ငြိမ်းချမ်းသာယာသော ဘားအံခရိုင်သို့

မောင်သာ(ရှေးဟောင်းသုတေသန)

 

တစ်ချိန်သောကာလက တည်ငြိမ်အေးချမ်းမှုမရှိခဲ့သည့် ကရင်ပြည်နယ်သည် ယခုအချိန်တွင် ငြိမ်းချမ်းမှုနှင့်အတူ တိုးတက်ဖွံ့ဖြိုးနေသည့် ဒေသတစ်ခုအဖြစ် ရပ်တည်နေပေသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည့် ကရင်ပြည်နယ်ကို ခရိုင်လေးခု၊ မြို့နယ်ခုနှစ်ခုဖြင့် ဖွဲ့စည်းထားရာ ပြည်နယ်မြို့တော် ဘားအံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားသည့် မြဝတီမြို့နယ်တို့သည် ကရင်ပြည်နယ်၌ အထင်ရှားဆုံး မြို့နယ်များ ဖြစ်ကြသည်။ ဘားအံခရိုင်ကို ဘားအံမြို့နယ် လှိုင်းဘွဲ့မြို့နယ်၊ သံတောင်ကြီးမြို့နယ်တို့နှင့် ဖွဲ့စည်း၍ ကော့ကရိတ်ခရိုင်ကို ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့နှင့် ဖွဲ့စည်းကာ ဖာပွန်ခရိုင်ကို ဖာပွန်မြို့နယ်၊ မြဝတီခရိုင်ကို မြဝတီမြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

 

ဘားအံသို့

 

ဘားအံခရိုင်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ဘားအံမြို့သည် ရှေးအခါက သံလွင်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ရွာငယ်တစ်ခုဖြစ်ကာ လွန်ခဲ့သည့် နှစ် ၁၅၀ ကျော်က အိမ်ခြေ ၂၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ကရင်၊ ရှမ်း တောင်သူ တိုင်းရင်းသားများနှင့် ထိုင်းလူမျိုးများ နေထိုင် ခဲ့ကြသည်။ ရွာတည်ထားသည့် သံလွင်မြစ် ကမ်းစွယ်မှ ကျောက်စွန်းကို အစွဲပြုလျက် ကျေးရွာအမည်ကို ရှမ်းဘာသာဖြင့် ဖားအမ်းဟု ခေါ်ဆိုခဲ့ရာမှ ကာလကြာမြင့်လာချိန်တွင် ဖားအမ်းမှ ဖားအံ၊ ဘားအံဟု ပြောင်းလဲခဲ့သည်။

 

ဘာအံသည် တစ်စတစ်စ လူနေအိမ်ခြေ များလာခဲ့ပြီးနောက် ၁၈၅၅ ခုနှစ်တွင် ဇာသပြင် တိုက်နယ်အုပ်ချုပ်မှုအောက်တွင် တိုက်နယ်အဆင့်ကျေးရွာ ဖြစ်လာခဲ့သည်။ ၁၈၆၆ ခုနှစ်တွင်ဘားကပ်ကို မြို့အဖြစ်သတ်မှတ်ခဲ့ပြီးနောက် ဘားအံသည် ဘားကပ်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီး ၁၈၉၂ခုနှစ်တွင် လက်ထောက်မြို့ပိုင် အုပ်ချုပ်သည့်မြို့ ဖြစ်လာခဲ့သည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ၅၃ ပေမြင့်သည့် ဘားအံမြို့နယ်သည် မြေပြန့်နည်းပါး၍ ကုန်းမြင့်များ ပေါများကာ မြို့နယ်အတွင်းရှိ တောင်စွယ်တောင်တန်းများအနက် ဘားအံမြို့မှ တောင်ဘက် ကိုးမိုင်အကွာတွင်ရှိသည့် ၂၇၂၇ ပေမြင့်သော ဇွဲကပင်တောင်သည် အထင်ရှားဆုံးဖြစ်သည်။ ဘားအံ မြို့နယ်အတွင်း၌ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိချောင်းနှင့် ဇာသပြင်ချောင်း အပါအဝင် မြစ်ချောင်းများ စီးဆင်းနေကြသည်။ ကားလမ်းများ တိုးတက်ကောင်းမွန်ခြင်း မရှိမီအချိန်က ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်တွင်းရေကြောင်းက သံလွင်မြစ်ကြောင်းတစ်လျှောက် သင်္ဘောများ ပြေးဆွဲခဲ့သည်။

