင်းဟာ အင်အားဆိုတာကို ကျွန်မပြောတဲ့ နေရာမှာ ရိုးရိုးလေး ဥပမာပြောရမယ်ဆိုရင်တော့ ကျွန်မတို့ ဘယ်ဘက်လက်နဲ့ ညာဘက်လက် လိုပေါ့၊ ညာဘက်လက်နဲ့ ဘယ်ဘက်လက်နဲ့က မတူပါဘူး။ မတူတဲ့လက်ကို ကျွန်မတို့က ဘယ်ဘက်လက်နဲ့ ညာဘက်လက်ကို နှစ်ဘက်စလုံးကိုသုံးပြီးတော့ ခိုင်ခိုင်မာမာ ကိုင်ထား ချင်တဲ့အရာတွေကို ခိုင်ခိုင်မာမာ ကိုင်ထားနိုင်ပါတယ်။ နှစ်ဖက်စလုံးက အတူတူပဲဆိုရင် ဒီလောက် ခိုင်ခိုင်မာမာကိုင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ မတူကွဲပြားမှုကို မှန်မှန်ကန်ကန် သုံးဖို့ဆိုတာ အဓိကပါ၊ မတူကွဲပြားမှုဟာ ပြဿနာမဟုတ်ပါဘူး။ မတူကွဲပြားမှုကို မမှန်မကန် သုံးခြင်းသာလျှင် ပြဿနာဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်မတို့ဟာ မတူကွဲပြားမှုကို ကြောက်စရာမလိုပါဘူး။ မတူကွဲပြားမှုအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ နိုင်ငံတွေရဲ့ ပြဿနာတွေကို ကြီးထွားလာအောင်လို့ လုပ်စရာလည်း အကြောင်းမရှိပါဘူး။ အားလုံးက ဝိုင်းဝန်းပြီးတော့ မတူကွဲပြားမှုကို အင်အားဖြစ်အောင်လို့ လုပ်ကြပါလို့ ကျွန်မအနေနဲ့ ဒီလိုအချိန်အခါမျိုးမှာ မေတ္တာရပ်ခံချင်ပါတယ်။ 

