နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ

         

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ် အတွင်း ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသော်လည်း  တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိဘဲ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခိုလှုံနေရသူများအား ပြန်လည်နေရာချထားရေး ကိစ္စများ ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ကို ဖွဲ့စည်းကာ  လုပ်ငန်းကော်မတီ လေးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အားလုံး သိရှိပြီး ဖြစ်ပါကြောင်း။

 

 ဒေသတွင်းနေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီအား လုပ်ငန်းကော်မတီ နှစ်ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုလုပ်ငန်းများကို စနစ်တကျရှိရေးနှင့် ရေရှည်ကောင်းမွန်သော အကျိုးရလဒ်များ ရရှိနိုင်ရန် မြေပြင်အခြေအနေများမှ အချက်အလက်များမှာ အရေးပါသောကြောင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရ၊ ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ပါဝင်သည့် UEHRD ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စမှာ အလွန်သိမ်မွေ့ရှုပ်ထွေးသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ မိမိတို့လက်ရှိ အစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသ၌ ရောက်ရှိနေကြသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ပြဿနာ၏ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားရန် လိုအပ်ကြောင်း၊ မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမည့်သူများ အားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မိမိတို့ အစိုးရအနေဖြင့် ရှောင်လွှဲသွားမည် မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်မှတ်ရေးထိုး ထားသည့် နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR , UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် သဘောတူညီချက်တို့နှင့်အညီ  စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားပြီးဖြစ်ကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး  ဘက်လိုက်မှုမရှိဘဲ မျှတသည့် ချဉ်းကပ်မှုဖြင့် အကူအညီ ပေးနေကြသော မိတ်ဆွေများ၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားပြီးဖြစ်ပါ ကြောင်း။

 

ပြည်တွင်းနေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲအတည်ပြုပြီးဖြစ်ကြောင်း၊ UN – Habitat ကလည်း အဆောက်အဦများ ဆောက်လုပ်ရာတွင် အကူအညီများပေးရန် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ တာဝန်ရှိသူများကလည်း ပြန်လည် နေရာချထားရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ထားပြီး ဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြသူများအား  ၎င်းတို့၏ မူလကျေးရွာများတွင် ပြန်လည် နေရာ ချထားရေးအတွက် ကျေးရွာအချို့တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင် က ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခြင်းမပြုဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြရသူများအား ပြန်လည်နေရာချထားရေး အတွက် ၎င်းတို့၏ ဆန္ဒနှင့်အညီ ကျေးရွာအချို့တွင် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ကနဦးအနေဖြင့် မောင်တောမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို ဦးစားပေး ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ပြန်လည်နေရာချထားနိုင်ရေးအတွက် ဒေသနှင့် ကိုက်ညီသည့် နေအိမ်ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် ကိစ္စရပ်များ  ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပူးတွဲဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ က တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိဘဲ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြသူများအား ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် UNHCR , UNDP , UN – Habitat တို့မှ ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည် နေရာချထားရေး လုပ်ငန်းကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြကာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌ တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)