နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး တွေ့ဆုံပွဲ တက်ရောက်

နေပြည်တော်  ၂  ဧပြီ 


    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာနာ့ ဗိမာန်တော်၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ဆောင်ရသည့် နေရာတွင် အဓိကကျသည့် လူများဖြစ်သောကြောင့် တခြားလူကို မကူးစက်အောင် ကာကွယ်ပေးရမည့် နည်းလမ်းများကို ပြောကြားပေးမည်ဖြစ်ကြောင်း၊ အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်ခြင်း ဖြစ်ကြောင်း၊ ကာကွယ်ရာတွင်လည်း လူတစ်ဉီးနဲ့တစ်ဉီး သုံးပေအကွာနေခြင်း၊ လူစုလူဝေးကို ရှောင်ကျဉ်ခြင်း၊ မကြာခဏ လက်ကို ဆပ်ပြာနှင့်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တို့ဖြင့် ကာကွယ်ထားခြင်းတို့ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိအုပ်ချုပ်ရာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စုတိုင်းကို ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) မကူးစက်အောင် ကာကွယ်ပေးရမည့် နည်းလမ်းများကို နားလည်သဘောပေါက်အောင် စည်းရုံးရှင်းလင်း ပြောကြားပေးရမည်ဖြစ်ပြီး နိုင်ငံခြားမှ ပြန်လာသူများကိုလည်း စည်းရုံး၍ (၁၄) ရက်ကြာ စောင့်ကြည့်လူနာများထားရှိရာ နေရာများသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ပြောကြားပြီး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ရသည့် အကြောင်းအရင်းများ၊ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုအတွက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးနေလင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်  နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။


    
အဆိုပါတွေ့ဆုံပွဲသို့ ဉတ္တရခရိုင် အုပ်ချုပ်ရေးမှူးနှင့်  ဥတ္တသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)