 

လက်ရှိအချိန်တွင် ဘားအံမြို့နယ်ကို ရပ်ကွက် ကိုးခု၊ ကျေးရွာအုပ်စု ၉၁ ခု၊ ကျေးရွာ ၄၇၇ ရွာဖြင့် ဖွဲ့စည်းထားရာ ဘားအံမြို့နယ်အတွင်း နေထိုင်သူ ဦးရေသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ၄၀၅၀၂၉ ဦးဖြစ်၍ ကရင်လူမျိုး လူဦးရေသည် ၂၈၂၅၄ ဦးဖြစ်ကာ မွန်၊ ပအိုဝ်း နှင့် ဗမာလူမျိုးများလည်း နေထိုင်ကြသည်။ ဘားအံမြို့နယ်မှ ပြည်သူများသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြပြီးခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ တို့ကို ကိုးကွယ်ကြသူများလည်း ရှိသည်။

 

ဒေသနေပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးမြူကြသည်။ ထို့ကြောင့် မြို့နယ်၏ အသားတင်စိုက်ပျိုးမြေ ၃၅၃၁၉၄ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြံနှင့် အစေ့ ထုတ်ပြောင်းကို စိုက်ပျိုးသည်။ ထို့အတူ နှစ်ရှည်ပင်များဖြစ်သည့် ရော်ဘာနှင့် ကော်ဖီတို့ကိုလည်း စိုက်ပျိုးကြသည်။ ဒေသတွင်း ဆန်ဖူလုံမှုသည် ၁၈၄ ဒသမ ၄၆ ရာခိုင်နှုန်းနှင့် ဆီဖူလုံမှုမှာ ၁၁၉ ဒသမ ၀၂ ရာခိုင်နှုန်းရှိသည်။ ။

 

စိုက်ပျိုးရေးအပြင် ဘားအံမွေးမြူရေးဇုန်၌ နွား၊ ဝက်၊ သိုး၊ ဆိတ်နှင့် ကြက်တို့ကို မွေးမြူသည်။ စက်မှုကဏ္ဍတွင် ဘားအံစက်မှုဇုန်၌ စက်ရုံ ၂၇ ရုံ၊ မြို့နယ်အတွင်း၌ စက်မှုလုပ်ငန်း ၂၅၁ ခု၊ အလုပ်ရုံ ၉၀ နှင့် အိမ်တွင်း စက်မှု လက်မှုလုပ်ငန်း ခုနစ်ခုသည် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။

 

သစ်တောကဏ္ဍတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်း ၈၀၁၅ ဒသမ ၈၇ ဧက၌ ကျွန်း၊ သစ်မာမျိုးစုံနှင့် ရော်ဘာပင်များကို စိုက်ပျိုးထားရာ စုစုပေါင်း အပင် ၄၃၂၈၅၇၀ ရှိသည်။ သစ်တောထွက် ပစ္စည်းများဖြစ်သည့် သစ်ခေါက်၊ ပျားရည်၊ ဘုမ္မရာဇာနှင့် လင်းနို့ချေးတို့ကို ထုတ်လုပ်သည်။

 

ဘားအံမြို့နယ်၌ ပေ ၁၈ဝ အထက်တံတား ငါးစင်းရှိသည့်အနက် ၂၅၂၅ ပေရှည်သည့် သံလွင်တံတားကို ၁၉၉၇ ခုနှစ် ဩဂုတ် ၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့် ပညာရပ်များ သင်ယူနိုင်ရန် ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် ပညာရေးကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံတို့ကို ဖွင့်လှစ်ထားသည်။ ထို့အတူ အခြေခံပညာ ကဏ္ဍတွင် အစိုးရအထက်တန်းကျောင်း ၃၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃၀၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၃၅၅ ကျောင်း ဖွင့်လှစ်ထားသည်။

 

ဒေသနေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ခုတင် ၂၀၀ ဆံ့ ကရင်ပြည်နယ် ဆေးရုံကြီး၊ ၂၅ ခုတင်ဆံ့ မြိုင်ကလေးဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံလေးရုံ၊ ဘားအံတိုင်းရင်းဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ နှစ်ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၇၅ ခုတို့ကို ဖွင့်လှစ်ထားသည်။

