နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်း အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

articles_advs

ရန်ကုန်  ၂   ဒီဇင်ဘာ

 

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့်  ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းမော်ထွန်းနှင့်  ဦးကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများက  ``မြကျွန်းညိုညို တက္ကသိုလ်´´ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရာပြည့် အထိမ်းအမှတ် စတင်ကြောင်း စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောကြားရာတွင် “ဒီနေ့ဟာ ကျွန်မတို့ တက္ကသိုလ်အတွက်သာမက ကျွန်မတို့နိုင်ငံအတွက် အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မြန်မာ့ပညာရေးလောကအတွက် အရေးပါတဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ရာပြည့်အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို အခုလို တက်ရောက်ပြီးတော့ အမှာစကားပြောခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူပါတယ်။

 

မြန်မာ့ပညာရေးသမိုင်းမှာ အစဉ်အလာကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီးလာမယ့်  ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်တဲ့ ရာပြည့်သဘင်ကို ဆင်ယင်ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့် ပွဲသဘင်ကိုရာပြည့် ကာလဖြစ်တဲ့ ဒီနေ့ကစပြီး စည်ကားသိုက်မြိုက် ခမ်းနားထည်ဝါစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြုံတောင့်ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့် ပွဲသဘင်အခမ်းအနားကြီးကို ဆင်ယင်ကျင်းပခွင့်ရတာဟာ ကျွန်မတို့ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခွင့်ထူးကြီးပဲ ဖြစ်ပါတယ်။

 

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ မိခင်ကြီးလို့လည်း ဆိုလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ တက္ကသိုလ်အသီးသီးဟာ  ရန်ကုန်တက္ကသိုလ်ကတစ်ဆင့် ပေါက်ဖွားလာခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို စတင်တည်ထောင်စဉ် ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကြီးတွေရဲ့ စနစ်အတိုင်း စနစ်တကျ ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်တွေထဲမှာ တစ်ခုဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ဥပဓိရုပ်ဟာ  အင်းလျားကန်နောက်ခံ၊ ဘွဲ့နှင်းသဘင် အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ ကျယ်ဝန်းတဲ့ တက္ကသိုလ်နယ်မြေ တွေကြောင့် အရှေ့ တောင်အာရှမှာ  အလှပဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ကျွန်မတို့ ဦးစားပေးဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးပဲဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ပြန်လည် မွမ်းမံတာတွေ၊ အဆင့်မြှင့်တင်တာတွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည်ဖော် နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ဦးစီးကော်မတီ (Steering Committee) ဖွဲ့စည်းပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ လုပ်ငန်းအလိုက် ပညာအရည်အသွေးမြှင့်တင်ရေး ကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ (Hardware Committee) တွေကိုလည်း ထပ်မံဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါတယ်။

 

မဟာစီမံကိန်းအရ ရန်ကုန်တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုကိစ္စတွေ၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလအခြေအနေနဲ့ ဆီလျော်ညီညွတ်မှု ရှိအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ လိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပြီး မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအဖြစ်နဲ့ မဟာဌာနစနစ် (Faculty System) ကိုထူထောင်ဖို့၊ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်ဖို့၊ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲဖို့ စတဲ့လုပ်ငန်းတွေကို စီမံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာစေဖို့၊ နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေဖို့၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာမှာ  ထိထိရောက်ရောက်ဖြစ်စေဖို့၊ ကျောင်းသားများရွှေ့ပြောင်း ပညာသင်ယူရေး (Student Mobility) ကိစ္စတွေမှာ လွယ်ကူချောမွေ့အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းတွေ၊ မူဝါဒတွေကို ပြုပြင်ပြောင်းလဲ သွားမယ်လို့လည်း သိရပါတယ်။

 

