နိုင်ငံ့စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကောင်းတစ်ခုရရှိအောင် ကြိုးပမ်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ဖိတ်ခေါ်လုပ်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များနှင့် ချေးငွေရယူရေးကိစ္စများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် နိုင်ရေးအတွက် အဓိကရည်မှန်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)တို့နှင့်အညီ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည် -

မေး ။ ။ ပထမဦးဆုံးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို သိပါရစေရှင့်။

ဖြေ ။ ။ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမြှင့်တင်ဆောင်ရွက်ရာမှာ စီးပွားရေး လုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့နဲ့ ပြည်ပ ငွေကြေးအကူအညီ၊ နည်းပညာအထောက်အပံ့၊ တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ချေးငွေ၊ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ ဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးဌာနကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့နဲ့ ဖွဲ့စည်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံကိန်း(MIPP)တို့နဲ့အညီ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတွေ ဖြစ်ပေါ်စေရေး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးစတဲ့ အပိုင်းနှစ်ပိုင်းကို ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး တစ်ဦးကို ခန့်အပ်ထားပြီးဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ဖွံ့ဖြိုးမှုအကူအညီတွေ ရယူနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေသာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကပါ ယုံကြည်အားကိုးရတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ဝန်ကြီးဌာနရဲ့ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင် ရွက်တဲ့အပိုင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ သိပါရစေရှင့်။

ဖြေ ။ ။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးတွေကို ပြည်တွင်း ဘဏ္ဍာရေး အရင်းအမြစ် အင်အားရှိသလောက် ရယူထည့်ဝင်ဆောင်ရွက်ကြရသလို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးမှုအကူအညီ အထောက်အပံ့နဲ့ ချေးငွေတွေကို ရယူ ဆောင်ရွက်ကြရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်း တာဝန်တွေကိုကြည့်ရင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင် ရတဲ့အပိုင်းနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေကို အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့နေရာတွေမှာ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေဆီက အကူအညီအထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေကို နိုင်ငံ့ကိုယ်စား ညှိနှိုင်းရယူဆောင်ရွက်ရတဲ့ အပိုင်းတွေကို အဓိက တာဝန်ယူလုပ်ဆောင်လျက် ရှိနေပါတယ်။

ကျွန်တော်တို့ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကိုက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် ဖိတ်ခေါ်လုပ်ဆောင်နိုင်ဖို့၊ မြန်မာနိုင်ငံက လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေနဲ့ ချေးငွေရယူရေးကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အဓိက သုံးပိုင်း ရှိပါတယ်။ ပထမဆုံး ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့အပိုင်းကိုပြောရရင် သိသာတဲ့ တိုးတက်မှုအနေနဲ့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ပူးပေါင်းဆောင်ရွက်မည့် ငါးနှစ်တာ နိုင်ငံဆိုင်ရာအစီအစဉ် (Country Progra-mmed) တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအကြား ညှိနှိုင်းရေးဆွဲနိုင်ခဲ့ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒုတိယက နိုင်ငံတကာအဖွဲ့အစည်းတွေ ဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ် (World Bank) တို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေပေးနေသလို နည်းပညာပိုင်း၊ မူဝါဒအကြံပေးခြင်းအပိုင်းနဲ့ စီမံကိန်းအကောင် အထည်ဖော်ခြင်းအပိုင်းတွေမှာ အကူအညီတွေ ပေးနေပါတယ်။ ဒါ့ပြင် EU နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ အရည်အသွေးတိုးတက် မြင့်မားလာစေဖို့အတွက် အကူအညီ ယူရို ၂၂၁ သန်း ပေးအပ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်မှာ အာဆီယံစီးပွားရေးမဏ္ဍိုင်အပေါ် နိုင်ငံအလိုက် အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံဟာ စင်ကာပူ နိုင်ငံပြီးလျှင် အများဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါ့ပြင် အာဆီယံ + ၁ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်တွေ ချုပ်ထားတဲ့ အာဆီယံ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဟောင်ကောင်တို့နဲ့ ဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖို့ ပူးပေါင်းဆောင် ရွက်နေပါတယ်။ ဒါတွေအပြင် အာဆီယံ ၁၀ နိုင်ငံနဲ့ Free Trade Areas (FTA) ဆွေးနွေးဖက် (၆) နိုင်ငံပေါင်းပြီး ကမ္ဘာမှာ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသဖြစ်လာမယ့် (Regional Comprehensive Economic Partnership - RCEP) ကို ဒီနှစ်ထဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ ကုန်သွယ်ရေးစာချုပ်တစ်ခုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်မှာဖြစ်ပြီး နိုင်ငံသားတွေ အတွက် အခွင့်အလမ်းတွေ ချဲ့ထွင်ပေးသွားနိုင်မှာဖြစ်ပါတယ်။

တတိယအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ အများအပြားရှိပါတယ်။ ဥပမာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်ရဲ့ သမိုင်းဝင်ခရီးစဉ်အတွင်းမှာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့သလို လာမယ့် (၃)နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုအကူအညီ ယွမ် ၄ ဘီလီယံကို ထောက်ပံ့ပေးဖို့အတွက် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးနေပါတယ်။

အလားတူ ဂျပန်နိုင်ငံနဲ့ အကူအညီပေးရေး စာချွန်လွှာတွေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု အကူအညီပေးရေး စီမံချက်အတွက် နားလည်မှုစာချွန်လွှာတွေ အပါအဝင် အခြား အကူအညီပေးရေး စာချွန်လွှာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံတွေ တည်ထောင်ဖို့ ကိုရီးယားချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ပေးအပ်ရေး ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ သြစတြီးယားနဲ့ နယ်သာလန်နိုင်ငံစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်နိုင်ရေးတွေမှာ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးတက်မှုရှိလာခဲ့ပါတယ်။

မေး ။ ။ စတုတ္ထ (၁) နှစ်တာကာလအတွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီးဝင်လာမှုကို သိပါရစေ။

ဖြေ ။ ။ နိုင်ငံတော်အစိုးရရဲ့ စတုတ္ထနှစ်ကာလဖြစ်တဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းလုပ်ငန်း ၂၈၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆၄ ဘီလီယံ ဖြစ်ပါတယ်။ ဒါ့ပြင် ဆောင်ရွက်ဆဲ ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၇ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၄ ဘီလီယံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့တဲ့အပြင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စုစုပေါင်းလုပ်ငန်း ၁၆ ခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၆၂ ဘီလီယံ ဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့တဲ့အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၂၀ ဘီလီယံ ဖြစ်ပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး လုပ်ငန်း ၁၆၉ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၃၈၁ ဒသမ ၆၃၈ သန်း အပါအဝင် ငွေကျပ် ၁၄၃၄ ဒသမ ၈၇၃ ဘီလီယံ ဖြစ်ပါတယ်။ ဆောင်ရွက် ဆဲ လုပ်ငန်း ၂၅ ခုအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၆၄၇ သန်း အပါအဝင် ငွေကျပ် ၂၅၆ ဒသမ ၄၅၉ ဘီလီယံ ထပ်မံတိုးမြှင့် ခွင့်ပြုပေးခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၂၈၅ သန်း အပါအဝင် ငွေကျပ် ၁၆၉၁ ဒသမ ၃၃၂ ဘီလီယံ ဖြစ်ပါတယ်။

မေး ။ ။ ခွင့်ပြုခဲ့တဲ့ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ဘယ်လုပ်ငန်း အမျိုးအစားတွေ အများဆုံး ဖြစ်တယ်ဆိုတာနဲ့ ဒီခွင့်ပြုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုကို သိပါရစေရှင့်။

ဖြေ ။ ။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့တဲ့ အချက်အလက်တွေအရ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အများဆုံး ရင်းနှီး မြှုပ်နှံခဲ့ကြတာကို တွေ့ရတဲ့အတွက် ပို့ဆက် ကဏ္ဍက ၃၆ ဒသမ ၉၉ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ပြီး စက်မှုကဏ္ဍက ၃၂ ဒသမ ၄၁ ရာခိုင်နှုန်းနဲ့ တခြားဝန်ဆောင်မှုကဏ္ဍက ၁၅ ဒသမ ၇၀ ရာခိုင်နှုန်း အသီးသီးရှိတာကို တွေ့ရပါတယ်။

