NHL နှင့် MSF တို့ ပူးပေါင်းပြီး မြန်မာ သင်္ဘောသားများအတွက် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်

ရန်ကုန် ၂ ဇွန်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) တို့ ပူးပေါင်းပြီး မြန်မာသင်္ဘောသားများအတွက် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်ထံမှ သိရသည်။

 

“ကိုဗစ်-၁၉ ဆေးစစ်တာနဲ့ ဆေးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်လုပ်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်လေးတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ရမလဲဆိုတာ အဆိုပြုခဲ့ပါတယ်။ အဆိုပြုခဲ့ပြီးတဲ့ နောက်မှာ ဝန်ကြီးဌာနကလည်း သဘောတူတယ်။ NHL ကလည်း လုပ်ပေးမယ်။ ဆေးစစ်တဲ့ကိစ္စနဲ့ ဆေးလက်မှတ် ထုတ်တဲ့ကိစ္စကို မေ ၂၁ ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်” ဟု ကပ္ပတိန် စိုးမင်းအောင်က ပြောသည်။

 

ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဆေးစစ်ရန် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်သို့ အွန်လိုင်းမှ စာရင်းပေးထားသည့် သင်္ဘောသားဦးရေ ၉၀ ကျော်ရှိပြီး ဆေးစစ်ထားပြီး ရောဂါပိုးကင်းစင်ကြောင်း ဆေးလက်မှတ် ထုတ်ပေးထားသည့် သင်္ဘောသားဦးရေ ၆၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်မှ သိရသည်။

 

“ကျွန်တော်တို့နဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ သဘောတူထားတာလေးက ဆေးစစ်ခံလိုတဲ့ရက်ထက် ၇၂ နာရီကြိုပြီး အကြောင်းကြားရတယ်။ ဆေးစစ်မယ့် လူစာရင်းပို့ရတယ်။ ကျွန်တော်တို့ဆီကို ဆေးစစ်ခံလိုတဲ့ သင်္ဘောသားကို ၄ ရက် အချိန်ပေးပြီး အွန်လိုင်းကနေ လျှောက်ပါလို့ တိုက်တွန်းထားတယ်။ ဒါမှလည်း NHL ကို စာရင်း ၇၂ နာရီ ကြိုပို့တဲ့အချိန် အဆင်ပြေမယ်လို့  ယူဆတဲ့အတွက် ၄ ရက် ကြိုလျှောက်ခိုင်းထားတယ်။ ဆေးစစ်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ WHO တို့က သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ လုပ်တာဖြစ်တဲ့အတွက်ရော၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပေးတာဖြစ်တဲ့အတွက်ရော နိုင်ငံတကာက လက်ခံပါတယ်” ဟု ကပ္ပတိန် စိုးမင်းအောင်က ပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စာချုပ်သက်တမ်းပြည့်၍ မြန်မာနိုင်ငံသို့ ပြန်လာမည့် သင်္ဘောသားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ပြန်လာနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ကပ္ပတိန် စိုးမင်းအောင်က  “မြန်မာသင်္ဘောသားတွေ ကိုယ်နိုင်ငံကို ပြန်လာဖို့အတွက် လေကြောင်းခရီးစဉ်တွေ မရှိသေးဘူး။ သို့သော်လည်း အိန္ဒိယ၊ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာတော့ ခရီးစဉ်တွေကို စီစဉ်ပေးတဲ့အတွက် အခုဆိုရင် အိန္ဒိယသင်္ဘောသားတွေ ဖိလစ်ပိုင်သင်္ဘောသားတွေ လေယာဉ်စင်းလုံးဌား ခရီးစဉ်တွေနဲ့ ပြန်လာကြတာ သတင်းတွေမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကိုယ်နိုင်ငံကနေ သင်္ဘောပေါ် အလုပ်လုပ်ဖို့သွားမယ့် မြန်မာသင်္ဘောသားတွေ  သွားလိုတဲ့ ခရီးစဉ်သွားဖို့အတွက်၊ လေယာဉ်စင်းလုံးဌား ခရီးစဉ်တွေကို စီစဉ်ပေးဖို့အတွက် လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေပါတယ်။ လေကြောင်းလိုင်းတွေကို အဆိုပြုထားတာကတော့  သွားလို့ရတဲ့မြို့ လေဆိပ်ရှိတဲ့မြို့ ၉ မြို့ ၁၀ မြို့လောက်ကို အဆိုပြုထားပါတယ်” ဟု ပြောသည်။

 

မြန်မာသင်္ဘောသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဆေးစစ်နိုင်ရန် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) ၏ Facebook ဖြစ်သည့် www.facebook.com / msf.myanmar သို့ ဝင်ရောက်ကြည့်ရှုပြီး အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် သင်္ဘောသားမှတ်ပုံတင်ထားသူဦးရေ တစ်သိန်းကျော်ရှိပြီး နှစ်စဉ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိအပါအဝင် သင်္ဘောသားဦးရေ ငါးသောင်းကျော်ရှိကာ နှစ်စဉ် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန် ရှာဖွေပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ- နေလင်း)