ငြိမ်းချမ်းရေးလမ်းစ မြင်တွေ့လာရပြီဖြစ်တဲ့ ယူကရိန်းပဋိပက္ခ

ခြူးစန္ဒီနွေး

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ရာ အပြည့်အဝ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ဖို့ ယူကရိန်းနဲ့ ရုရှားတို့က သဘောတူခဲ့ကြပါပြီ။ ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အကောင်အထည်ဖော်နိုင်ဖို့ သဘောတူခဲ့ကြပါတယ်။


ပြင်သစ်နိုင်ငံမှာ တွေ့ဆုံ

 

ဒီဇင်ဘာ ၉ ရက်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီးတို့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တွေ့ဆုံခဲ့ကြပါ တယ်။ ယူကရိန်းအစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ရုရှားကို လိုလားတဲ့ ခွဲထွက်ရေးဝါဒီတို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ငါးနှစ်ခွဲကာလရှိခဲ့ပြီး အဲဒီအတော အတွင်းမှာ အသက်ပေါင်း ၁၃၀၀၀ ဆုံးရှုံးခဲ့ရပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ကြား စေ့စပ်ညှိနှိုင်း ပေးဖို့အတွက် ပြင်သစ်နဲ့ ဂျာမနီတို့က ခေါင်းဆောင်တွေက ကမကထပြုလုပ်ပေးခဲ့ကြပါတယ်။ သဘောတူညီမှု တွေထဲမှာ အကျဉ်းသား လဲလှယ်မှုတွေ၊ ယူကရိန်းတပ်ဖွဲ့အနေနဲ့ ရှေ့တန်းစစ်မျက်နှာက အဓိက အရေးကြီးတဲ့ နေရာသုံးခုကနေ ဆုတ်ခွာပေးမှုတွေ ပါဝင်ပါတယ်။

 


ဘာတွေ သဘောတူညီခဲ့ကြပါသလဲ

 


ယခုနှစ်ကုန်ပိုင်းမှာ ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး ထိန်းသိမ်းခံထားရသူတွေ ကို ပြန်လွှတ်ပေးတာ၊ လဲလှယ်တာမျိုးတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြချက် မှာ တွေ့ရပါတယ်။ ၂၀၂ဝ မတ်လအကုန်ပိုင်းမှာ နောက်ထပ် ဒေသကြီးသုံးခု အတွင်း စစ်ရေးအရ ပါဝင်ခြင်းမရှိဘူးလို့လည်း နှစ်ဖက်စလုံးက ကတိပြုခဲ့ကြ ပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တိုးတက်မှုများကို သုံးသပ်ဖို့ အတွက် လေးလအကြာမှာ နောက်ထပ်ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ ရှိပါ တယ်။ ပြင်သစ်နိုင်ငံရဲ့ Elysee နန်းတော်မှာ ဆွေးနွေးပွဲပြုလုပ်လို့အပြီးမှာ တော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ ရုရှားသမ္မတပူတင်က ယခု ဆွေးနွေးပွဲဟာ ပဋိပက္ခကို အရှိန်လျော့သွားစေမယ့် အရေးပါတဲ့ ခြေလှမ်းပဲ ဖြစ်တယ်လို့ ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။


အငြင်းပွားမှုအဆင်ပြေ

 


ပိုက်လိုင်းကနေတစ်ဆင့် ယူကရိန်းကိုဖြတ်ပြီး ရုရှားဓာတ်ငွေ့တင်ပို့မှုကိစ္စနဲ့ပတ်သက်ပြီးလည်း ဖြေရှင်းပြီးတဲ့အကြောင်းကိုလည်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဖြတ်သန်းခ အခွန်စည်းကြပ်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားမှုတွေရှိပြီး ယခုအခါမှာတော့ သဘော တူညီမှုတွေ ရရှိလာခဲ့ပါပြီ။ ပြေလည်တဲ့အပိုင်းတွေရှိသလို အခုထိ သဘောတူညီမှု မရသေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

 


သဘောထားကွဲလွဲမှုတွေရှိနေဆဲဖြစ်

 


ရုရှားကို လိုလားတဲ့ခွဲထွက်ရေးဝါဒီတွေ နောက်ဆုတ်ဖို့ ကိစ္စမှာတော့ ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောမတူညီမှုလေးတွေ ရှိနေတုန်းပါပဲ။ နောက်ပြီး ခွဲထွက်ရေးသူပုန်တွေက ယူကရိန်းနယ်မြေပေါ်မှာ ရွေးကောက်ပွဲ ပြုလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း သဘောထားကွဲပြားမှုတွေ ရှိနေတုန်း ပါပဲ။ ရုရှားသမ္မတ ပူတင်ကတော့ ဒွန်းဘတ်စ်ဒေသကို အထူးအဆင့်အတန်း တစ်ခုအဖြစ် သတ်မှတ်ပေးနိုင်ဖို့အရေး ယူကရိန်းရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြောင်းလဲမှုလေးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး ကတော့ ငြိမ်းချမ်းရေးနဲ့လဲလှယ်ဖို့အတွက် ယူကရိန်းနယ်မြေကို လက်လျှော့ မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 


မတူညီတာတွေ အများကြီးတွေ့ရ

 


ဆွေးနွေးပွဲ အပြီးမှာတော့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က မတူညီတာတွေကို ဒီနေ့အများကြီး တွေ့ခဲ့ရပြီလို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်သမ္မတဟာ အဲဒီနေ့ပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ သူဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားခဲ့ပါ တယ်။ အံ့ဩဖွယ်ကောင်းလောက်တဲ့ အဖြေရှာမှုမျိုး မပြုလုပ်နိုင်ပေမယ့် တိုးတက်မှုတွေတော့ ရရှိခဲ့ပါတယ်ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။ မစ္စတာ ဇီလန်စကီးကတော့ ယူကရိန်းသမ္မတအဖြစ် ရွေးချယ်ခြင်းမခံရမီ အချိန်တုန်းက ဟာသသရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး ယူကရိန်းသမ္မတ ဖြစ်လာခဲ့သူ ပါ။ သမ္မတဟောင်း ပီထရိုပိုရိုရှန်ကို ကို အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့ပါတယ်။