ကျွန်မနားလည်သလောက်ကတော့ အဓိက က မနောပွဲကြီးတွေ၊ အရေးကြီးဆုံး မနောပွဲကြီးတွေဆိုတာဟာ  ၅  မျိုး ရှိတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒီ ၅ မျိုးနဲ့ ပတ်သက်လို့ ကျွန်မ အသံထွက်မှားခဲ့လို့ရှိရင်လည်း ခွင့်လွှတ်ပါ။ ပဒန်မနော၊ ဆွတ်မနော၊  ဂျူမနော၊ ကွမ်ရမ်မနော၊ ရှဒစ်ဖော့မနောရယ်လို့ ငါးမျိုးရှိတယ်လို့ ကျွန်မ နားလည်ပါတယ်။ ပထမဦးဆုံး ပဒန်မနောဆိုတာကတော့ စစ်အောင်နိုင်ရေးကို အောင်ပွဲခံတဲ့ မနောလို့ ကျွန်မ နားလည်ပါတယ်။ အဲတော့ ကျွန်မက ဒီလိုအစဉ်အလာအရ မနောပွဲကြီး ၅ ပွဲကို အခုခေတ်ရဲ့ လိုအပ်ချက်နဲ့ ရှုမြင်စေချင်ပါတယ်။ စစ်အောင်နိုင်ရေး၊ စစ်အောင်နိုင်ရေးထက် ကျွန်မတို့ဟာ ပြည်တွင်းစစ်အောင်နိုင်ရေးကို ကျွန်မတို့ ပွဲကြီးတစ်ခုနဲ့ ကျင်းပပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ၊ စစ်ပွဲတစ်ခု အောင်နိုင်ရေးမဟုတ်ဘူး၊ ဒီပြည်တွင်းစစ် အောင်နိုင်ရေး၊ နောင်ပြည်တွင်းစစ်တွေ မဖြစ်အောင်လို့ အဲဒီလို အောင်နိုင်ရေး မနောပွဲကြီး တစ်ခု ကျင်းပနိုင်တဲ့အခြေအနေကို ရောက်အောင်လို့ အားလုံး ကြိုးစားစေချင်ပါတယ်။ ဒီလို စစ်ပွဲတွေဖြစ်ခြင်းကို အောင်နိုင်ပြီဆိုမှ ကျွန်မတို့နိုင်ငံဟာလည်း တကယ်တိုးတက်နိုင်မှာ၊ ကျွန်မတို့ ပြည်သူတွေကလည်း ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်။ ဆွတ်မနောကတော့ ကျွန်မ နားလည်သလောက်ကတော့ မိတ်ဆွေသင်္ဂဟ အသစ်တွေဖွဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီတော့ ကျွန်မတို့ဟာ မိတ်ဆွေသင်္ဂဟအသစ်တွေ ဖွဲ့တာထက် အရေးကြီးတာဟာ ကိုယ်ဟာ ရန်ဘက်ကဲ့သို့ ရှုမြင်ခဲ့တဲ့ ကိုယ့်ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကို တကယ့် မိတ်ဆွေတွေဆိုပြီးတော့ ကြိုဆိုလက်ခံနိုင်တဲ့ အခြေအနေကို ရောက်ပြီးတော့ အဲဒီ အခြေအနေကို အောင်ပွဲခံနိုင်တဲ့ မနောမျိုး ကျွန်မတို့ မလုပ်နိုင်ဘူးလား၊ မိတ်ဆွေသစ် မဟုတ်ဘူး၊ အရင်တုန်းကတည်းက ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေ၊ ရန်ဘက်လို ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို ပြန်ပြီးတော့ မိတ်ဆွေအနေနဲ့ လက်တွဲနိုင်တဲ့ အခြေအနေကို ရောက်အောင်လို့ ကျွန်မတို့ ကြိုးစားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဂျူမနောကတော့ ကျွန်မနားလည်သလောက်ကတော့ ကျွန်မတို့ရဲ့ လူကြီးများ၊ အဖိုးအဖွားများ  မနာမကျန်း ဖြစ်တဲ့အခါ၊ ဒါမှမဟုတ် ကွယ်လွန်တဲ့အခါမှာဆိုရင် ကျင်းပတဲ့ မနောပွဲပေါ့၊ ကျွန်မနားလည် သလောက်ကတော့ ဒီဟာဟာ ကျွန်မတို့ရဲ့ ဘိုးဘွားများ၊ လူကြီးများရဲ့ စိတ်သက်သာရာ ရဖို့အတွက်၊  မကျန်းမမာတဲ့အခါ စိတ်သက်သာရာ ရဖို့အတွက် ကွယ်လွန် အနိစ္စရောက်သွားတဲ့အခါကျလို့ရှိရင်   ဘဝကူးကောင်းဖို့အတွက် နောက်ဆုံးတော့ စိတ်သက်သာရာရောက်ဖို့အတွက် ကျွန်မတို့ ဘိုးဘွား၊ မိဘများအတွက် လုပ်တဲ့ မနောပွဲလို့ပဲ ကျွန်မမှတ်ယူပါတယ်။ ကျွန်မတို့ရဲ့ ဘိုးဘွားမိဘများ၊ ကျွန်မတို့ရဲ့ လူကြီးများ တကယ်စိတ်သက်သာစေချင်တယ်၊ တကယ်ပဲ ဘဝကူးကောင်းစေချင်တယ် ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရှိတယ်၊ ငြိမ်းချမ်းရေးရသွားပြီ၊ ကျွန်မတို့နိုင်ငံဟာ တကယ်ကိုတိုးတက်ခိုင်မာပြီးတော့ ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုကြီး ဖြစ်သွားပြီဆိုတဲ့ အသိနဲ့သာ ကျွန်မတို့ရဲ့ လူကြီးများ၊ ဘိုးဘွားများ၊ မိဘများက ဘဝကူးနိုင်မယ်ဆိုလို့ရှိရင် မကောင်းဘူးလား၊ ဒီဟာက ကျွန်မတို့ အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်တစ်ခုပဲလို့ ကျွန်မမြင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ နောင်လာနောက်သားတွေအတွက် လုံလုံခြုံခြုံနဲ့ ငါတို့ စိတ်ချလက်ချနဲ့ နေနိုင်ပြီဆိုတဲ့အသိကို ကျွန်မတို့ရဲ့လူကြီးတွေကို ပေးနိုင်မယ့် မနောမျိုးကို ကျင်းပနိုင်ချင် ပါတယ်။ နောက် ကွမ်ရန်မနော၊ အဲဒါကတော့ နယ်သစ်ထူထောင်ခြင်းအတွက်လို့ ကျွန်မတို့ နားလည်ပါတယ်၊ အဲဒီတော့ နယ်သစ်ဆိုတာဟာ ပြည်ထောင်စုသစ်ကြီးကို ထူထောင်ကြစို့၊ တကယ်ကို ခိုင်မာပြီးတော့၊ အေးချမ်းပြီးတော့ ဖွံ့ဖြိုးမယ့် ပြည်ထောင်စုနယ်သစ်ကြီးကို ကျွန်မတို့ မထူထောင်နိုင်ဘူးလား၊ အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီလို ပြည်ထောင်စုကြီးကို ထူထောင်လို့ရပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်လည်း ကျွန်မတို့ဟာ အောင်ပွဲခံနိုင်ပါတယ်။ တကယ့် ပြည်ထောင်စုနယ်သစ်ကြီးကို ခိုင်ခိုင်မာမာ ချမှတ်ပြီးတော့ ထူထောင်နိုင်ပြီဆိုတဲ့ အောင်ပွဲကို ခံလို့ရပါတယ်။ နောက်ဆုံးအရေးကြီးတဲ့ မနောပွဲကြီး (၅)ခုထဲမှာဆိုရင် ရှဒစ်ဖော့ကတော့ နယ်မြေသစ်မှာ ရန်အပေါင်းကင်းဝေးအောင်လို့ လုပ်တာလို့ ကျွန်မနားလည်ပါတယ်။ ဒါကတော့ လွယ်လွယ်လေးပါ၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုသစ်ကြီးမှာ ရန်အပေါင်း ကင်းဝေးအောင်လို့၊ မကောင်းဆိုးဝါးတွေ ကင်းဝေးအောင်လို့၊ ပပျောက်အောင် လို့၊ ကျွန်မတို့ အခုကတည်းကနေ စပြီးတော့ လုပ်နိုင်မယ်ဆိုလို့ရှိရင် ရိုးရာအစဉ်အလာအရ ကျင်းပခဲ့တဲ့ မနောပွဲကြီးများဟာ အခုခေတ်ရဲ့ လိုအပ်ချက်၊ ကျွန်မတို့ရဲ့ခေတ်၊ ကျွန်မတို့ နောင်လာနောက်သားများရဲ့ခေတ်မှာ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်မျှော်လင့်ပါတယ်။ 

