နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနှင့်အညီ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ရေး မဲရုံများအားလုံး ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်

နေပြည်တော် ၆ နိုဝင်ဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ သီရိငါးမြို့နယ်နှင့် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲရုံများသို့ လာရောက်မဲပေးကြမည့် မဲဆရှင်ပြည်သူများ ကျန်းမာရေးနှင့်အညီ လွတ်လပ်လုံခြုံစွာမဲပေးနိုင်ရေး မဲရုံများအားလုံး ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်သာ လိုတော့သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် လျက်ရှိကြရာ နေပြည်တော် ပြည်ထောင်စု နယ်မြေ ခရိုင် မြို့နယ်ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ပြောကြားချက်များအား ဖော်ပြလိုက်ရပါသည် -

 

mdn

 

ဦးသိန်းထွေး (ဥက္ကဋ္ဌ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)

 

ကျွန်တော်တို့ နေပြည်တော်ပြည်ထောင်စု နယ်မြေမှာ မြို့နယ်ရှစ်မြို့နယ်၊ ရပ်ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ မဲရုံ ပေါင်း ၆၄၆ ရုံ ရှိပါတယ်။ ယာယီမဲရုံတွေပါ အားလုံးပြင်ဆင်ပြီးပါပြီ။ နိုဝင်ဘာ ၃ ရက်ကနေ ဒီနေ့အထိ သက်ဆိုင်ရာ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေအထိ ကျွန်တော် ကိုယ်တိုင်စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်။

 

အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ပြည်ထောင်စုနယ်မြေမှာ ၁၁၆၅၁၁ ဦး ကြိုတင်မဲပေးပြီးပါပြီ။ လုံခြုံရေးအနေနဲ့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းအောင် က ပြည်ထောင်စုနယ်မြေရဲ့ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျွန်တော်တို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေရဲ့ မဲဆန္ဒရှင်များ လုံခြုံရေးနဲ့ မဲရုံလုံခြုံရေးအတွက်ကို အစီအမံတွေ ချထားဆောင်ရွက်ပြီး ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲနေ့မှာ အသုံးပြုဖို့အတွက် ကိုဗစ်၁၉ရောဂါကာကွယ်ရေးအထောက်အကူပစ္စည်း တွေကို သက်ဆိုင်ရာမြို့ နယ်ကော်မရှင်အဖွဲ့ခွဲ တွေဆီ ဒီနေ့ပဲ အပြီးဖြန့်ဝေပြီးပါပြီ။ ရွေးကောက်ပွဲနေ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း သက်ဆိုင်ရာ မဲရုံတွေကို ဖွင့်လှစ်ပြီး မဲပေးတာကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မဲလာပေးမှု များပြားတဲ့အပေါ်မူတည်ပြီး မဲရုံတစ်ရုံစီကို အဆိုင်းနှစ်ဆိုင်းခွဲမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ မဲရုံကိုရောက်တဲ့အခါ ပထမဆုံး အဖျားတိုင်းပြီး လက်ဆေးဖျန်းပါမယ်။ နောက်ပြီး နှာခေါင်းစည်းအသစ်တွေ လဲပေးတဲ့လုပ်ငန်းကို စေတနာ့ဝန်ထမ်းတွေ၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတွေက မဲရုံပြင်ပမှာ ဆောင်ရွက်ဖို့ တာဝန်တွေပေးအပ်ပြီး ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေကို အဖျားတိုင်းတဲ့အခါ အပူချိန်မြင့်နေတယ်ဆိုရင် Temporary Quarantine ဆိုတဲ့ နေရာတစ်ခု မဲရုံတိုင်းမှာ ရှိပါမယ်။ အဲဒီနေရာမှာ ၁၅ မိနစ် နေခိုင်းပြီး နောက်ထပ် အပူချိန်တိုင်းမှာ ဖြစ်ပါတယ်။ အပူချိန်ထပ်တိုင်းလို့ အပူချိန်ထပ်မံမြင့်တက်တယ်ဆိုရင် ကျန်းမာရေးဌာနကနေ အဲဒီမဲဆန္ဒရှင်ကို အချိန်မီ ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အပူချိန် ၁၅ မိနစ်အတွင်းမှာ ပြန်ကျသွားတယ်ဆိုရင် မဲရုံအတွင်းမှာ ဆက်လက်မဲပေးဖို့အတွက် ဆောင်ရွက်ပါမယ်။ မဲပေးတဲ့ မဲဆန္ဒရှင် မဲရုံထဲမှာ မဲပေးပြီးလို့ ပြန်ထွက်သွားရင် လက်ဆေးဖျန်းမှာပါ။ နောက်ပြီး မဲပေးပြီးကြောင်း လက်သန်းမှာ မင်တို့ပြီးမှ မဲရုံက ထွက်ခွာရမှာဖြစ်ပါတယ်။ မဲရုံကနေ ဝင်လာပြီး ထွက်သွားတဲ့အထိ မဲပေးတဲ့ မဲဆန္ဒရှင်တွေဟာ ခြောက်ပေအကွာနဲ့ မဲရုံထဲမှာ စီတန်းပြီး မဲပေးတဲ့စနစ်နဲ့ မဲပေးနိုင်အောင် စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့ သက်ဆိုင်ရာ ခရိုင် နဲ့မြို့နယ်တွေမှာ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို လုံခြုံရေးပိုင်းကအစ ကျန်းမာရေးအပိုင်းပါ လိုအပ်ချက်အားလုံးကို တာဝန်ရှိအဖွဲ့အစည်းများနဲ ပေါင်းစပ်ပြီး ဆောင်ရွက်နေတဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ လွတ်လပ်ပြီး စိတ်ချမ်းသာစွာနဲ့ မဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေးကို မဆုံးရှုံးရအောင် မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

