ငဖဲမြို့နယ်တွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်နေ

ငဖဲ  ၁၁ နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကံပေါက်ကျေးရွာနှင့် ဆူးပဒေါင်းကျေးရွာနှစ်ရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ICB-3 တစ်အိမ်သုံးဆိုလာ စနစ် ဖြင့် မီးရရှိရေးဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့်အတူ ကျေးရွာနှစ်ရွာရှိ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆိုလာပြားနှင့် အင်ဗာတာများ တပ်ဆင်နေမှုအခြေအနေများ၊ ဘာသာရေး ကျန်းမာရေးနှင့် ပညာရေး အဆောက်အဦများ၊ လမ်းမီးတိုင်တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဆိုလာသုံးစွဲသော ပြည်သူများအား ဆိုလာမီးသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

1 (10)

 

အဆိုပါ ကျေးရွာနှစ်ရွာတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 ဖြင့် ကျေးရွာနှစ်ရွာရှိ နေအိမ်များကို တစ်အိမ်သုံး ဝပ် ၆ဝ  ဆိုလာ ၁၄၆ ယူနစ်၊ ဝပ် ၁ဝဝဆိုလာ ၈၁ ယူနစ်နှင့် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးတိုင် ၁၉ တိုင်၊ စာသင်ကျောင်းနှစ်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း တစ်ခု၊ ဘာသာရေးအဆောက်အအုံသုံးခုတို့တွင် မီးရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာမှ ၆ဝ ဝပ်ဆိုလာအတွက် ငွေကျပ်ငါးသောင်းနှင့် ၁ဝဝ ဝပ်ဆိုလာအတွက် ငွေကျပ်တစ်သိန်းငါးသောင်း ထည့်ဝင်ပေးရကြောင်းသိရသည်။

ငဖဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားဓာတ်အား ရရှိရေးစီမံကိန်း(NEP) ICB-3 ဖြင့် ကံပေါက်ကျေးရွာ နှင့် ဆူးပဒေါင်းကျေးရွာနှစ်ရွာ အပါအဝင် ညောင်ကိုင်းကြီး၊ ကံရွာ၊ စည်သာ၊ မာန်အောင်၊ မရိုးကန် စသည့်ကျေးရွာ ခုနှစ်ရွာရှိ အိမ်ခြေ ၈၄၉ အိမ်အတွက် ဆိုလာ ၆၀ ဝပ် (၂၁၅)ယူနစ်၊ ၁၀၀ ဝပ် (၁၇၄)ယူနစ်နှင့် အများပြည်သူပိုင် နေရာများဖြစ်သော မူလတန်းကျောင်းသုံးကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်း တစ်ခု၊ လမ်းမီးတိုင် (၂၉)တိုင်နှင့် ဘာသာရေး အဆောက်အဦ ငါးခုတို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြသည်။

 စိုးမိုးကျော်