ငြိမ်းချမ်းသာယာလှပသော လူ့ဘောင် 

၁၂ ဒီဇင်ဘာ

မကောင်းမှုကို အနည်းငယ်မျှ မတော်တဆပင် မပြုမိပါစေနှင့်၊ မိမိတို့၏ စိတ်နှလုံးသားကို ဖြူစင်အောင် အမြဲသတိမူကြဆောင်ရန် လိုအပ်ပါသည်။ မကောင်းမှုဟူသည် အခြေခံအားဖြင့် သူ့အသက်သတ်ခြင်း၊ သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားအား ပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက်ကို သောက်စားခြင်းဟူသည့် ငါးပါးသီလပင် ဖြစ်သည်။ ဤငါးပါးသောသီလသည် မည်သည့်ဘာသာဝင်မဆို လက်ခံထားသော အကျင့်ဖြစ်သည်။

စိတ်နှလုံးသား ဖြူစင်သည်ဆိုသည်မှာလည်း မိမိ၊ သူတစ်ပါး စိတ်နှလုံးသားကို ညစ်နွမ်းစေသည့် ကာယကံမှု၊ ဝစီကံအမှု၊ မနောကံအမှုတို့ကို မည်သို့မျှ မပြုလုပ်ခြင်း၊ လက်မခံခြင်းဖြစ်သည်။ မွေးကင်းစ ကလေးငယ်တို့ သည် မကောင်းသောအမှုလည်း မပြုလုပ်တတ်သေး၊ စိတ်နှလုံးသား ညစ်နွမ်းခြင်းလည်း မရှိသေးသဖြင့် တရားကိုနတ်စောင့်သကဲ့သို့ ကလေးငယ်များမှာ ဘေးအန္တရာယ်များ ကင်းဝေးကြသည်ကို တွေ့ရမည် ဖြစ်သည်။ ကလေးငယ်ဥပမာကဲ့သို့ပင် မိမိတို့သည် မကောင်းမှုလည်းမပြု၊ မိမိတို့၏ စိတ်နှလုံးသား ညစ်နွမ်းခြင်းလည်းမရှိဘဲ အစဉ်အမြဲနေထိုင်သွားကြမည် ဆိုလျှင် မိမိတို့နှင့်တကွ လူ့ဘောင်လောက ငြိမ်းချမ်းသာယာလှပမည် ဖြစ်သည်။

သို့သော် အချိန်တန်အရွယ်ရောက် လူလားမြောက်သည်နှင့် မိမိတို့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်မှ အသွေးအရောင်စုံတို့ ဖုံးလွှမ်းမှုကြောင့် ဖြူစင်သောစိတ်ထားများ တစ်စတစ်စညစ်နွမ်းထိခိုက်မှုရှိလာပြီး မကောင်းမှုတို့ကိုပင် ပြုလုပ်ရန်ဝန်မလေး ဖြစ်တတ်လာသည်။ မိမိတို့၏ အတိတ်ကံ အကျိုးပေးရှိလာသည့်အလျောက် ကောင်းမှုဘက်သို့ တွန်းအားပေးသူများ ရှိသလို၊ မကောင်းမှုဘက်သို့ လိုက်ပါသွားကြသူများလည်းရှိသည်။ ကောင်းမှု အားကောင်းသော နေရာဌာနတို့မှ လူသားများ၏ စိတ်ထားနှလုံးသားမှာ ဖြူစင်ပြီး မကောင်းမှုအားကောင်းသော နေရာဌာနတို့မှ လူသားများ၏ စိတ်ထားနှလုံးသားတို့မှာ ညစ်နွမ်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် စိတ်ထားနှလုံးသားများ ဖြူစင်နေအောင် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အစဉ်အမြဲကျင့်ကြံအားထုတ် လုပ်ကိုင်တတ်အောင် ပျိုးထောင်ပေးဖို့ လိုအပ်ပါသည်။ ထိုကောင်းသောအမှုများ အသိပညာပေးရေး လုပ်ငန်းစဉ်အနေဖြင့် အခြေခံပညာကျောင်းများအတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး စာစောင်များဖြန့်ဝေခြင်း၊ တက္ကသိုလ်များအဆင့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများ ဖွင့်လှစ်ခြင်း၊ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများ၌ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲတို့ကို ပြုလုပ်နေသည်မှာ ကောင်းမွန်သော အနာဂတ် ဖြစ်ပေါ်ရန် အလားအလာကောင်းများဖြစ်သည်။

ကိုယ်ကျင့်တရား၊ စိတ်ထားနှလုံးသားများမှ အခြေခံလာသော ဖြောင့်မတ်တည်ကြည်မှုရှိခြင်းသည် မိမိတို့ဘဝအတွက်သာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ၏ အရေးကြီးသည့် မဏ္ဍိုင် တစ်ရပ်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးဦး၊ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်၏ စီးပွားရေးနှင့် လူမှုရေးတွင် ကိုယ်စိတ်နှစ်ပါးချမ်းသာရေးနှင့် သာယာဝပြောရေးတို့အတွက် ဖြောင့်မတ်တည်ကြည်မှုသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှုရှိစေရန်အတွက် ဖြောင့်မတ် တည်ကြည်မှုလုပ်ဆောင်ချက်များကို အခြေခံကလေးသူငယ် လူငယ်လူရွယ် အဆင့်မှစ၍ အုပ်ချုပ်ရေးအပိုင်း၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအပိုင်းတွင်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုအရေးကို နိုင်ငံတော်သမ္မတက အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် ထည့်သွင်းပြောကြားခဲ့သည်။ လူတို့၏ စိတ်ထားနှလုံးသား ပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းများသည် နိုင်ငံတစ်ဝန်းလုံး
ဖြောင့်မတ်တည်ကြည်မှုရှိစေရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေသည်။ ဖြောင့်မတ်တည်ကြည်မှုသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းတို့တွင်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးက ပထမဆုံး ဖြောင့်မတ်တည်ကြည်သော အပြုအမူများကို ထိတွေ့ခံစားခြင်းဖြင့် အဆင့်ဆင့်သော အဖွဲ့အစည်းများအတွင်း စိမ့်ဝင်ပျံ့နှံ့စေမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုယ်ကျင့်တရားနှင့်စိတ်ထားများ ဖြောင့်မတ်တည်ကြည် ရေးကို ပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ငြိမ်းချမ်းသာယာလှပသော လူ့ဘောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