mdn

 

ဦးကျော်စွာဦး (အတွင်းရေးမှူး ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)

 

ကျွန်တော်တို့ ဥတ္တရခရိုင်အတွင်းမှာ မြို့နယ်လေးမြို့နယ် ရှိပါတယ်။ ရပ်ကွက် ၃၀ ရှိပြီး ကျေးရွာအုပ်စုပေါင်း ၈၈ အုပ်စု ရှိပါတယ်။ မဲရုံ စုစုပေါင်း ၃၃၆ ရုံဖွင့်လှစ်ပြီး မဲပေးနိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဥတ္တရခရိုင် အတွင်းမှာ မဲဆန္ဒရှင် ၄၁၉၄၅၄ ဦး ရှိပါတယ်။ နိုဝင်ဘာ ၄ ရက်အထိ ကြိုတင်ဆန္ဒမဲပေးတဲ့သူ ၅၀၇၄၃ ဦး ရှိပါတယ်။ လက်ရှိခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာ လိုအပ်တဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေကိုသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်တွေကို ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ မဲရုံတစ်ရုံတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထွေ/အုပ် ဝန်ထမ်းတစ်ဦးထားရှိပြီး ပညာရေးနဲ့ ကျန်းမာရေးက ဝန်ထမ်းတွေကိုကတော့ နှစ်နာရီကြားတစ်ကြိမ် အလဲအလှယ် လုပ်လို့ရအောင် Volunteer တွေဖွဲ့ စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ။

 

လုံခြုံရေးအပိုင်းအနေနဲ့လည်း မဲရုံတိုင်းမှာ အထူးရဲတွေ ချထားပြီးဖြစ်ပါတယ်။ ဥတ္တရခရိုင် အတွင်းမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း လိုအပ်တာတွေကို ထပ်ပြီးဖြည့်ဆည်းနိုင်ဖို့ ကွင်းဆင်းစစ်ဆေးလျက် ရှိပါတယ်။ လိုအပ်ချက်တွေရှိရင် ပိုပြီးပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ။ မဲရုံတိုင်းမှာ မဲပေးခွင့်ရှိတဲ့ဦးရေနဲ့ မဲပေးခွင့်ရှိတဲ့ အချိန်လုံလောက်အောင် ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။ မဲရုံတိုင်းမှာဆိုရင် မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော်တာနဲ့ နှစ်ဆိုင်း၊ ၂၀၀၀ ကျော်တာနဲ့ သုံးဆိုင်းခွဲပြီး မဲပေးနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးအတွက်လည်း အထောက်အကူဖြစ်အောင် အဆိုင်းတွေ အများကြီးခွဲထားပါတယ်။ ကျွန်တော့် အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို သတင်းစကားပါးချင်တာက မဲရုံတိုင်းမှာ ကျန်းမာရေးအဖွဲ့တွေရှိပေမယ့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲလာပေးတဲ့အချိန်မှာ ကျန်းမာရေးနဲ့အညီ လိုက်နာပြီး မဲပေးပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

