နှစ်သစ်မှာ ပိုမိုပျော်ရွှင်လိုကြောင်း လီဆာပြောကြား

ကျော်ကြားတဲ့ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်သူလီဆာဟာကေပေါ့ပ်အမျိုးသမီး တေးဂီတအဖွဲ့ BLACK PINK ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ELLE KOREA ရဲ့ ဖေဖော်ဝါရီလထုတ်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခြင်းခံခဲ့ရပြီး အဆိုပါမဂ္ဂဇင်းမှာပါဝင်တဲ့ သူ့ရဲ့ အင်တာဗျူးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ပိုမိုပျော်ရွှင်လိုကြောင်း ဖြေကြားခဲ့တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လီဆာက ယင်းမဂ္ဂဇင်းမှာပါဝင်တဲ့ အင်တာဗျူးမှာ အခြားသောအဖွဲ့ဝင်တွေရဲ့အကြောင်း၊ သူ့ကိုပျော်ရွှင်စေတဲ့ အကြောင်းအရာတွေနဲ့ နှစ်သစ်မှာ သူလိုချင်တဲ့အရာကိုလည်း ထည့်သွင်းပြောကြားထားတယ်လို့ သိရပါတယ်။ လီဆာက သူ့ရဲ့ကြောင်လေးကို ဖက်လိုက်တဲ့အချိန်မှာ ပျော်ရွှင်မှုတွေ ပြန်လည် ခံစားရကြောင်းနဲ့ နှစ်သစ်မှာ သူလိုချင်တဲ့အရာ အထွေအထူးမရှိပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ ပိုမိုပျော်ရွှင်လိုကြောင်းလည်း ပြောကြားထားပါတယ်။ ဒါ့အပြင် အင်တာဗျူးမှာ လီဆာက BLACK PINK အဖွဲ့ဝင်တွေအကြောင်း ထုတ်ဖော်ပြောကြားထားပြီး သူက ဖျော်ဖြေရေးစင်မြင့်ပေါ် မတက်မီမှာ ကြောက်ရွံ့တတ်သူ တစ်ဦးဖြစ်ပေမယ့် အခြားသောအဖွဲ့ဝင်တွေကိုကြည့်ကာ အားအင်တွေရရှိခဲ့ကြောင်းလည်း ဖြေကြားထားတယ်လို့ သိရပါတယ်။

 

လီဆာဟာ ELLE KOREA ရဲ့ ဖေဖော်ဝါရီလထုတ် မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံတွေမှာ ပန်းပွင့်တွေအကြား ရောက်ရှိနေတဲ့ဟန် ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ လီဆာက သူ့အနေနဲ့ ဘဝမှာ ယခုလောက်များပြားတဲ့ ပန်းပွင့်တွေကို မမြင်ဖူးကြောင်းနဲ့ ဒါဟာ သူမျှော်လင့်ထားတာထက် သာလွန်နေကြောင်း မျက်နှာဖုံးဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်