ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)နှင့် ကက်တမင်းများဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ကားလမ်းပေါ်ရှိ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မြင့်ကို(၅၄)နှစ် မောင်းနှင်၍ ဒေါ်မီမီအေး(ခ) မီမီအေးကျော်(၆၂)နှစ် လိုက်ပါလာသည့် Alphard မော်တော်ယာဉ်က ဦးဆောင်ပြီး စိုးသူရ (၃၆)နှစ်မောင်းနှင်၍ မင်းထင် (၅၂)နှစ်နှင့် စောမြင့် (၅၉)နှစ်တို့လိုက်ပါလာသည့် Tipper အဖြူရောင် ၆ ဘီးယာဉ်တို့အား သတင်းအရ စစ်ဆေးရှာဖွေရာ Tipper မော်တော်ယာဉ်၏နောက်ခန်းတွင် စားသောက်သီးနှံ များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁,၀၀၀ ၊ ကက်တမင်း ၄၇ ကီလိုနှင့် Alphard မော်တော်ယာဉ်အတွင်းမှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းတို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း(ခ) သားသားအား စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့(၆)ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(သတင်းစဉ်)