နေပြည်တော်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ကလေးငယ်များအတွက် စေတနာအလှူရှင်များ စုပေါင်းလှူဒါန်း

နေပြည်တော်၊  ၁၇  ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ်များအတွက် စေတနာအ လှူရှင်များ စုပေါင်းလှူဒါန်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်) စုပေါင်း ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုး အောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင် ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချ ရေးနှင့်ကာကွယ်စောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  မိဘအစုံအလင်နှင့် မိဘရင်ခွင်ထဲတွင် စောင့်ရှောက်မှုခံရပြီး အသက်ရှင်သန်ခွင့်ရသောကလေးများသည် အကောင်းဆုံးဖွံ့ဖြိုးမှုအ ခြေအနေကို ရရှိကြမည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင်တွင် ခိုလှုံခွင့် မရကြသူများ၊ စွန့်ပစ်ခံကြရသူများသည် ရင်ခွင်မဲ့များ ဖြစ်ကြကြောင်း၊ ယင်းကလေးများကို ကလေးသူငယ်အခွင့်အရေးအရ အစောင့်ရှောက်ခံရရေး မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်၍ အစိုးရကပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ပရဟိတများ၊ လူမှုအဖွဲ့အစည်းများကလည်း ဆောင်ရွက်ပေးလျက်ရှိကြပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းကို ခေတ်စနစ်နှင့်အညီဆောင်ရွက်ရန် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ် ငန်းဥပဒေကို ၂၀၁၈ ခုနှစ်ကတည်းက အသစ်ပြန်လည်ပြဌာန်းခဲ့ပြီးလည်း ဖြစ်ပါကြောင်း။

 

လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ် များကို အသက်(၆)လမှစတင်၍ စောင့်ရှောက်ပေးလျက်ရှိပြီး ကလေးပြုစုရေးဌာန (၇) ခုကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ ပုသိမ်နှင့် စစ်တွေမြို့တို့တွင် ကလေးငယ် ဦးရေ (၁၀၀) ဆံ့ကလေးပြုစုရေးဌာနများကို ဖွင့်လှစ်ပြီး ပြုစုပျိုးထောင်ပေးလျက်ရှိပါ ကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် နေပြည်တော်တွင် ဦးရေ (၁၀၀) ဆံ့ကလေးပြုစုရေးဌာ နအသစ်(၁)ခုကို မြန်မာနိုင်ငံ၏ (၈) ခုမြောက် ကလေးပြုစုရေးဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင် တော့မည်ဖြစ်ပါကြောင်း။

 

ကလေးပြုစုရေးဌာနများတွင် အသက် (၃) လမှ (၈) နှစ်အထိ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက် (၈) နှစ်ကျော်ပါက ရန်ကုန်မြို့ရှိ  လူငယ်သင်တန်း ကျောင်း (၃) ကျောင်းနှင့် အမျိုးသမီးသင်တန်းကျောင်း (၂) ကျောင်း၊ မန္တလေးမြို့ရှိ  လူငယ် သင်တန်းကျောင်း (၂) ကျောင်းနှင့် အမျိုးသမီးသင်တန်းကျောင်း (၁) ကျောင်း၊ မော်လမြိုင်၊ လပွတ္တာ၊ လားရှိုးမြို့များရှိ လူငယ်သင်တန်းကျောင်း(၁)ကျောင်းစီတို့တွင် ပညာသင်ကြားရေး၊ အလုပ်အကိုင်ရရှိရေးများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 

အစိုးရအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ ဥပဒေနှင့်အညီ ကလေးသူငယ် များ၏ အခွင့်အရေး (၄)မျိုးကို အပြည့်အဝရရှိစေရေး ဖော်ဆောင်ပေးရာတွင် ရင်ခွင်မဲ့ ကလေး ငယ်များကို ကာကွယ်စောင့်ရှောက်ပေးမှသာ ကလေးအားလုံးတစ်ပြေးညီ သာတူညီမျှခံစား ရရှိစေမည် ဖြစ်ပါကြောင်း။

 

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်းသာ ဆောင်ရွက်၍မရဘဲ စေတ နာရှင်များ၊ ပရဟိတများ၊ လူမှုအဖွဲ့အစည်းများပါ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  ပြင်ပက လေးပြုစုစောင့်ရှောက်ရေးဌာများနှင့် ပရဟိတဂေဟာများမှ ကလေးငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ရေးနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်း များကိုလည်း ၂၀၁၇ခုနှစ်ကတည်းက ထုတ်ပြန်ထားရှိပြီး ကြီးကြပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများကို ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း။

 

မကြာမီ ဖွင့်လှစ်တော့မည့်  (၈) ခုမြောက် နေပြည်တော်ကလေးပြုစုရေးဌာန  အ ဆောက်အဦကို လှူဒါန်းပေးသော မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းနှင့် စေတနာရှင်များ၊ ပူးပေါင်းဆောင်ရွက်ကြသည့် မြန်မာ နိုင်ငံအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးများ ပြုစုစောင့် ရှောက်ရာတွင် အသုံးပြုရန်လိုအပ်သောပစ္စည်းများကို လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အလှူရှင်များနှင့် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဒါန်းသည့်ပစ္စည်းများကိုပေးအပ်ရာ ပြည်ထောင်စုဝန် ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာ ကွယ်စောင့်ရှောက်ရေး အသင်းမှတစ်ဆင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အဆောက်အဦအတွင်းပိုင်းပြင်ဆင်ရေးနှင့် လိုအပ်သည့်ကိစ္စရပ်များအတွက် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေ ကျပ်သိန်း (၅၃,၈၁၉,၄၀၀) ကိုလည်းကောင်း၊ Diplomatic and International Golfers’ Affiliation of Yangon (DIGAY) အဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံဆိုင် ရာသံအမတ်ကြီးများ၊ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ Min Tun  Company Limited, ဒေါ်အမာဝေ (အထောက်အကူပြု အဖွဲ့ဝင်)မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေး နှင့် ကာကွယ်စောင့် ရှောက်ရေး အသင်း(ဗဟို) နှင့် Camera Baby World Company Limited တို့က စုစုပေါင်းငွေကျပ်သိန်း (၅,၆၉၉,၇၀၀) တန်ဖိုးရှိ ကလေးအသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကျင်းပခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)