ငါ့သရောက်မြို့နယ်ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းခွင်ဝင်ရန်အတွက် လုပ်ငန်းများ ကြိုတင် ဆောင်ရွက်လျက်ရှိ

ငါ့သရောက်   ၂၇  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့နယ်ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းခွင်ဝင်နိုင်ရန် ထန်းရိုင်းပင်တန်းများ ရှင်းလင်းခြင်းနှင့် ထန်းလှီး၊ ထန်းတက်ချိန်တွင် ထန်းလျက် ကျိုချက် နိုင်ရန်အတွက် လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထန်းတောင်သူများထံမှ သိရသည်။

 

963358

 

ထန်းတောင်သူများအနေဖြင့် ထန်းပြင်ချိန်ဖြစ်သည့် ပြာသို၊ တပို့တွဲလ မရောက်ခင် ထန်းလုပ်ငန်းခွင် အသုံးအဆောင်များဖြစ်သော ယင်းထောင်(ထန်းတက်လှေကား)၊ ယင်းဆွဲ၊ ယင်းထောင်လှေကားဆံ၊ ယင်းထောင် တုပ်နှောင်ရန် ထန်းလျှော်များ၊ ထန်းဆွဲမြူအိုးစုဆောင်းခြင်း၊ ထန်းလျက်မီးဖိုပြုလုပ်ရန် မြေစေးခေါ် မြေနီ တူးယူစုဆောင်းခြင်း၊ ထန်းဆွဲမြူအိုးကြိုး ကြိုတင်ဝယ်ယူစုဆောင်းခြင်း၊ ထန်းလှီးဓား၊ ကလိုင်နှင့် ထန်းလုပ်ငန်း သုံးပစ္စည်းများကို ကြိုတင်စုဆောင်းနေပြီဖြစ်ကြောင်း ငါ့သရောက်မြို့ တမာခါး ကျေးရွာ ထန်းတောင်သူ ဦးတင်လှိုင်က ပြောသည်။

 

9635

 

ထန်းနို့ထွက်ချိန်ဖြစ်သည့် ပြာသိုလ၊ တပို့တွဲလ မရောက်ခင် ထန်းရိုင်းပင် (ထန်းပင်အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း အပင်)များ ထန်းနို့ထွက်ချိန် ထန်းလှီးဖို့ရှင်းလင်းနေစေရန် ထန်းရိုင်းပင်များမှာ ငယ်စဉ်ထဲက ထန်းရွက်၊ ထန်းလျက်များ ခုတ်ခဲ့သောကြောင့် အပင်မြင့်လာသည့်အခါ အနည်းငယ်ရှင်းလင်းရုံဖြင့် ထန်းလှီးရန် အဆင်ပြေကြောင်း ကုလားတဲကျေးရွာ ထန်းတောင်သူ ဦးအောင်ရင်က ပြောသည်။

 

258

 

ထန်းတက်လုပ်ငန်းသည် အခြားစိုက်ပျိုးရေးလုပ်ငန်းထက် ထန်းတက်လုပ်ငန်းမှ ထန်းလျက်မရမှာ မစိုးရိမ်ရ သော်လည်း ပေါ်ဦးပေါ်ဖျားထန်းလျက်နှင့် နောက်ပိုင်းထန်းလျက်ဈေး ဈေးနှုန်းရရှိပြီး ထန်းလျက်လှိုင်လှိုင်ပေါ်သည့် တပို့တွဲ၊ တပေါင်းလများတွင် ဈေးနည်းကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)