နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၁ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် တံတားအမည် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားသည် မိမိတို့ နိုင်ငံတွင် လိုအပ်နေသည့် ငြိမ်းချမ်းရေး၏ အခြေခံ စည်းလုံးညီညွတ်ခြင်း သဘောတရား၊ ဒီမိုကရေစီစနစ်၏အခြေခံ ဒေသခံပြည်သူလူထု ဆန္ဒသဘောထားများကို လက်တွေ့ဖော်ဆောင်ပေးသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခု တံတားကို ဒေသခံပြည်သူများ၏ စိတ်သဘောဆန္ဒနှင့်အညီ စည်းလုံးညီညွတ်ရေး ကိုရှေးရှုပြီး မူလအမည် သံလွင်တံတား (ချောင်းဆုံ) အဖြစ် အမည်နာမ ပြန်လည်ပြောင်းလဲ သတ်မှတ်ခြင်းဖြစ်ကြောင်း။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြစ်ကူးတံတားများအနက် ယခု မြင်တွေ့နေရသည့် သံလွင်တံတား (ချောင်းဆုံ) သည် စတင်တည်ဆောက်စဉ်ကတည်း ကပင် သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) အဖြစ် အမည်သတ်မှတ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်တည်ဆောက်စဉ်ကတည်းက ထိုကဲ့သို့ အမည်ပေးထားခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ သဘောထားဆန္ဒအပါအဝင် ဒေသနှင့် ကိုက်ညီသင့်လျော်သည့် အမည်နာမ ဖြစ်သည့်အတွက် သတ်မှတ်ခေါ်ဝေါ်စေခဲ့ခြင်း ဖြစ်ပါကြောင်း။


ဒေသတစ်ခု စီးပွားရေးတိုးတက်ကောင်းမွန်စေရန်အတွက် လုံလောက်သည့် လျှပ်စစ် ဓာတ်အားရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်မှုတို့သည် အဓိကကျ ပါကြောင်း၊ ချောင်းဆုံမြို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော အချက် အလက်များ သင့်တင့်ပြည့်စုံမှုရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ ရေကြောင်း  လမ်းကိုသာ အဓိကထားသုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွင် မျှော်မှန်း သလောက် မရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် အဓိကထား အသုံးပြုနေရ သည့် သံလွင်မြစ်ကြောင်းသည်လည်း ရေစီးသန်သည့်မြစ်တစ်ခုဖြစ်သည့်အပြင် ပင်လယ် ရေပြင်နှင့် ထိစပ်နေသည့်အတွက် ဒီရေအတက်အကျများကြောင့် ရေကြောင်း ဆက်သွယ်သွားလာမှုတွင်လည်း ဘေးအန္တရာယ် အခက်အခဲများစွာနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး ဒေသနှင့်မြို့နယ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရေး ဒီမိုကရေစီပထမအစိုးရသစ်(၂၀၁၀-၂၀၁၅) ခုနှစ်တွင် တံတားတည်ဆောက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်ဆင့် ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၇၀၀ သန်းဖြင့် ချဉ်းကပ်လမ်းများ ဖောက်လုပ်ခြင်း၊ မြေသားရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂၀၀၀၀ ကိုအသုံးပြုပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၁၃၆၀ သန်း သုံးစွဲပြီး တံတားအား တည်ဆောက်ပြီးစီးဖွင့်လှစ်နိုင်သည်အထိ လျာထား ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုတံတားကြီးကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ပြီးစီးပြီး တံတားကို စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့အထိ စီမံကိန်းကာလ ၂ နှစ်နှင့် ၃ လကျော်အထိ အချိန်ယူတည် ဆောက်ခဲ့ရပါကြောင်း၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဖြတ်သန်း ဖောက်လုပ်ထားသည့် တံတားအရှည်အနေဖြင့် ချဉ်းကပ်လမ်း စုစုပေါင်း မီတာ ၁၀၅၀၊ ပင်မတံတား အရှည် ၅၃၆ မီတာရှိသည့်အတွက် စုစုပေါင်းတံတားအရှည် ၁၅၈၆ မီတာ ရှည်လျားပါကြောင်း။

တစ်ဆက်တည်းအနေဖြင့် ဒီမိုကရေစီပထမအစိုးရသစ် (၂၀၁၀-၂၀၁၅) ခုနှစ် လက်ထက်တွင် ချောင်းဆုံမြို့နယ်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အလေးပေး ဆောင်ရွက်ခဲ့သည်ကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ ယခုအမည် ပြန်လည် ပြောင်းလဲသည့် တံတားတည်ဆောက်နိုင်ရေးသာမကဘဲ ချောင်းဆုံမြို့နယ်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက်ကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ၆၆ KVA မဟာလျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနိုင်ရေးကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း တန်ဖိုး ကျပ်သန်း ၃၄၀၀ အထိ အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း။

