ငါ့သရောက်မြို့၊ တပြားဆည်အတွင်း မိုးရေဝင်ရောက်မှုကောင်းပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် ဒေသခံပြည်သူများ ဝမ်းသာလျက်ရှိ

mdn

ငါ့သရောက်    စက်တင်ဘာ    ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် စက်တင်ဘာ ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် အဓိကထားမှီခိုနေရသည့် တပြားဆည်အတွင်း ရေဝင်ကောင်းခဲ့သဖြင့် ဒေသခံ ပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။

အဆိုပါ တပြားဆည်သည် ငါ့သရောက်မြို့ အမှတ်(၂) ပျဉ်းပင်ရပ်ကွက်တွင်တည်ရှိပြီး ပန်းမျိုးစုံ စိုက်ပျိုးရောင်းချသူများ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများနှင့် စပါးစိုက်တောင်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက်ပါ မှီခိုအားထားရသည့်ဆည်ဖြစ်ကြောင်းနှင့် ယခုလိုရေအဝင်ကောင်းပြီး ရေပြည့်လျှံခဲ့သဖြင့်  စိုက်ပျိုးရေ သာမက သောက်သုံးရေ အတွက်ပါ ဆောင်းရာသီနှင့် နွေရာသီအထိ လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ခြင်းကြောင့် ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်။

“အရင်နှစ်တွေက မိုးရွာသွန်းမှုနည်းခဲ့တဲ့အတွက် တပြားဆည်လည်း ရေအဝင် နည်းခဲ့တယ်ဗျ၊ ဆည်ရေမဝင်တော့ ကျွန်တော်တို့ အမှတ်(၂) ပျဉ်းပင်ရပ်ကွက်နဲ့အနီးဝန်းကျင်ရွာတွေက စိုက်ပျိုးရေးအတွက် ရေတော်တော်ခက်ခဲ ခဲ့ကြတယ်၊ စိုက်ပျိုးရေတင်မဟုတ်ပါဘူးဗျာ သောက်သုံးရေပါ ခက်ခဲခဲ့ကြတာပါ၊ ဒီနှစ်တော့ မိုးကောင်းလို့ ဆည်က ရေအဝင်ကောင်းခဲ့တော့ လာမဲ့ ဆောင်းရော နွေရော စိုက်ပျိုးရေနဲ့ သောက်သုံးရေအတွက် ပူစရာ မလိုတော့ဘူးပေါ့ဗျာ၊ အဲ့ဒါကြောင့်လည်း ဝမ်းသာနေကြရတာပါ”ဟု အမှတ်(၂) ပျဉ်းပင်ရပ်ကွက်နေ ဦးနေအောင်က ပြောပြသည်။

အေးအေးမိုး(ငါ့သရောက်)