 

ဘားအံမြို့နယ်၌ ဘုရားစေတီ ၂၀၁ ဆူ၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၁၃ ခု၊ အစ္စလာမ် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၊ ဟိန္ဒူဘုရား ကျောင်း ၂၃ ခုနှင့် တရုတ်ဘုရားကျောင်းနှစ်ခု ရှိသည့်အနက် ဇွဲကပင်ဆံတော်ရှင် စေတီ၊ ရွှေရင်မျှော်စေတီနှင့် သေဋ္ဌမာန်အောင်ဘုရားတို့သည် ထင်ရှားကြသည်။

 

ဘားအံမြို့နယ်အတွင်းရှိ ကော့ဂွန်းဂူနှင့် ရသေ့ပျံဂူတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထား၍ ဘုရင့်ညီဂူသည်လည်း ထင်ရှားသော ရှေးဟောင်းဂူတစ်လုံးဖြစ်သည်။

 

mdn

 

လှိုင်းဘွဲ့သို့

 

ရန်ကုန်မြို့မှ အရှေ့ဘက်သို့ ၃၁၇ ကီလိုမီတာနှင့် ဘားအံမြို့မှ အရှေ့မြောက်ဘက်သို့ ၃၈ ကီလိုမီတာ ကွာဝေးသည့် လှိုင်းဘွဲ့မြို့နယ်သည် ဂျိုင်းမြစ်၏ လက်တက်တစ်ခုဖြစ်သည့် လှိုင်းဘွဲ့ချောင်းကမ်းတွင် တည်ရှိသည်။ လှိုင်းဘွဲ့မြို့နယ်ကို ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်တွင် ဖွဲ့စည်း၍ ရှမ်းရွာသစ်မြို့ကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ပိုင်ကျုံမြို့ကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်။ လှိုင်းဘွဲ့မြို့နယ်သည် ၁၆၇၁ ဒသမ ၄၄ စတုရန်းမိုင် ကျယ်ဝန်း၍ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ အနောက်ဘက်တွင် ဘားအံမြို့နယ်နှင့် ဖာပွန်မြို့နယ်၊ တောင်ဘက်တွင် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ မြောက်ဘက်တွင် ဖာပွန်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။

 

လှိုင်းဘွဲ့မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိ၍ မြို့နယ်၏ ပျမ်းမျှအပူချိန်သည် ၂၀ ဒီဂရီ စင်တီဂရိတ်နှင့် ၄၅ ဒီဂရီစင်တီဂရိတ်အကြား ဖြစ်သည်။

 

လှိုင်းဘွဲ့မြို့နယ်ကို မြို့သုံးမြို့ (လှိုင်းဘွဲ့၊ ရှမ်းရွာသစ်၊ ပိုင်ကျုံ)၊ ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၇၂ အုပ်စုကျေးရွာ ၃၇၁ ဖြင့် ဖွဲ့စည်းထားကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ လှိုင်းဘွဲ့မြို့တွင် နေထိုင်သည့် လူဦးရေသည် ၂၇၉၄၆၇ ဦး ဖြစ်သည်။

 

မြို့နယ်အတွင်း၌ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းနှင့် အခြား တိုင်းရင်းသားလူမျိုးများ နေထိုင်ကြပြီး မြို့နယ်နေ ပြည်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများလည်း ရှိသည်။ လှိုင်းဘွဲ့မြို့နယ်၏ အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်၍ စပါးနှင့် မြေပဲ အများဆုံး ထွက်ရှိသည်။ မြို့နယ်၏ အသားတင်စိုက်ပျိုးမြေ ဧရိယာ ၁၄၈၄၆၀ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်းနှင့်ကြံကို အများဆုံးစိုက်ပျိုး၍ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ရေတာကော်ဖီ၊ ငရုတ်ကောင်းနှင့် ကွမ်းသီးတို့ကိုလည်း စိုက်ပျိုးသည်။ ဆန်နှင့် မြေပဲ စိုက်ပျိုးမှု များပြားသဖြင့် လှိုင်းဘွဲ့မြို့နယ်၏ ဆန်ဖူလုံမှုသည် ၂၅၇ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ဆီဖူလုံမှုသည် ၁၁၀ ဒသမ ၃၄ ရာခိုင်နှုန်းဖြစ်သည်။ မွေးမြူရေးကဏ္ဍ၌ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် ငါးတို့ကို မွေးမြူသည်။