ယခုတံတားကြီး တံတားတည်ဆောက်ပြီးစီးချိန် ယခင်အစိုးရလက်ထက်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားဖွင့်လှစ်စဉ်တွင်  ၎င်းတို့ ပါတီပုံရိပ်အတွက် မူလသတ်မှတ်ထားသည့် အမည်အစား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီး ဖွင့်လှစ်နိုင်ရေး ဦးတည်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့သို့လုပ်ဆောင်လာမှုများအပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်လာချိန်တွင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ မရှိခဲ့သည့် တံတားအမည် ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြမဲခွဲ အတည်ပြုခဲ့ရသည်အထိ မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ထိုသို့ လွှတ်တော်တွင် အဆိုတင်မဲခွဲစဉ်ကလည်း ဒေသနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူ လူထု၏အသံကို ထင်ဟပ်စေသည့် မူလပေးအပ်ထားသည့် အမည်ကိုသာပေးအပ်ရန် ဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း အာဏာရပါတီအနေဖြင့် ကိုယ်စားလှယ် အင်အားသာလွန်မှုနှင့် ဒီမိုကရေစီစနစ်ကို လက်တစ်လုံးခြားပြုလုပ်ပြီး တံတားအမည်ပေးအပ်မှုအား ရှေ့တိုးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ထိုကဲ့သို့ တံတားအမည်ပေးအပ်ခဲ့မှုအပေါ် ပြည်သူလူထု၏ ကန့်ကွက်ဆန္ဒပြမှုများ၊ ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ရပြီး ကန့်ကွက်လက်မှတ်ရေးထိုး ကောက်ယူမှု ဆောင်ရွက်ခဲ့သည့် နေရာတွင်လည်း လက်မှတ်ပေါင်းတစ်သိန်းခွဲခန့်အထိ ရရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် တံတားအမည်ပေးအပ်မှုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ မပြုသည့်အပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ပြန်လည်သုံးသပ်ပေးနိုင်ရေး နိုင်ငံရေးပါတီ ၁၄ ခုက ကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုလည်း မှတ်သားမိပါကြောင်း။

ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင် ဖြစ်သကဲ့သို့ တပ်မတော်၏ဖခင်လည်း ဖြစ်ပါကြောင်း၊ မိမိတို့သည် မိမိတို့ လေးစားကြည်ညိုရသူများ၏ ပုံရိပ်ဆိုခြင်းထက် ၎င်းတို့၏လမ်းစဉ်၊ ၎င်းတို့၏စကားများကို ပို၍အလေးထား လိုက်နာဆောင်ရွက်ခြင်းသည် ၎င်းတို့၏ ဂုဏ်ကို မြှင့်တင်ရာ ရောက်မည်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် အမည်သည် မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင် အထင်ကရ တည်တံ့နေမည့် အမည်ဖြစ်သကဲ့သို့ ယခုတံတားအမည် ပြောင်းလဲသတ်မှတ်မှုသည်လည်း ဗိုလ်ချုပ် အောင်ဆန်း လိုလားတောင့်တခဲ့သည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးကို ခိုင်ခိုင်မာမာ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မလိုလားသော်လည်း ယခင်အစိုးရသည် ၎င်းတို့ပါတီပုံရိပ်အတွက် ဗိုလ်ချုပ် အောင်ဆန်း တံတားအဖြစ် အမည်ပေးအပ်ခဲ့သည့်အတွက် ယနေ့တွင် ဒေသခံပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း တံတား၏ မူလအမည်ဖြစ်သည့် သံလွင်တံတား (ချောင်းဆုံ) အဖြစ် ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။


မွန်ပြည်နယ်သည် ခရိုင် (၂) ခု၊ မြို့နယ်ပေါင်း (၁၀) မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ယခု ဘီလူးကျွန်းပေါ်တွင် တည်ထားသည့် ချောင်းဆုံတစ်မြို့နယ်တည်းသာလျင် ကားလမ်း နှင့် တစ်ဆက်တစ်စပ်တည်း သွားလာ၍မရဘဲ ရေလမ်းခရီးကိုသာ အဓိကထား သွားလာရသည့်မြို့ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၇၂ ရွာနှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ကျွန်းမြို့ကလေးတစ်မြို့သာ ဖြစ်သော်လည်း ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားခဲ့သည့် ကျေးရွာများဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာကျော်ခဲ့သည့် ဆေးတံထွက်ရှိရာ ဒေသဖြစ်သည့်အပြင် ကျောက်သင်ပုန်း၊ လက်မှု ပညာရပ်များသာမက မြေဆီမြေဩဇာ ထက်သန်ကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံ တွင် အကောင်းဆုံး ဆန်စပါးထွက်ရှိရာ မြို့နယ်များအနက် တစ်မြို့နယ်အဖြစ် ပါဝင်လျက် ရှိသည်ကို မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြေအနေအထား ကောင်းမွန်မှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှု၊ လျှပ်စစ်မီးရရှိနိုင်မှု၊ လူသားအရင်းအမြစ်ကောင်း မွန်မှုများကြောင့် ချောင်းဆုံဒေသတွင် စက်မှုလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတို့တွင် များစွာအကျိုးရှိနိုင်မည်ဟု ပြောလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယာယီသမ္မတ၏ တာဝန်ပေးအပ်ချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာပြီး  ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော် တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ် ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါကြောင်း၊ ဒေသခံများ၏ လိုအင်ဆန္ဒနှင့်အညီ အမည်ပြန်လည် ပြောင်းလဲသတ်မှတ်ခဲ့သည့် သံလွင်တံတား (ချောင်းဆုံ) ကို အကျိုးရှိစွာ အသုံးချပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ ထို့အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာစေရေးအတွက်   “We Are Myanmar” “ငါတို့အားလုံး မြန်မာ” ဆိုသည့် စိတ်ကိုထားရှိပြီး နိုင်ငံအကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ရာ တာဝန်များကို ကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

သတင်းစဉ်