အလားတူ မြန်မာနိုင်ငံသားတွေ ရင်းနှီး မြှုပ်နှံမှု အချက်အလက်တွေအရ အများဆုံး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်မှုကဏ္ဍက ၂၄ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး တခြား ဝန်ဆောင်မှုကဏ္ဍက ၁၉ ဒသမ ၆၂ရာခိုင်နှုန်း နဲ့ ဒုတိယ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍက ၁၂ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့ တတိယအများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြတာကို တွေ့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်မှုကိုကြည့်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကနေ လုပ်သားဦးရေ ၁၇၀၃၃၀ နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် လုပ်သား ၁၉၁၉၃ ဦး စုစုပေါင်းလုပ်သား ၁၈၉၅၂၃ ဦးတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဘယ်နိုင်ငံတွေကနေ ပိုမိုစီးဝင်လာ တယ်ဆိုတာကို သိလိုပါတယ်ရှင့်။

ဖြေ ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အပိုင်းနှစ်ပိုင်းခွဲပြီး ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံကို စီးဝင်လာတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ စုစုပေါင်းအရ နိုင်ငံအစဉ် လိုက်ကြည့်ရင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်းမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်ခဲ့ပြီး ဒီနိုင်ငံတွေအနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်တို့က အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်။

ဒုတိယပိုင်းဖြစ်တဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ နှစ်အတွင်း စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုက ယခင်နှစ် (ကာလတူ)အတွင်းမှာ ဝင်ရောက် ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးတက်မှုရှိခဲ့ပါတယ်။ အထူး သဖြင့် အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်တို့က အများဆုံး ဖြစ်သလို အနောက်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ နယ်သာလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန် နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေက တိုးတက်လာတာကို တွေ့ရပါတယ်။

မေး ။ ။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုတွေကို သိပါရစေ။

ဖြေ ။ ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်တွေကို အလေးထား လုပ်ဆောင် ခဲ့ပြီး ပြည်ပနိုင်ငံ ခြောက်နိုင်ငံမှာ ၁၁ ကြိမ်နဲ့ ပြည်တွင်းမှာ ၂၉ ကြိမ် စုစုပေါင်း ပြည်တွင်း/ ပြည်ပမှာ အကြိမ် ၄၀ ကျင်းပခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာ တွင် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan - MIPP) ကို ၂၀၁၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ပြန်လည်ရေးဆွဲပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ အတည်ပြု ထုတ်ပြန် နိုင်ခဲ့ပါတယ်။

MIPP ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနအဖွဲ့အစည်းတွေ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကော်မတီ (Invest-ment Promotion Committee - IPC) ကို စတင်ဖွဲ့စည်းခဲ့ပြီး အထောက်အကူပြုမယ့် လုပ်ငန်းအဖွဲ့ ငါးဖွဲ့ကို ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်း တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာမြောက်လုပ်ငန်းစဉ် ငါးရပ်နဲ့ Action Plan တွေ ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။

မေး ။ ။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်နဲ့ လက်ရှိအခြေအနေ၊ ယခင်နှစ်နဲ့ နှိုင်းယှဉ်မှု တွေကို ပြောကြားပေးပါဦး။

ဖြေ ။ ။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်အထိ ခွင့်ပြုပေးနိုင်မှုမှာ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၆၇ ဘီလီယံဖြစ်တဲ့အတွက် ရည်မှန်းချက် ပြည့်မီနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယခင်ဘဏ္ဍာနှစ် အလားတူ ကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈၈ ဘီလီယံ ခွင့်ပြုနိုင်ခဲ့တဲ့အတွက် နှိုင်းယှဉ်ကြည့်ရင် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာတာကို တွေ့နိုင် ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ ကုမ္ပဏီတွေ ဥပဒေအရအီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင် စနစ်ရဲ့ တိုးတက်အောင်မြင်မှုတွေနဲ့ ဆက်လက်ဆောင်ရွက်မှုတွေကို သိရှိလိုပါတယ်ရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအသစ်ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ကုမ္ပဏီ မှတ်ပုံတင်လုပ်ငန်းတွေ လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့ အီလက်ထရွန်နစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စတင်အသုံးပြုခဲ့ပါတယ်။ MyCO ထူထောင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်တဲ့ Doing Business Report (2019) မှာ မြန်မာနိုင်ငံအနေနဲ့ စီးပွား ရေးလုပ်ငန်းတွေ စတင်ခြင်းနဲ့ ပတ်သက်လို့ အဆင့် ၁၅၂ ရှိခဲ့ရာမှ ယခု Doing Business Report (2020) မှာ အဆင့် ၇၀ သို့ တိုးတက် လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်ကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ကုမ္ပဏီမှတ်ပုံတင် ဆောင်ရွက်မှုအနေနဲ့ စုစုပေါင်း ကုမ္ပဏီအရေအတွက် ၆၇၈၉၈ ခု မှတ်ပုံတင်နိုင်ခဲ့ပြီး လစဉ်ကုမ္ပဏီအသစ် ၁၄၀၀ မှ ၁၅၀၀ ခန့်အထိ မှတ်ပုံတင်ပေးနိုင်ခဲ့ပါတယ်။

လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်တဲ့အတွက် ဒီဥပဒေအရ ဆောင်ရွက်ရမယ့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို (Insolvency Practitioners) မှတ်ပုံတင်စေ ခြင်းနဲ့ မြန်မာနိုင်ငံကုမ္ပဏီတွေ ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားခြင်းမရှိတဲ့ Individual/ MSME တွေ လူမွဲခံယူခြင်း၊ မှတ်ပုံတင်ခြင်းတွေ အတွက် သီးခြား Registry စနစ် တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီစီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် တွေ ပိုမိုအားကောင်းလာစေရေးအတွက် Corporate Governance Principle ရေးဆွဲ ပြဋ္ဌာန်းဖို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးမှူးရုံး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တို့နဲ့ ပူးပေါင်းပြီး အကျိုးခံစားခွင့်ရှိသူပိုင်ရှင် (Beneficial Ownership) ဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

-ကော်မရှင် အတွင်းရေးမှူးရုံးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဆိုပြုချက်တွေကို Online လက်ခံဆောင်ရွက်ပေးမယ့် Invest-ment Proposal Online စနစ်နဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ စိစစ်ထိန်းကျောင်းနိုင်မယ့် Online Investment Monitoring Application တွေကို ဆက်လက်အကောင် အထည်ဖော်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်စီးပွားရေးအပေါ် သက်ရောက်နိုင်တဲ့ အခြေအနေတွေနဲ့ ဆောင်ရွက်ထားရှိမှုတွေကို သိရှိလိုပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးအပေါ်မှာ အထိုက်အလျောက် သက်ရောက်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ များစွာ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ဆိုင်ရာ သက်ရောက်မှုတွေ တွေ့ကြုံနေရပါ တယ်။

ထုတ်လုပ်မှုကဏ္ဍ (Manufacturing Sector)၊ ဟိုတယ်လုပ်ငန်းကဏ္ဍတွေနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွေမှာ ထိခိုက်မှု ဆိုးဆိုးရွားရွား ခံစားရပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ဖွဲ့စည်းထားပြီး ရောဂါကြိုတင် ကာကွယ်ရေးနဲ့ စောင့်ကြပ်ကြည့်ရှုရေး အတွက်၊ ကုသရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကို သတိမူပြီး ကျန်းမာရေးဆိုင်ရာ အသိပညာတွေ တိုးပွားစေဖို့ သတင်းမီဒီယာတွေ၊ ရုပ်သံလိုင်းတွေအပြင် ဆိုရှယ်မီဒီယာမှတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ အသိပေးလျက်ရှိပါတယ်။ ဒါ့ပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်း ကော်မတီကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

လုပ်ငန်းကော်မတီရဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) မှာ မြန်မာ့စီးပွားရေး ဘဏ်က ကနဦးမတည်ငွေအဖြစ် ငွေကျပ် ဘီလီယံ ၁၀၀ ကို COVID-19 Fund အဖြစ် ထူထောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဆိုပါ COVID-19 Fund ကနေ စီးပွားရေးအရ သက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်း ၊ ချေးငွေကာလ ၁ နှစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်မှာ ချေးငွေလျှောက်ထားတဲ့ လုပ်ငန်းတွေအနက် ပထမအသုတ်အဖြစ် လုပ်ငန်း ၈၅ ခု၊ ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၁၃ ခုနဲ့ တတိယအသုတ်အဖြစ် လုပ်ငန်း ၁၁၁ ခုတို့ကို COVID-19 Fund ကနေ ချေးငွေထုတ်ယူခွင့်ပြုခဲ့ပါတယ်။ ကျန်ရှိတဲ့ လုပ်ငန်းတွေကို COVID-19 Fund ကနေ ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိပါတယ်။

တွေ့ဆုံမေးမြန်း - ရှင်မင်း၊ ဓာတ်ပုံ - MIFER