အတွင်းပညာအရည်အသွေး အာမခံမှုစနစ် (Internal Quality Assurance System) ကို ထူထောင်ရေးစီမံကိန်းတွေ၊ နိုင်ငံ့အကျိုးပြုအသုံးချ သုတေသနလုပ်ငန်း တွေ (Applied Research Activities)၊ အခြားနိုင်ငံတကာတက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ (Internationalization) ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ အီလက်ထရွန်နစ် စာကြည့်တိုက် (e-Library) အဖြစ် ပြုစုပျိုးထောင်မယ့် အစီအစဉ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။

 

ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေအဖြစ် ကျန်းမာရေးနဲ့ပြည့်စုံပြီး သန့်ရှင်းသာယာ လုံခြုံနွေးထွေးတဲ့  တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်းဖြစ်စေဖို့၊ တက္ကသိုလ်ဝန်းကျင်မှာ  လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့တို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ  မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားဟောင်းကြီးတွေ၊ မိဘပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရန်ကုန်တက္ကသိုလ်ရဲ့  သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ သမိုင်းဝင် အဆောက်အအုံတွေကို မထိခိုက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ပြုပြင် ပြောင်းလဲရေးမှာ  ရန်ကုန်တက္ကသိုလ်အစဉ်အလာနဲ့  ယဉ်ကျေးမှုအမွေအနှစ် တွေကို မထိခိုက်စေဖို့ အထူးသတိပြုရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအဆင့်မြှင့်တင်ရေး လုပ်ငန်းတွေမှာ သန့်ရှင်းတဲ့ ရေပေးဝေရေးစနစ်ဖြစ်စေဖို့၊ ရေစီးရေလာကောင်းစေဖို့၊ ရေဆိုးမိလ္လာ စွန့်ပစ် စနစ် ကောင်းမွန်စေဖို့၊ လျှပ်စစ်ပိုင်းဆိုင်ရာစနစ်တကျ လုံခြုံမှုရှိစေဖို့ဆောင်ရွက်မယ့် အစီ အစဉ်တွေလည်း ပါရှိပါတယ်။

 

သင်ယူမှုသင်ကြားမှုကဏ္ဍအနေနဲ့ နိုင်ငံတော်ရဲ့  လူမှုစီးပွားလိုအပ်ချက်၊ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်အောင် လက်ရှိ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်တာတွေ၊ အသစ်ပြန်လည် ရေးဆွဲတာတွေ၊ ပြုပြင်မွမ်းမံတာတွေ ကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်း တမ်းတွေဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျောင်းပြောင်းသင်ယူမှုတွေကိုလည်း အထောက်အကူဖြစ်နိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့  လူသားကောင်းများမွေး ထုတ်ပေးနိုင်ဖို့ ရည်ရွယ်မှာဖြစ်ပါတယ်။ ကျောင်းရွှေ့ပြောင်းသင်ယူနိုင်ပြီး တက္ကသိုလ် အချင်းချင်းပူးပေါင်းဆောင်ရွက်ရာမှာ  လွယ်ကူအဆင်ပြေ စေဖို့အတွက် ခရက်ဒစ် အမှတ်လွှဲပြောင်းတဲ့စနစ် (Credit Transfer System)ကိုလည်း အမြန်ဆုံး တည် ဆောက်ရမှာဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်ရေးမှာ  အဓိကအကျဆုံးလုပ်ငန်းကတော့ ပညာအရည်အချင်း မြှင့်တင်ရေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာဟာ ပညာပေးတဲ့အဆင့်မြှင့် ဌာနတစ်ခုဖြစ်ပါတယ်။ ပညာပေးရာမှာ ပြီးပြည့်စုံတဲ့  လူသားကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ရပါတယ်။ ဒီနေရာမှာ ပညာနဲ့ ပတ်သက်ပြီး  အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနိုင်မှာ ဖြစ်ပေမယ့် ကျွန်မ အနေနဲ့ ပညာဆိုတာ လူသားတွေ ကိုခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲစေခဲ့တဲ့ အမြော်အမြင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ပညာသင်ယူတယ်ဆိုတာ ဘဝမှာ ကိုယ်ကြုံတွေ့ရမယ့် အခြေအနေတွေကို မျှော်မှန်းပြီးဘယ်လို အခြေအနေတွေ  ဖြစ်ပေါ်လာရင် ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်နိုင်ဖို့အတွက် ပညာအမြော်အမြင် ရှိဖို့လိုပါတယ်။ စာတွေတတ်ပေမယ့် အမြော်အမြင်မရှိရင် ဘဝကို မှန်ကန်စွာရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး၊ စာတော်ပြီး အမြော်အမြင်ရှိမှသာလျင် နိုင်ငံကိုအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်၊ အကျိုးပြု မယ့်လူသားတွေကို အကျိုးပြုနိုင်မယ့်သူတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ဒီလိုပညာ အမြော်အမြင် ရှိတဲ့ နိုင်ငံသားကောင်းတွေ၊ လူသားကောင်းတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ရည်မှန်းချက်ထားရှိရမှာဖြစ်ပါတယ်။

