နိုင်ငံတော် သမ္မတ ဉီးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်)


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်တွင်းအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဉီးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုဖို့၊ ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်ဖို့၊ ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ် ခိုင်မာလာစေဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြဖို့နဲ့ ဒီမိုကရေစီရှင်သန် အမြစ်တွယ်ဖို့တို့အတွက် ဖြစ်ပါတယ်။


ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်ထောင်စုလွှတ်တော်ကြီးက “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့’’ လို့ သတ်မှတ်ထားပါတယ်၊ “ဒီမိုကရေစီဆိုတာ ပြည်သူလူထုအတွက် (for the people) ပြည်သူလူထုက တင်မြှောက်တဲ့ (by the people) ပြည်သူလူထုရဲ့ အစိုးရ (Government of the People) ဖြစ်ပါတယ်”။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုကို ဗဟိုပြုမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို ပေါ်လွင်စေပါတယ်။ ထို့အတူ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသည့် ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဉပဒေ၏ နိုင်ငံတော်အခြေခံမူအရ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရေးပါပုံကို ထင်ရှားစေပါတယ်။


ဒီမိုကရေစီနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ လေကပါလတရားများ ထွန်းကားပါတယ်။ ဒီမိုကရေစီက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ တရားဉပဒေစိုးမိုးရေးတို့ကို အခြေခံတဲ့စနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဉပဒေစိုးမိုးရေးတို့မှာ ချိတ်ဆက်လျက် ရှိနေတာကြောင့် တစ်ခုချိုးဖောက်ခံရလျှင် ကျန်တဲ့အခွင့်အရေးများလည်း ဆုံးရှုံးရပါတယ်။ ဒီမိုကရေစီက နိုင်ငံသူ နိုင်ငံသားများအားလုံးကို လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ကာယ၊ ဉာဏ၊ ဝီရိယ စွမ်းအားအလိုက် အခြေအနေများ သာတူညီမျှဖြစ်ရေးကို ဦးတည်ပါတယ်။ ဆင်းရဲချမ်းသာ မျက်နှာကြီးငယ် မရွေးဘဲ အခွင့်အလမ်းများ တန်းတူ ရည်တူဖြစ်ရေးကို အာမခံပါတယ်။ ဒါ့အပြင် ဉပဒေဘောင်အတွင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ဖြစ်စေပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် မရှိရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်နိုင်သလို သန့်ရှင်းတဲ့ အစိုးရဆိုတာလည်း မဖြစ်နိုင်ပါ။ ဒါတွေကို ပြည်သူလူထုကြီးက ကောင်းစွာနားလည်သဘောပေါက်ထားတာကြောင့် ဒီမိုကရေစီကို စဉ်ဆက်မပြတ် လိုလားတောင့်တ နေကြတာဖြစ်ပါတယ်။


ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး (Democratization) ဆောင်ရွက်ရာတွင် အခြေခံလုပ်ငန်းစဉ် (၃) ရပ်ရှိကြောင်း ဖတ်ရှုလေ့လာဖူးပါတယ်။ ဒါတွေကတော့-


(၁) ထိန်းချုပ်မှုများ ဖြေလျှော့သည့်အဆင့် - Liberalization


(၂) ကူးပြောင်းရေးအဆင့်      -  Transition


(၃) ခိုင်မာရေးအဆင့်   -   Consolidation


တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘယ်အဆင့်လောက်မှာပဲ ရှိသေးတယ်ဆိုတာကို မိဘပြည်သူများကိုယ်တိုင် ချင့်ချိန်သုံးသပ်ကြစေလိုပါတယ်။ ဒီမိုကရေစီ ခိုင်မာရေးအဆင့် ရောက်ရန် မိဘပြည်သူများအားလုံး ဆက်လက်ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ ချီတက်ကြဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီလမ်းစပေါ် ခြေချခါစပဲရှိသေးပြီး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူးဆိုတာ ပြည်သူလူထုကြီးတစ်ရပ်လုံး သတိချပ်စေလိုပါတယ်။


ယခုလို ဒီမိုကရေစီရှင်သန်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးက တည်ဆဲဥပဒေများကို လေးစားကြရမှာဖြစ်သလို စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်အရ အများစုရဲ့ဆန္ဒကို လက်ခံလိုက်နာရသလို အနည်းစုရဲ့သဘောထားကို လေးစားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အမြင်မတူအယူအဆကွဲပြားမှုများရှိကြသော်လည်း ယင်းမတူကွဲပြားမှုများကို နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို ဦးထိပ်ထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမှသာလျှင် ဒီမိုကရေစီကျင့်စဉ် ဖွံ့ဖြိုးတိုးတက်လာမှဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးများဖြစ်ကြတဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို အခြေခံလျက် ဆွေးနွေးညှိနှိုင်းကြရတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြူစင်တဲ့စိတ်ထား မျှတတဲ့သဘောထားရှိလျှင် မှန်ကန်တဲ့အဖြေကိုရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အမှန်တကယ် သက်ဝင်ယုံကြည်ကြပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်းတရားများကိုကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုကြရန် လိုအပ်ပါတယ်။


