ငဖဲမြို့နယ်တွင် ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် တင်းဝါးများ ရောင်းအားကောင်း

ငဖဲ   နိုဝင်ဘာ   ၂၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။

 

တင်းဝါးပြုလုပ်ရာတွင် ပုသိမ်ကောက်ညှင်းဆန်အမျိုးအစားကိုသုံးပြီး တစ်ညရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပိုင်းဖြတ်ပြီးသား တင်းဝါးအတွင်းထည့်၍ ရေနွေးထည့်ပြီး ငှက်ပျောရွက်များဖြင့် ပိတ်ဆို့ပြီး နာရီဝက်ခန့် မီးဖုတ်ရကြောင်း၊ မီးဖုတ်ပြီးသား တင်းဝါးများကို ဓားဖြင့် အပေါ်ယံအခွံခွာပြီး ရောင်းချရကြောင်း သိရသည်။

 

ကောက်ညှင်းကျည်တောက်(ခ)တင်းဝါးကို လုပ်ကိုင်ရောင်းချလာတာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တင်းဝါးရရှိချိန်ကနေ တပို့တွဲလအထိရောင်းချရကြောင်း၊ တစ်နေ့လျှင် ကောက်ညှင်းဆန် ၈ ပြည်နှုန်း ပုံမှန်လုပ်ကိုင်ရပြီး မှာယူသူများရှိပါက ၁၆ ပြည်အထိလုပ်ကိုင် ရောင်းချရ ကြောင်း၊ ပုသိမ်ကောက်ညှင်းဆန် တစ်ပြည်ကို ငွေကျပ် ၁၅၀၀ နှုန်းပေးဝယ်ရပြီး တင်းဝါးများကို မန်းချောင်းရေလှောင်တမံဆည်အနောက်ဘက်တောထဲမှ ခုတ်ယူရရှိကာ ဝါးတစ်လုံးလျှင် ငွေကျပ် ၅၀၀ ပေးရကြောင်း၊ အဆိုပါဝါးတစ်လုံးကို တစ်ဆစ်စီ ပိုင်းဖြတ်ပါက ၈ ပိုင်းခန့်ရရှိကြောင်း၊ မီးဖုတ်ပြီးသား တင်းဝါးတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ ငွေကျပ် ၂၅၀ မှ ၈၀၀ ကျပ် အထိရောင်းချရကြောင်း၊ တင်းဝါးများကို မိမိနေအိမ်မှာပဲလုပ်ကိုင်ရောင်းချပြီး စားသုံးသူများနှင့် လက်ဆောင်ပေးရန် လာရောက် ဝယ်ယူကြရာ နေ့စဉ်ပုံမှန်ရောင်းချရ၍ တစ်နေ့လျှင် ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ အမြတ်ငွေရရှိလို့ မိသားစုစီးပွားရေးအဆင်ပြေနေကြောင်း  ကျောင်းတွင်းရပ်ကွက် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် တင်းဝါးလုပ်ကိုင်ရောင်းချသူ ဦးကြီးညိုက ပြောသည်။

 

မယု (ငဖဲ)