နှစ်သစ်ကူးညတွင် လူနာအား ကယ်ဆယ်ရေး ဆောင်ရွက်နေသော အရေးပေါ် လူနာတင်ယာဉ် ၂ စီး ခဲဖြင့် အထုခံရ

မော်လမြိုင် ၃ ဇန်နဝါရီ 

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးည၌ အရေးပေါ် လူနာအား ကယ်ဆယ်ရေး ဆောက်ရွက်နေသော မော်လမြိုင်မြို့၏ လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် "ရာမညအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့" ၏ ကား၂ စီးအား ရမ်းကားသူများမှ ခဲဖြင့် ဝိုင်းထုပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်အမျိုးသမီး တစ်ဦးပါ ကိုယ်ထိလက်ရောက် စော်ကားခံရကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ အဆိုပါ NewYear ညအလွန် ၁၂ နာရီကျော်ခန့် မော်လမြိုင်မြို့ သီရိမြိုင် ၃ လမ်းထိပ်တွင် ဆိုင်ကယ် ၂ စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး အနီရောင်အဆင့် အရေးပေါ် လူနာ ၄ ဦး ရှိနေကြောင်း ဖုန်းဝင်လာ၍ ရာမည အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့မှ ကူညီပေးရန် ကမ်းနားလမ်းအတိုင်း မောင်းနှင်လာကာ မောင်ငံရပ်နှင့် ကွင်းရပ်အကြား ရောက်ရှိရာတွင် ၎င်းလူနာကို ရှေးဦးပြုစုခြင်းများပြုစုပြီး ဆေးရုံကြီးသို့ ပို့ဆောင်ရန် ပြင်နေခိုက် မူးယစ်ရမ်းကားသူများမှ ၎င်းလူနာအား မတင်သွားရန် တားမြစ်ပြီး ၎င်းတို့ ကိုယ်တိုင် ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြောဆိုတားဆီး ရန်ရှာသဖြင့် ကူညီပေးနေသော ကယ်ဆယ်ရေးအဖွဲ့မှ လူနာအား ပြန်ချပေးပြီး ထွက်ခွာစဉ် ၎င်းမူးယစ် ရမ်းကားသူများမှ အရေးပေါ်ကားများကို ခဲနှင့်ဝိုင်းထုကြပြီး အရေးပေါ် ကားပေါ်ပါလာသည့် ကယ်ဆယ်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ လက်ထဲမှ လူနာတင် ကတ်အား လုယူပြီး ကိုယ်ထိလက်ရောက် စော်ကားခြင်း ပြုမူခဲ့သဖြင့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများ ရလာခဲ့ကြောင်း၊ ၎င်းအပြင် အကူရောက်ရှိလာသော ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အေးမြကြည်လင် ကယ်ဆယ်ရေးကားကိုလည်း ခဲဖြင့် ဝိုင်းထုခဲ့သည်ဟု သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံရသူ မခင်အေးသူဝင်း(၄၀ နှစ်) မော်လမြိုင်မြို့နေသူမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ် အပါအဝင် ၎င်းအား ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်သူလူတစ်စုအား အမှုဖွင့် အရေးယူပေးပါရန် မော်လမြိုင်မြို့၊ မုပွန်ရဲနယ်မြေ ရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း သိရသည်။ 

 

ဇင်မျိုးသူ