 

mdn

 

ဦးအောင်ကျော်ဆင့် (အတွင်းရေးမှူး၊ ဒက္ခိဏ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ)

 

ကျွန်တော်တို့ ဒက္ခိဏခရိုင်အတွင်းမှာ မြို့နယ် လေးမြို့နယ်၊ ရပ်ကွက် ၂၈ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၉၉ အုပ်စု ရှိပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၂၇ ခုရှိပါ တယ်။ မဲရုံပေါင်း ၃၁ဝ ရှိပြီးရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ လုံလုံခြုံခြုံ စိတ်ချမ်းမြေ့စွာနဲ့ မဲပေးနိုင်ဖို့ အားလုံးပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ လိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်း ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နေ့စဉ်လိုက်လံစစ်ဆေးပြီး လိုအပ်ချက်တွေ ကိုလည်း ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ပြီးခဲ့တဲ့နှစ်ရက်က ကျွန်တော်တို့ခရိုင်ကနေ သက်ဆိုင်ရာမြို့နယ်တွေကတစ်ဆင့် ရပ်ကွက်အလိုက်ရရှိတဲ့ နှုန်းထားအလိုက် ဖြန့်ဝေပြီးဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲက တစ်ဆင့် မဲရုံတွေကိုအရောက် ဖြန့်ဝေပေးနေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး မဲရုံတိုင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ လုံခြုံရေးသင်တန်း တက်ထားတဲ့ အထူးလုံခြုံရေး ရဲဝန်ထမ်း တစ်ဦးရှိပါတယ်။ ကျွန်တော်တို့ ခရိုင်အတွင်းမှာ မဲဆန္ဒရှင် စုစုပေါင်း ၄၈၀၀၀၀ ကျော် ရှိပါတယ်။ ကြိုတင်မဲပေးထားတဲ့ မဲဆန္ဒရှင် ဦးရေကတော့ မနေ့ကအထိ ၆၀၀၀၀ ကျော် ရှိပါပြီ။ နိုဝင်ဘာ ၈ ရက်မှာ မဲလာပေးမယ့် မဲဆန္ဒရှင်တွေအတွက် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ မဲရုံအပြင်ဘက်မှာဆိုရင် အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးဌာနတွေက ဝန်ထမ်းတွေနဲ့ပေါင်းစပ် ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များအနေနဲ့ ရွေးကောက်ပွဲနေ့ မဲလာပေးတဲ့အခါ စိုးရိမ်ပူပန်စရာမရှိအောင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ စနစ်တကျဆောင်ရွက်ထားသလို လုံခြုံရေးအပိုင်းကိုလည်း စနစ်တကျ စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ငါးနှစ်မှာ တစ်ခါရတဲ့ နိုင်ငံသားအခွင့်အရေးကို မဆုံးရှုံးရအောင် မဲရုံတွေမှာ လာရောက်မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

 

mdn

 

ဦးဇော်နိုင်ဦး(အတွင်းရေးမှူး၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)

 

