နောင်ချိုမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

နောင်ချို၁၁ ဇူလိုင်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ကိုဗစ်-၁၉ ကာလအတွင်း အတိုးနှုန်းသက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးပေးရာတွင် ဇူလိုင် ၁၀ ရက်ထိ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ လူဦးရေ (၁၀၇၄) ဦး၊ ဧကပေါင်း (၆၀၀၄)ဧကအတွက် ထုတ်ချေးငွေပေါင်း သိန်း ၃၀၀၀ ကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် အများဆုံး (၁၀)ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် စုစုပေါင်း ကျပ်သိန်း ၉၀၀၀ ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၏ သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နောင်ချိုမြို့နယ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ကာလအတွက် ထပ်မံထုတ်ချေး ပေးခြင်းဖြစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ Mask များ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေခဲ့ကာ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာမှ ထုတ်ယူစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)