 

လှိုင်းဘွဲ့မြို့နယ်၌ အစိုးရအထက်တန်းကျောင်း ၁၃ ကျောင်း အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၂၀၅ ကျောင်း ရှိသကဲ့သို့ ခုတင် ၅၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၊ ၂၅ ခုတင်ဆံ့ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန ၁၁ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၅ ခု ရှိသည်။

 

မြို့နယ်အတွင်း စေတီပုထိုး ၃၈၅ ဆူ၊ ဘုန်းကြီးကျောင်း ၃၂၈ ကျောင်း၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၃၂ ခု၊ အစ္စလာမ် ဘာသာရေးအဆောက်အအုံ ၂၉ ခုနှင့် ဟိန္ဒူဘုရားကျောင်းနှစ်ကျောင်း ရှိသည့်အနက် လှိုင်းဘွဲ့မြို့ရှိ ကျိုက်မုရော၊ ကျိုက်မုထော ကျိုက်မုရွေ့ စေတီသုံးဆူနှင့် မြိုင်ကြီးငူ ဘေးမဲ့ နန်းဦးတောရကျောင်းတို့သည် ထင်ရှားကြသည်။ ရှမ်းရွာသစ်မြို့ မဲသမူကျေးရွာ အုပ်စုရှိ ပရေကြေတိုရေတံခွန်၊ ရင်းဘိုင်း ကျေးရွာအုပ်စုရှိ ကျုံထော်ရေတံခွန်နှင့် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာအုပ်စုရှိ ကွီးကျယ်ရေတံခွန်တို့သည် လှိုင်းဘွဲ့ မြို့နယ်၏ ထင်ရှားသော အပန်းဖြေနေရာများ ဖြစ်ကြသည်။

 

သံတောင်ကြီးသို့

 

တောင်ငူခရိုင်တွင် ပါရှိခဲ့သည့် သံတောင်မြို့နယ်ကို ၁၉၀၀ ပြည့်နှစ်တွင် ကွမ်းပင်ရွာ (ယခု ထုံးဘိုကြီးရွာ) မြောက်ဘက်တွင် ရုံးစိုက်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် လိပ်သိုနှင့် ၁၉၃၅ ခုနှစ်တွင် သံတောင်ကြီးသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် သံတောင်မြို့နယ်ကို ကရင်ပြည်နယ်တွင် ထည့်သွင်းခဲ့၍ ၁၉၅၉ ခုနှစ်တွင် သံတောင်မြို့သစ် ၁၃ မိုင်စခန်းသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့ကာ ၁၉၇၃ ခုနှစ်တွင် သံတောင်ကြီးသည် သံတောင်မြို့နယ်တွင် ကျေးရွာအုပ်စုတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် ၂၀၀၀ ပြည့်နှစ်တွင် သံတောင်ကြီးကို မြို့အဖြစ်သတ်မှတ်၍ ၂၀၀၆ တွင် သံတောင်ကြီးမြို့နယ်ကို ဖွဲ့စည်းကာ သံတောင်ကို မြို့အဖြစ် သတ်မှတ်ခဲ့သည်။

 

သံတောင်ကြီးမြို့နယ်ကို မြို့လေးမြို့ (သံတောင်ကြီး၊ သံတောင်၊ လိပ်သို၊ ဘောဂလိ)၊ ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၅၉ ခုနှင့် ကျေးရွာ ၃၄၁ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ သံတောင်ကြီးမြို့နယ် လူဦးရေသည် ၉၀၃၄၄ ဦးဖြစ်ပြီး ကရင်လူမျိုးများက လူဦးရေ၏ ၉၄ ဒသမ ၄၇ ရာခိုင်နှုန်း (၈၅၃၆၃ ဦး) ဖြစ်ကာ ဗမာအပါအဝင် အခြားတိုင်းရင်းသား လူမျိုးများလည်း နေထိုင်လျက်ရှိသည်။ မြို့နယ်ပြည်သူအများစု (၈၄၅၀၀) သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြ၍ ဗုဒ္ဓဘာသာဝင် ၄၆၄၄ ဦးရှိကာ အစ္စလာမ်နှင့် ဟိန္ဒူဘာသာတို့ကို ကိုးကွယ်သူမရှိချေ။