ကျွန်တော်တို့ လယ်ဝေးမြို့နယ်အတွင်းမှာ ရပ်ကွက်ခုနစ်ရပ်ကွက်၊ ကျေးရွာ ၆၀ ရှိပါ တယ်။ မဲရုံပေါင်း ၁၄၄ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိ သူဦးရေ ၂၂၁၃၈၇ ဦးရှိပါတယ်။ နိုဝင်ဘာ ၄ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူဦးရေ ၃၀၉၈၀ ရှိပါပြီ။ မဲရုံ ၁၄၂ ရုံက မဲပေးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျန်ရှိတဲ့ မဲရုံ နှစ်ရုံ ကိုလည်း အဆင်သင့်ဖြစ်အောင် ဒီနေ့ကစပြီး ဆောင်ရွက်နေပါတယ်။ မဲရုံတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ အချိန်မီပြီးစီးဖို့အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာပါတဲ့ အဖွဲ့ဝင်တွေကို တာဝန်ခွဲဝေပေးပါတယ်။ သူတို့ကလည်း တာဝန်ခွဲပေးထားတဲ့ မဲရုံတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ အချိန်မီပြီးစီးဖို့ ကွင်းဆင်းပြီး လိုအပ်ချက်တွေကို ကြပ်မတ် ဆောင်ရွက်နေကြပါတယ်။ မြို့နယ်အတွင်းက မဲရုံတွေမှာ သတ်မှတ်အချိန်အတွင်း မဲပေးနိုင်ဖို့အတွက် အချိန်လုံလောက်မှု ရှိအောင် မဲဆန္ဒရှင် အနည်းအများအပေါ်မူတည်ပြီး နှစ်ဆိုင်း၊ သုံး ဆိုင်း စသဖြင့် အဆိုင်းတွေခွဲပြီး ဆောင်ရွက်ထားပါတယ်။ မဲရုံတွေရဲ့ လုံခြုံရေးအပိုင်းအနေနဲ့ အထူးရဲတွေ တာဝန်ချဆောင်ရွက်ထားပါတယ်။ အဓိကအနေနဲ့ ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် မဲရုံတိုင်းမှာ ကျန်းမာရေး ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

mdn

 

ဦးမြင့်အောင် (ဥက္ကဋ္ဌ၊ အမှတ်-၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လယ်ဝေး မြို့နယ်)

 

ကျွန်တော်က ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တွေမှာလည်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ အမှတ်(၂) ရပ်ကွက်မှာ မဲဆန္ဒရှင်ဦးရေ ၃၀၀၀ ကျော်ရှိပြီး မဲရုံနှစ်ရုံ ဖွင့်လှစ်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မဲရုံတွေကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် တာဝန်ရှိသူတွေ အားလုံးပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်အကွာအဝေးက မဲပေးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်။ မဲရုံ(၁) မှာဆိုရင် မဲပေးတဲ့အခန်းက ကျဉ်းတဲ့အတွက် အမျိုးသားလွှတ်တော်မဲပုံးအတွက် တစ်ခန်း၊ ပြည်သူ့လွှတ်တော် မဲပုံးအတွက် တစ်ခန်းဆိုပြီး စီစဉ်ထားပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ နံနက် ၆ နာရီကနေညနေ ၄ နာရီအထိ မဲပေးနိုင်မှာဖြစ်ပေမယ့် ညနေ ၄ နာရီမှာ မဲရုံပရဝဏ်အတွင်းမှာ ရှိနေသေးတဲ့ မဲဆန္ဒရှင်အားလုံး အပြည့်အဝမဲပေးခွင့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ကော်မရှင် အနေနဲ့ ရပ်ကွက်အတွင်းမှာရှိတဲ့ မဲပေးပိုင်ခွင့် ရှိသူတွေအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လိုက်လံဆော်ဩထားပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့လည်း ရွေးကောက်ပွဲ အထူးရဲတွေ၊ ရပ်ကွက်လုံခြုံရေးအဖွဲ့၊ ကော်မရှင်အဖွဲ့ခွဲနဲ့ပူးပေါင်းပြီး မဲပုံတွေကို အပြည့်အဝ စောင့်ရှောက်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာရှိတဲ့ မဲဆန္ဒရှင်ဦးရေနဲ့ မဲပေးဖို့ သတ်မှတ်ထားတဲ့အချိန်က အဆင်ပြေ လုံလောက်မှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန္ဒမဲ လာရောက်ပေးကြတဲ့ ပြည်သူတွေ ငြိမ်းငြိမ်း ချမ်းချမ်း အေးအေးဆေးဆေး မဲပေးနိုင်အောင် ဆောင်ရွက်ထားတယ်။

 

ဒါကြောင့် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲနေ့မှာ အေးချမ်းစွာ လာရောက်မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးသူဟိန်း၊ ဟိန်းမင်းစိုး

ဓာတ်ပုံ-မျိုးမြင့်(သတင်းစဉ်)