ကျွန်မတို့ရဲ့ နိုင်ငံဟာ၊ ကျွန်မတို့ လူသားများရဲ့ သမိုင်းဟာ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် အမြဲပဲ ဆက်စပ်နေပါတယ်။ ကျွန်မတို့ဟာ အတိတ်ရဲ့အကျဉ်းသားတွေ မဖြစ်သင့်ပါဘူး။ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ ကောင်းတာတွေကို ဆက်ပြီးတော့ ထိန်းသိမ်းရမယ်၊ ဆိုးတဲ့အရာတွေကနေပြီးတော့ လွတ်မြောက်အောင်လို့ ရုန်းထွက်နိုင်ရမယ်၊ ပစ္စုပ္ပန်ဆိုတာ ကျွန်မတို့လက်ထဲမှာ ရှိတာ၊ ဒါတစ်ခုပဲရှိပါတယ်၊ အတိတ်ကလည်း ကျွန်မတို့ လက်ထဲမှာမရှိပါဘူး။ အနာဂတ်ဆိုတာလဲ မရှိသေးပါဘူး။ အခုပစ္စုပ္ပန်မှာ ကျွန်မတို့ လက်ထဲမှာရှိတဲ့အခွင့်အရေးတွေကို ကောင်းသော အနာဂတ်ထူထောင်ဖို့အတွက် ဝိုင်းဝန်း ပြီးတော့ ကြိုးစားပေးစေချင်ပါတယ်။ 

ဒီလိုကချင်ပြည်နယ်နေ့လို နေ့မှာဆိုလို့ရှိရင်  အရင်တုန်းက သမိုင်းဖြစ်စဉ်တွေကိုလည်း ကျွန်မတို့ပြန်ပြီး စဉ်းစားပါတယ်။ ကချင်ပြည်နယ်နေ့ဟာ ဘယ်လိုပေါ်ပေါက်လာသလဲ၊ ဒီကချင်ပြည်နယ်နေ့ဟာ အခုအချိန်အခါမှာ ဘယ်လိုအနေအထား ရှိသလဲ၊ ကချင်ပြည်နယ် နေ့ကို အကြောင်းပြုပြီးတော့ ကျွန်မတို့အနာဂတ်အတွက် ပိုမိုပြီးတော့ မျှော်လင့်ချက်တွေ ရောင်ခြည်တွေ သန်းလာအောင်လို့ ပိုပြီးတော့ ကျွန်မတို့အတွက် ခိုင်မာတဲ့ အခြေခံ ပြည်ထောင်စုကြီးတစ်ခု ထူထောင်နိုင်အောင်လို့ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို စဉ်းစား စေချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ သေချာတာကတော့ အခုအချိန်ပဲ သေချာပါတယ်၊ အခု အချိန်ထိ သေချာတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင်လို့ လုပ်ပေးပါလို့ ကျွန်မက မေတ္တာ ရပ်ခံချင်ပါတယ်။ 