 

ပညာရပ်နယ်ပယ်မှာ ဘယ်ဘာသာရပ်က ဘယ်ဘာသာရပ်ထက် ပိုပြီးတန်ဖိုးရှိ တယ်ဆိုတာကို ယတိပြတ် ပြောလို့မရပါဘူး။ ဘာသာရပ်တိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ဘာသာရပ်တိုင်းကို ဖွံ့ဖြိုးတိုးတက်ဖို့  အားပေးမှသာပညာရပ် နယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ တယ်။ ဘာသာရပ်တွေရဲ့ တန်ဖိုးရှိမှုမရှိမှုဟာ သုံးစွဲပုံပေါ်မှာ အင်မတန်မှမူတည်ပါတယ်။ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် သုံးစွဲရင် တန်ဖိုးရှိပြီးတော့ မမှန်မကန် သုံးစွဲရင် အန္တရာယ်ဖြစ်လာမယ်ဆိုတာကို ကျွန်မတို့ အားလုံးသိပြီးသားလို့ မျှော်လင့်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့တကွ တက္ကသိုလ်အသီးသီးမှာရှိတဲ့ ပညာရပ်တိုင်းကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးလုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဘာသာရပ်အသီးသီးက ကျောင်းသူကျောင်းသားတွေကို ထူးချွန်ထက်မြက်လာအောင် ပြုစုပျိုးထောင်နိုင်မှ နိုင်ငံတော်ကဏ္ဍအသီးသီးရဲ့ တာဝန်တွေကို ထူးချွန်ထက်မြက်တဲ့ ဒီလူငယ်တွေက လက်ဆင့်ကမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမဖြစ်သေးပါဘူး ဖွံ့ဖြိုးဆဲပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေအပေါ်မှာ တာဝန်တွေအများကြီးရှိသလို နိုင်ငံရဲ့အကျိုး ထမ်းဆောင်ပုံ အခွင့်အရေး တွေလည်း အများကြီးရမှာမို့လို့ ဝမ်းသာစေချင်ပါတယ်၊ ဂုဏ်ယူစေချင်ပါတယ်။

 

မကြာခင်မှာ ကျရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်သဘင်ကြီးဟာ ရန်ကုန်တက္ကသိုလ် နဲ့ ပတ်သက်ဆက်နွှယ်သူတွေ အတွက်သာမကမြန်မာတစ်မျိုးသား အားလုံးအတွက် ဂုဏ်ယူစရာအချိန်အခါ ဖြစ်ပါတယ်။ ဒီ ရာပြည့်သဘင် အခမ်းအနားကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုပ်ငန်းကော်မတီ ၁၇ ခုကို ဖွဲ့စည်းထားပြီး ဆောင်ရွက်နေတယ်လို သိရပါတယ်။

 

ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့  ရာပြည့် အကြိုကာလကစပြီးနှစ်(၁၀ဝ)မြောက် ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒီလုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြပါ၊ ဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တွေကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသား ဟောင်းကြီးတွေ၊ မိဘပြည်သူတွေကို ပွင့်လင်းမြင် သာစွာတင်ပြပြီး အားလုံးဝိုင်းဝန်းပူး ပေါင်းပါဝင်လာအောင် ကြိုးပမ်းသွားကြပါ၊ ရန်ကုန် တက္ကသိုလ်ရဲ့  ရာပြည့်သဘင် အခမ်းအနားကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးလည်း ဆောင်ရွက်ပေးနိုင်ကြပါစေလို့လည်း မေတ္တာပို့သအပ်ပါတယ်” ဟု ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် သမိုင်းကြောင်း ဗီဒီယိုကိုပြသပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး က ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ကျင်းပခြင်းနှင့် ရန်ကုန်တက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုစကား ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာ ပြည့်အခမ်းအနားအတွက် ပါဝင်အားဖြည့် လှူဒါန်းကြသည့် အလှူရှင်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်တင်နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က  ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများဖြစ်သည့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်အောင်အေး၊ ရုပ်ရှင်အနုပညာဖန်တီးသူ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ သဘင်ပညာရှင် စာရေးဆရာ ချစ်ဦးညို၊ ဂီတပညာရှင် ဒေါ်နွဲ့ယဉ်ဝင်း၊ စာပေပညာရှင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ အားကစား ထူချွန်သူ ဦးနန္ဒကျော်စွာ တို့က အမှတ်တရစကားများ ပြောကြားကြသည်။

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်-ငြိမ်း) ဒေါက်တာအောင်သူ က အခြေခံသိပ္ပံ ပညာထူးခွန်ဆုရ ကျောင်းသားဟောင်းများကိုယ်စား ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် ဖြစ်ပေါ်လာမှုနှင့် လှူဒါန်းမှု ဖြစ်ပေါ်လာခဲ့ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကံ့ကော်ဥယျာဉ် အလှူရှင်များက လှူဒါန်းငွေနှင့် လှူဒါန်းမှုမှတ်တမ်း များအား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းထံ ပေးအပ်သည်။

 

ဆက်လက်၍  ရန်ကုန်တက္ကသိုလ် နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် ကံ့ကော်တော နှင့် ကံ့ကော်ဥယျာဉ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်း အမရဆောင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူနှင့် ဦးကျော်တင်တို့ တက်ရောက်ကြသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်ကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့် အလှူရှင်များ ဖြစ်ကြသည့် ဒေါက်တာဇော်ဝင်းနှင့် ဦးစိုင်းမျိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းကာ ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ရန်ကုန်တက္ကသိုလ် နှစ်၁၀ဝပြည့် အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ တစ်နှစ်တာပတ်လုံး ကျင်းပသွား မည်ဖြစ်သည်။

 

ယခု ရက်သတ္တပတ်တွင်  ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၊ စာကြည်တိုက်ရှေ့နှင့် သစ်ပုတ်ပင် တစ်ဝိုက်တွင် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို လည်းကောင်း၊ အပန်းဖြေရိပ်သာတွင် ရန်ကုန်တက္ကသိုလ်၏ ဖြစ်တည်မှု သမိုင်းပုံရိပ်များကို ပြသထားသည့် ရာပြည့် အမှတ်သညာပွဲတော်ကို လည်းကောင်း၊ တက္ကသိုလ်နှင့်ဆက်နွယ်သော ရုပ်ရှင်ဇာတ်ကားများ၊  စကားဝိုင်းဆွေး နွေးပွဲများဖြင့် နံနက်၁၀နာရီမှညနေ ၆နာရီအထိ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တက္ကသိုလ် နှစ် ၁၀ဝ ပြည့် ရာပြည့်သဘင်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေရေး၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေးကို ဖော်ဆောင်ရေး၊ ပညာအခြေပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ နိုင်ငံ့ကောင်းကျိုး၊ ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ဦးတည်အကောင်အထည်ဖော်ရေး စသည့် ဦးတည်ချက်များဖြင့် ဆောင်ရွက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)