နေပြည်တော် မြို့မဈေးတွင် ဆိုင်ခန်းတစ်ခန်း မီးလောင် အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းမှု မရှိ

နေပြည်တော် ၁၄ အောက်တိုဘာ

နေပြည်တော် မြို့မဈေး အနောက်မြောက်ဘက်ထောင့်ရှိ “သူ့ထက်” နန်းစိန် ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်၌ ယနေ့ည ၉နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးလှိုင်ဝင်းအောင်က “ ကျွန်တော်တို့ ည ၉ နာရီ ၄၅ မိနစ်မှာ မြို့မဈေးက ဆိုင်တစ်ဆိုင် မီးလောင်နေတယ်လို့ စတင်သတင်းရပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ Level- 1 ယာဉ်အုပ်စုဖြစ်တဲ့ မီးသတ်ယာဉ် (၁၅)စီးနဲ့ Level-2 မီးသတ်ယာဉ် အစီး(၃၀) စုစုပေါင်း (၄၅)စီးနဲ့ မီးငြိမ်းသတ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် အင်အားက (၃၀၀) နဲ့ ငြိမ်းသတ်ခဲ့ပါတယ်” ဟုပြောသည်။

မီးလောင်မှုတွင် “သူ့ထက်” နန်းစိန်ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်သာ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အခြားဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်း မှု မရှိခဲ့ကြောင်းသိရသည်။

“ပျက်စီးဆုံးရှုံးမှုအခြေအနေကတော့ မျက်မြင်အနေအထားအရ ဆိုင်ထဲမှာ ရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေ အကုန်လောင်သွားပါတယ်။

မီးလောင်မှုတန်ဖိုး အတိအကျကိုတော့ ဆက်လက် ထုတ်ပြန်သွားပါမယ်။ မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ် ” ဟု ဦးလှိုင်ဝင်းအောင် က ပြောသည်။

(မျိုးသူဟိန်း)