 

သံတောင်ကြီးမြို့နယ်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးဖြစ်၍ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး ဒူးရင်းနှင့် ရော်ဘာတို့ ထွက်ရှိသည်။ မြို့နယ်၏ အသားတင် စိုက်ပျိုးမြေ ဧရိယာ ၉၀၄၉၉ ဧကတွင် စပါး၊ မြေပဲ၊ နှမ်း၊ အစေ့ ထုတ်ပြောင်း၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကွမ်းရွက်၊ ကွမ်းသီး၊ ငှက်ပျောနှင့် အုန်း အပါအဝင် နှစ်ရှည်သီးနှံပင်များ၊ ဖာလာ၊ ငရုတ်ကောင်း၊ နနွင်းနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် ဈေးကွက်ဝင် သီးနှံပင်များကို စိုက်ပျိုးသည်။

 

သို့သော် ဆန်နှင့် ဆီထွက် သီးနှံထွက်ရှိမှုသည် မြို့နယ်နေပြည်သူများ စားသုံးမှုကို မပြည့်မီသဖြင့် ဆန်ဖူလုံမှု ၃၆ ဒသမ၂၂ ရာခိုင်နှုန်းနှင့် ဆီဖူလုံမှု ၂၆ ရာခိုင်နှုန်းသာ ရှိသည်။ အသားထုတ်လုပ်ရန် ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကို မွေးမြူသည်။ စက်မှုလုပ်ငန်းတွင် သံတောင်ကြီးမြို့နယ်၌ အစိုးရ လက်ဖက်ခြောက်စက်ရုံနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၂၀ရှိသည်။ သစ်တောကဏ္ဍတွင် ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်သစ်များနှင့် သစ်တောထွက်ပစ္စည်းများဖြစ်သည့် ထင်း၊ မီးသွေး၊ ဝါး၊ ဘုမ္မရာဇာ၊ ဖာလာစေ့၊ ပျားရည် နှင့် ဓနိတို့ကို ထုတ်လုပ်သည်။ သံတောင်ကြီးမြို့နယ်တွင် အစိုးရအထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ နှစ်ကျောင်း၊ အလယ်တန်း ကျောင်း ရှစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ကိုးကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၁၉၃ ကျောင်း၊ ၂၅ ခုတင်ဆံ့ သံတောင်ကြီးပြည်သူ့ဆေးရုံနှင့် သံတောင်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ ဘောဂလိ တိုက်နယ်ဆေးရုံနှင့် လိပ်သိုဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန ၁၀ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၈ ခုကို ဖွင့်လှစ်ထားသည်။ မြို့နယ်အတွင်း၌ စေတီပုထိုး ၄၅ ဆူ၊ ဘုန်းကြီးကျောင်း ၃၀၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ ၃၆၃ ခုရှိ၍ နော်ဘူဘော ဆုတောင်းတောင်နှင့် ပသိချောင်းဘေးရှိ ရွှေသံတောင် အပန်းဖြေစခန်းသည် ခရီးသွားများအကြား၌ အလွန်ထင်ရှားလျက်ရှိသည်။ ကရင်ပြည်နယ် ဘားအံခရိုင်သည် ငြိမ်းချမ်းသာယာမှုနှင့်အတူ ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် လူတစ်ဦးချင်းဝင်ငွေသည် ဘားအံမြို့နယ်၌ ၁၅၇၃၄၀၅ ကျပ်၊ လှိုင်းဘွဲ့မြို့နယ်၌ ၇၄၁၄၂၁ ကျပ်နှင့် သံတောင်ကြီးမြို့နယ်၌ ၆၈၅၃၀၅ ကျပ်အထိရှိလာခဲ့ပြီး အေးချမ်းသာယာမှုနှင့်အတူ ဘားအံခရိုင်သည် ဆက်လက်တိုးတက်နေဦးမည်သာ ဖြစ်ပေသည်။

 

ကိုးကား-

(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ(၇)

(၂) ဘားအံခရိုင် ဒေသဆိုင်ရာအချက်အလက်များ (ပြည်ထဲရေးဝန်ကြီးဌာန)