ငဝန်မြစ်ရေတိုက်စားမှုကြောင့် ရှေးဟောင်းသမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းနံရံများ ပြိုကျပျက်စီး

လေးမျက်နှာ  ၁၁  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ဟောင်းရှိ ငဝန်မြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းနံရံများမှာ ယမန်နေ့ ညနေ ၆ နာရီက ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ပြိုကျလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ငဝန်မြစ်ရေတိုက်စားမှုကြောင့် စေတီတော်မြတ်ကြီး၏ အရှေ့နှင့် အရှေ့တောင်ထောင့် ပန်းတင်ခုံနှင့် ကပ်လျှက် အာရုံခံတန်ဆောင်း အဟောင်းနံရံမှာ အက်ကြောင်းများပေါ်ပြီး စေတီတော်မြတ်ကြီးနှင့် အလွန်နီးကပ်စွာ ကျောက်ကမ်းပါးအကျယ်ပေ (၇၀)ခန့်မှာ တဖြည်းဖြည်း ပြိုကျလျက်ရှိရာ အချိန်မီကမ်းဆည် ပြုပြင်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရေလမ်းထိန်းသိမ်းရေးဌာနမှူး ဦးမောင်မောင်နိုင်၊ တိုင်းညွှန်မှူး ဦးလှမိုးနှင့် ခရိုင်AE ဦးဇေယျာထွန်းတို့မှ ယနေ့ မွန်းလွဲ ၁ နာရီတွင် လာရောက်ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

"သမိုင်းဝင်ထူပါရုံ စေတီတော်မြတ်ကြီးရဲ့ စိုးရိမ်ဖွယ်ရာ ငဝန်မြစ်ရေတိုက်စားမှုကို ကမ်းဆည်နိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၆ /၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သိန်း(၉၄၀ဝ)၊ ၂၀၁၇/ ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သိန်း(၁၆၀ဝဝ) စုစုပေါင်း ငွေကျပ်သိန်း(၂၅၄၀ဝ) ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ကမ်းဆည်၊ ကမ်းထိန်း၊ ကျောက်ကမ်းပါးစီတဲ့ လုပ်ငန်းတွေကို ဆောင်ရွက် ခဲ့ပါတယ် ၂၀၁၈/၂၀၁၉ မှာတော့ သာမာန်လုပ်ငန်းတွေကို  ဆောင်ရွက်ခဲ့ပြီး ၂၃-၈-၂၀၁၉ ရက်နေ့မှာ  မိုးရွာသွန်းမှုကြောင့်  မမျှော်လင့်ဘဲ စေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက် ကျောက်ကမ်းပါးလှေကားထစ်တွေ ပြိုကျခဲ့ပါတယ် ဆက်လက်ပြီး သက်ဆိုင်ရာဌာနမှ ဝါးတန်းများရိုက်ခြင်း၊ သစ်ကိုင်းများချခြင်း စတဲ့ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပေမယ့် မြစ်ကမ်းပါးမှာ နေ့စဉ်လိုလို ကျောက်စီနံရံများ ပြိုကျလာတဲ့အတွက် သက်ဆိုင်ရာဌာနမှ ထပ်မံပြီး မျှောတိုင်များရိုက်ခြင်း၊ သဲအိတ်များချခြင်း၊ သဲလှေခုနှစ်စီးဖြင့် သဲများမုတ်တင်ခြင်း စတဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ် အောက်တိုဘာ ၃၀ ရက်နေ့မှာ စေတီတော်မြတ်ကြီးရဲ့ မုခ်ဦးပြိုကျသွားပြန်ပါတယ်၊ ယခု နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း စေတီတော်မြတ်ကြီးရဲ့ အရှေ့နှင့် အရှေ့တောင်ထောင့် ပန်းတင်ခုံနှင့်ကပ်လျှက် အာရုံခံတန် ဆောင်းအဟောင်းနံရံမှာ အက်ကြောင်းများပေါ်ပြီး စေတီတော်မြတ်ကြီးနဲ့ အလွန်နီးကပ်လာပြီး ကျောက်ကမ်းပါးပေ(၇၀)ခန့်မှာ တဖြည်းဖြည်း ပြိုကျနေပြီဖြစ်တဲ့အတွက် တစ်ရက်လျှင် တစ်ရက်အလျောက် အချိန်နဲ့အမျှ စေတီတော်မြတ်ကြီးမှာ ကမ်းပြိုသည့်နေရာနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် ရဟန်းရှင်လူ၊ မြို့နယ်သူ/သားများအနေဖြင့် အထူးပင်စိုးရိမ်ပူပင်နေကြောင်း ထူပါရုံစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်အေးက ပြောသည်။

 

ရွှေမိုး(ပြန်ဆက်)