ဒီလိုသာ ကျွန်မတို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ကချင်ပြည်နယ်နေ့သာမက နေ့တိုင်း နေ့တိုင်းဟာ ကျွန်မတို့အတွက် အောင်ပွဲခံနိုင်တဲ့နေ့ တစ်ခုဖြစ်မှာပါ။ အောင်ပွဲဆိုတာဟာ ပွဲလမ်းကြီး ကျင်းပပြီးမှ ခံနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ နိစ္စဓူဝ အောင်ပွဲခံနိုင်ပါတယ်၊ နိစ္စဓူဝ မှန်မှန်ကန်ကန်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်တဲ့နေ့တိုင်းဟာ အောင်ပွဲခံနိုင်တဲ့ နေ့ပါ။ ကျွန်မတို့ရဲ့ တာဝန်တွေကျေပွန်နိုင်ဖို့အတွက် ခြေတစ်လှမ်းလှမ်းနိုင်တဲ့ နေ့တိုင်းဟာ ကျွန်မတို့အတွက် အောင်ပွဲခံနိုင်တဲ့နေ့ပါ။ ကျွန်မတို့ နောင်လာနောက်သားတွေအတွက် ကောင်းတဲ့ အစဉ်အလာတွေ၊ ကောင်းတဲ့ ကိစ္စတွေအတွက် ကျွန်မတို့ ခြေတစ်လှမ်း လှမ်းနိုင်တဲ့နေ့ဆိုတာ ကျွန်မတို့အတွက် အောင်ပွဲခံနိုင်တဲ့နေ့ပါ။ ဒါကြောင့်မလို့ တစ်နေ့တောင် မဟုတ်ဘူး၊ တစ်စက္ကန့်ချင်း၊ တစ်မိနစ်ချင်း၊ တစ်နာရီအတွင်းတောင်မှ ကျွန်မတို့ဟာ အောင်ပွဲခံနိုင်ပါတယ်၊ ဒီတော့ တကယ်ပဲ ကိုယ့်ရဲ့ပြည်နယ်ကို မြတ်နိုးတယ်၊ ကျွန်မတို့ ကိုယ်ရဲ့ပြည်နယ်ကို တန်ဖိုးထားတယ်၊ ကျွန်မတို့ရဲ့နိုင်ငံကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ် ဆိုရင် ကျွန်မတို့ရဲ့ပြည်ထောင်စုကိုမြတ်နိုးတယ်၊ တန်ဖိုးထားဆိုလို့ချင်ရင် ကျွန်မတို့ နေ့တိုင်း နေ့တိုင်းဟာ ကျွန်မတို့ပြည်ထောင်စုအတွက် အောင်ပွဲခံနိုင်တဲ့နေ့ဖြစ်ဖို့အတွက် တစ်ဦးချင်း တစ်ဦးချင်းကနေပြီးတော့ ကြိုးစားပေးစေချင်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ တာဝန်ယူကျေပွန်အောင်လို့ ထမ်းဆောင် ပါတယ်၊ ကျွန်မတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကျေနပ်သလားလို့ ဆိုတာကတော့ မကျေနပ်ပါဘူး။ ဘယ်တော့မှ မကျေနပ်နိုင်ဘူး။ နိုင်ငံ့အတွက်လုပ်စရာတွေက အများကြီးပဲ၊ ကျေနပ်ပြီ၊ ပြီးပြီ၊ လုံလောက်ပြီဆိုတာ ဘယ်တော့မှမရှိပါဘူး။ ကျေနပ်ပြီဆိုတဲ့အဓိပ္ပာယ်က ကိုယ်စိတ်အေးချမ်းဖို့အတွက်တော့ ကောင်းပါတယ်၊ ဒါပေမယ့် ဝီရိယနည်းသွားမယ်ဆိုရင် မကောင်းပါဘူး၊ ဒါကြောင့်မလို့ ကျွန်မတို့က တစ်နေ့ပြီးဆိုချင်ရင် နောက်တစ်နေ့အတွက် ကြိုးစားပါ။ ဒီနေ့အတွက်တော့ ကျေနပ်နိုင်မယ်၊ နောက်တစ်နေ့အတွက် ကျေနပ်မှုရဖို့ ဆက်ကြိုးစားရပါအုံးမယ်။ ဒီအတိုင်းပါပဲ။

ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုလို့ရှိရင်လည်း အားလုံးကို ပါဝင်စေချင်တယ်၊ ကျွန်မတို့ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အစုအဖွဲ့များ အင်အားစုများ အားလုံးဟာလက်တွဲညီညီနဲ့ ရှေ့ကိုသွားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။  လက်တွဲတယ် ဆိုတာဟာ ရိုးရိုးသားသားလေးစဉ်းစားလိုက်ရင် လက်တွဲတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်လက်တွဲတယ်ဆိုတာ တစ်နည်းအားဖြင့် ကတိကဝတ်ပါ။ လက်တွဲလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ဟာ ဒို့အတူတူ ဆက်ပြီးသွားမယ်၊ အတူတူရင်ဆိုင်မယ်၊ အတူတူအကောင်းအဆိုးကို ဘာပဲဖြစ်ဖြစ် မျှဝေမယ်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ လက်တွဲတယ် ဆိုတာ ပြောရတာသာ လွယ်ပါတယ်။ တကယ်တော့ ဒီလက်တွဲတဲ့ ကတိအတိုင်း နေသွားဖို့ ဆိုတာကတော့ အစဉ်အမြဲဆက်ပြီးတော့ ကြိုးစားသွားရမှာပဲ၊ (၇၂) နှစ်ကြာ ကာလတုန်းက ကျွန်မတို့ရဲ့ တိုင်းရင်းသားများဟာ ဒို့အတူလက်တွဲပြီးတော့ ရှေ့ဆက်သွားမယ်ဆိုတဲ့ ကတိကဝတ် တစ်ယောက်နဲ့တစ်ယောက်ကို ပေးလိုက်တဲ့ သဘောပါပဲ၊  အဲဒါ လွတ်လပ်ရေး ပါပဲ။ ဒီကတိကဝတ်ပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုကို ထူထောင်နိုင်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ ကျွန်မတို့က ဂုဏ်ယူဝံ့ကြွားစွာ ထူထောင်နိုင်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ တကယ့်ပြည်ထောင်စုကြီး ဖြစ်ပြီလားဆိုတာ ကျွန်မတို့ဟာအားလုံး တစ်ဦးချင်းတစ်ဦးချင်း စဉ်းစားဖို့လိုပါတယ်။ အဲဒီတော့ ကချင်ပြည်နယ်နေ့မှာ ပင်လုံအစ ကချင်ကဆိုတဲ့ စိတ်ဓာတ်၊ လွတ်လပ်ရေးနဲ့အတူ ဖွားမြင်လာတဲ့ ကချင်ပြည်နယ်နေ့ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ်ရဲ့အနေအထား၊ ကိုယ်ရဲ့မျှော်လင့်ချက်၊ ကိုယ်ရဲ့လုပ်ဆောင်ချက် တွေကို ပြန်ပြီးတော့ သုံးသပ်ကြပါစို့လို့  ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ 

ဒီလိုကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ သုံးသပ်ပြီးတော့ ကိုယ်လုပ်နိုင်တာကို လုပ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန် ချစေချင်ပါတယ်၊ ကျွန်မတို့စပြီးတော့ လက်တွဲတုန်းက တစ်ဦးပေါ်တစ်ဦး စကားနဲ့မဟုတ်ပေမယ့်လည်း လုပ်ရပ်နဲ့ပေးခဲ့တဲ့ ကတိတို့တွေ ဆက်ပြီးတော့သွားကြမယ်၊ အေးအတူပူအမျှ အားလုံးကို ရင်ဆိုင်သွားကြမယ်ဆိုတဲ့ ကတိကို ပြန်လည်ပြီးတော့ သတိရကြပါ။ ဒီကတိအတိုင်းဆက်ပြီးတော့ သွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ 
နိဂုံးချုပ်အနေနဲ့တော့ ကျွန်မတို့ အခုဒီနေရာမှာ ရောက်နေတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားညီအစ်ကို မောင်နှမတွေသာမက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းများ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ အဝဝနဲ့ ပြည့်စုံကြပါစေ၊ ၂၀၂၀ တွင်သာမက နောင်လာမယ့်နှစ်တွေနှစ်တွေမှာ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ကျွန်မအနေနဲ့ဆုတောင်းမေတ္တာပို့ပါတယ်၊။

ကျေးဇူးတင်ပါတယ်။ 

 

 

Ref; Myanmar State Counsellor Office

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

mdn