ပြည်သူလူထုရဲ့အသက်၊ သွေးချွေးနဲ့ ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီအပင်ပေါက်လေးကို အညွန့်ချိုးမခံရအောင် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်စောင့်ရှောက်ကြစေလို ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးအတွက် နိုင်ငံသားအားလုံး ငေးငိုမနေကြရန် အလစ်အငိုက်မမိကြရန် အရေးကြီးလှပါတယ်။


ကျွန်တော်တို့အစိုးရအနေနဲ့ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဆုံးရှုံးခဲ့တဲ့ ဖက်ဒရယ်အခွင့်အရေး ပြန်လည်ရရှိရန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဟာ ဖက်ဒရယ်ခိုင်မာရေးကို အားပေးပါတယ်။ ထို့နည်းတူ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းကလည်း ဒီမိုကရေစီစနစ် တည်တံ့ရေးကို အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီအင်္ဂါရပ်များနဲ့ ပါသင့်ပါထိုက်တဲ့ ဖက်ဒရယ်ရဲ့မူများကို ဥပက္ခာပြု၍ မရနိုင်ကြောင်း ဂရုပြုကြစေလိုပါတယ်။ ဖက်ဒရယ်ရဲ့ အခြေခံဟာ တိုင်းရင်းသားများအကြား တန်းတူညီတူ အခွင့်အရေးရရှိစေခြင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသားများအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ မခွဲစတမ်း နေထိုင်ခြင်းကို ရရှိစေပါတယ်။


ဒီမိုကရေစီ မရှိသေးတဲ့ ဒါမှမဟုတ် အပြည့်အဝ မရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာများနဲ့ စိတ်ဝမ်းကွဲပားမှုများဟာ ဒီမိုကရေစီရှင်သန်ရေးကို အတားအဆီးဖြစ်စေကြောင်း သတိပြုကြစေလိုပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားများအားလုံး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိမှာလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြရန် ၊ ငြိမ်းချမ်းသာယာဝပြောရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရာတွင် ဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွှန်းများ ၊ လူ့အခွင့်အရေးရဲ့ အခြေခံ စံနှုန်းစံထားများကို  ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းရာမှာ ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမယ့် မျိုးဥ မပါရှိစေရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီကို တန်ဖိုးထားပြီး လူ့အခွင့်အရေးကို မြတ်နိုးတဲ့ ကျင့်စဉ်များကိုလည်း ဖြည့်စွက်ပံ့ပိုးပေးရပါလိမ့်မယ်။


ဒီမိုကရေစီကို အမှန်တကယ် ယုံကြည်လက်ခံတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ဆိုတာ နောင်မှ ကျင့်သုံးမယ်ဆိုတာထက် ယနေ့ကပင် စတင်ကျင့်သုံးရတာမျိုး ဖြစ်တယ်ဆိုတာကို အားလုံးက လက်ခံဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီမှာ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသည်သာ နိုင်ငံရေးအချုပ်အခြာအာဏာပိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခြင်းဟာ ဒီမိုကရေစီရှင်သန်ရေးကို ပိုမိုအားကောင်းစေပါတယ်။


ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ပြည်သူပြည်သားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကောင်အထည်ဖော်ရတဲ့ကိစ္စဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတက်ညီလက်ညီ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းဟာ မြန်မာနိုင်ငံရေးသမိုင်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီရရှိရေးအတွက် ခေတ်အဆက်ဆက် ဘဝတွေပေးသွားတဲ့ ပုဂ္ဂိုလ်များရဲ့ ဆက်လက်မလျှောက်လှမ်းနိုင်တော့တဲ့ ဒီမိုကရေစီခရီးကြမ်းကို သမိုင်းပေးတာဝန်အရ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးဆိုတာ ရပ်တန့်မနေဘဲ လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံးကလည်း စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှပါတယ်။


ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေး၊ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ဒီမိုကရေစီနစ်ဖြစ်ပေါ်ရေး၊ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက်တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူခိုင်မြဲရေးတို့အတွက် ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်တဲ့ ပြည်သူလူထုအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုစုပေါင်းအင်အားဖြင့် ရှေ့ခရီးဆက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။

 

111