ငရုတ်သီးဈေးကောင်းသော်လည်း စိုက်ပျိုးစရိတ် ချေးယူထားသူများထံ ဖြတ်ဈေးဖြင့် သွင်းနေရ

ညောင်ဦး ၂၈  ဇန်နဝါရီ


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကုက္ကိုကုန်းကျေးရွာတွင် ငရုတ်သီးစိုက် တောင်သူများ ငရုတ်သီးဈေးကောင်းသော်လည်း  စိုက်ပျိုးချိန်က စိုက်ပျိုးစရိတ် ထုတ်ပေးထားသူများထံ ငရုတ်သီးပြန်လည် သွင်းနေရခြင်းကြောင့် အကျိုးခံစားခွင့် နည်းပါးလျက်ရှိကြောင်း ငရုတ်ခင်းပိုင်ရှင် ဦးခင်မောင်ဝင်းက ပြောပြသည်။

 

123


အဆိုပါ ငရုတ်စိုက် တောင်သူများသည် ရရှိလာသည့် ငရုတ်သီးများ ပခုက္ကူ၊ ညောင်ဦးဈေးကွက်တွင် တစ်ပိဿာ ၁၀ဝ၀ ကျပ် ဈေးပေါက်သော်လည်း ပြန်လည်သွင်းချိန်တွင် ၈၀ဝ ကျပ်သာ ပေးချေကြောင်းနှင့် ငရုတ်သီးအစိမ်းရော အမှည့်ရော တစ်ပိဿ ၈၀ဝ ကျပ်သာ ဈေးပေးကြောင်း  ဦးခင်မောင်ဝင်းမှ ပြောသည်။


ငရုတ်စိုက်ပျိုးစရိတ်များ အားလုံးသည် စိုက်ပျိုးစရိတ် ထုတ်ချေးထားသူများထံ ငရုတ်ပြန်လည် ပေးသွင်းရခြင်းကြောင့် အပြင်ပေါက်ဈေးနှင့် တစ်ပိဿာ ကျပ် ၂၀ဝ ကွာခြားလျက်ရှိသည်။


ငရုတ်သီးခူးဆွတ်ချိန်တွင် လူအင်အားသုံးကာ ခူးဆွတ်နေရခြင်းကြောင့် ငရုတ်သီးဈေးကောင်းသော်လည်း တွက်ချေမကိုက်ဘဲ  လုပ်အားခပင် ဆုံးရှုံးနေရကြောင်း  ငရုတ်စိုက်တောင်သူများထံမှ သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)