 


ငြိမ်းချမ်းရေးသယ်ဆောင်လာမယ်

 


မဲဆွယ်ကာလအတွင်း သူစည်းရုံးလှုံ့ဆော်ခဲ့တာကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းအတွက် ငြိမ်းချမ်းရေးကို သယ်ဆောင်လာမယ်ဆိုပြီး ပြောခဲ့တာပါပဲ။ အဲဒီအချိန်ကစလို့ ရုရှားနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့အရေးတစိုက်မတ်မတ် ကြိုးပမ်းခဲ့ပါတယ်။ ရုရှားဘက်က တောင်းဆိုမှု အချို့ကိုလည်း ယူကရိန်းသမ္မတက လက်ခံခဲ့ပါတယ်။ အထူးသဖြင့် အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ စတန်စီယာလူဟန်စကာ၊ ပက်ထရိုက်ဗက်စကီးနဲ့ ဇိုလိုတီကနေ ယူကရိန်းတပ်တွေ နောက်ဆုတ် ပေးဖို့ကို သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတော့ ယူကရိန်းတပ်ဖွဲ့နဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တို့ဟာ စတန် စီယာလူဟန်စကာမြို့ကနေ ဆုတ်ခွာပေးခဲ့ကြပြီး အောက်တိုဘာလနှောင်းပိုင်း မှာတော့ ယူကရိန်းတပ်ဖွဲ့နဲ့ ခွဲထွက်ရေးသမားတွေဟာ ဇိုလိုတီမြို့ကနေ ဆုတ်ခွာခဲ့ကြပါတယ်။ အဲဒီနောက် နိုဝင်ဘာလအစောပိုင်းမှာတော့ ပက်ထရိုက် ဗက်စကီးမြို့ကနေ ဆုတ်ခွာခဲ့ကြပါတယ်။


အကျဉ်းသားလဲလှယ်ရေး

 


နေတိုးအဖွဲ့နဲ့ အနောက်အုပ်စုက ထောက်လှမ်းရေး အေဂျင်စီက ကျွမ်းကျင်သူတွေကတော့ ရုရှားဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေ ကို ကူညီဖို့အတွက် လက်နက်ကြီးတွေ ထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ရုရှားဘက်ကတော့ ဒီစွပ်စွဲချက်ကို လက်မခံဘဲ ငြင်းဆိုခဲ့ပါ တယ်။ ဒါပေမယ့် သူပုန်တွေကို ၎င်းတို့ရဲ့ သဘောဆန္ဒအလျောက် ကူညီနေကြ တဲ့ ရုရှားတွေတော့ ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ မစ္စတာဇီလန်စကီးရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်ကြောင့် ချီးမွမ်းမှုတွေ ရရှိခဲ့ပါတယ်။ အဲဒါကတော့ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ရုရှားနဲ့အကျဉ်း သား လဲလှယ်ရေးကိစ္စပါပဲ။ ရုရှားသမ္မတနဲ့ဖုန်းဆက်ပြီးနောက် အကျဉ်းသား လဲလှယ်ရေးအစီအစဉ် အကောင်အထည်ပေါ်လာတာဖြစ်လို့ ဒါဟာ အောင်မြင် မှုတစ်ရပ်ပဲဖြစ်တယ်လို့ မစ္စတာဇီလန်စကီးက ပြောပါတယ်။

 


ဘယ်နိုင်ငံမှ အသိအမှတ်မပြု


ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ လမ်းဖွင့်ပေးဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ ဒွန်းဘတ်စ်ဒေသကို အထူး အဆင့်အတန်း တစ်ရပ်အဖြစ် သတ်မှတ်ပေးဖို့ ၂၀၁၆ ခုနှစ်က သဘောတူညီမှုကို မစ္စတာဇီလန်စကီးက လက်ခံခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလကစလို့ ခွဲထွက်ရေးသူပုန်တွေဟာ ဒွန်းနက်စ်ကက်နဲ့ လူဟန်စကက်ဒေသတို့ကို သိမ်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခွဲထွက်ရေး သမားတွေဟာ ယူကရိန်းနိုင်ငံဆီကနေ လွတ်လပ်ရေးရပြီလို့ ကြေညာခဲ့ပေမယ့် ဘယ်နိုင်ငံကမှ အသိအမှတ်ပြုခဲ့ခြင်း မရှိပါဘူး။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာတော့ ရုရှားနဲ့ ယူကရိန်းတို့ကြား အကျဉ်းသားလဲလှယ်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။


ပြန်လည်ပေးအပ်

 


၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာတော့ ခရိုင်းမီးယားကျွန်းဆွယ်ကနေ တစ်နှစ်နီးပါးကြာအောင် သိမ်းပိုက်ထားတဲ့ စစ်ရေယာဉ်သုံးစင်းကို ရုရှားတို့က ယူကရိန်းထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သဘောမတူနိုင်တာတွေ ကျန်ရှိ သေးပေမယ့် လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းရေးအတွက် အကောင်း ဆုံးခြေလှမ်းတွေ လှမ်းလာနိုင်ပြီဖြစ်လို့ ငြိမ်းချမ်းရေးဆိုတာ မဝေးတော့တဲ့ အနာဂတ်မှာ စောင့်ကြိုနေမှာပါပဲ။ ။

 

ကိုးကား- ဘီဘီစီ