နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းနီးပါးခန့်ရှိ

ဘားအံ  ၄ ဧပြီ

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာ့နိုင်ငံအနှံ ကူးစက်ပျံ့ပွားလျက်ရှိရာ ထိုကာလအတွင်း မြဝတီ-မဲဆောက် တံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းနီးပါးခန့်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိသေးသော်လည်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား Quarantine Centre များတွင်ထားရှိ၍ ၁၄ ရက်စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ တာဝန်ရှိသူများ၊ တာဝန်ထမ်းဆောင်နေသူများနှင့် Quarantine Centre တွင် နေထိုင်သူတို့အား တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ရပါသည်။

 

930

 

ဒေါ်နန်းခင်ထွေးမြင့်
ကရင်ပြည်နယ်ဝန်ကြီးချုပ်

ကရင်ပြည်နယ်ဟာ ထိုင်း-မြန်မာ နယ်စပ်ဖြစ်ပြီးတော့ အဝင်အထွက် အင်မတန်မှများတဲ့အတွက်ကြောင့် ပိုမိုပြီး ဂရုစိုက်ရပါတယ်။  ကျွန်မတို့ဆီမှာ စစချင်း မတ်လ ၁၇ ရက်၊ ၁၈ ရက် ဝန်းကျင်လောက်ကဆိုရင် တစ်ရက်ကို လူဦးရေ  ၄၀၀၀၊ ၅၀၀၀ ဝန်းကျင် ၆၀၀၀ လောက်ထိကို ဝင်ပါတယ်။  အခုဆိုရင်  ကျွန်မတို့ ကရင်ပြည်နယ်ကို ပြန်လည်ဝင်ရောက်လာကြတာ တစ်သိန်းနီးပါး လောက်ရှိပါပြီ။  တစ်နိုင်ငံလုံး အနှံအပြားကလူတွေပါ။   ကျွန်မတို့ အခုအချိန်ထိ  ကိုဗစ်-၁၉ ရောဂါကို ခိုင်ခိုင်မာမာတောင့်ပြီးတော့ တင်းပြီးတော့ ခံထားနိုင်တယ်။ ဒီထဲမှာလည်း ပိုးရှိသူရယ်လို့ အခုအချိန်အထိ ကျွန်မတို့ ကရင်ပြည်နယ်အတွင်းမှာ မတွေ့ရသေးပါဘူး။

မြဝတီမှာလည်း Quarantine Centre လေးခုလောက် လူဦးရေ တစ်ထောင်နီးပါး၊ နောက်တစ်ခါ ဘားအံမြို့ပေါ်မှာ လည်း လူ ၇၀၀ နီးပါး   ဆောင်ရွက်ထားပါတယ်။  မွန်ပြည်နယ်ကိုလည်း ကျွန်မတို့အကူအညီတောင်းပြီးတော့ လူ ၅၀၀ ပို့ထားပါတယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းတွေက သူတို့လူကို သူတို့တာဝန်ယူပြီးတော့ လာခေါ်တယ်ဆိုရင် စာရင်းအတိအကျနဲ့ ကျွန်မတို့ထည့်ပေးနေပါတယ်။  ပြည်သူတွေကလည်း အကုန်းလုံးအားတက်သရော  ဝင်ကူညီကြ ပါတယ်။ ကြောက်တယ်လို့သာပြောကြတယ် ကူညီပံ့ပိုးတဲ့သူတွေက အမြဲလိုအပ်တာထက်တောင် အများကြီး ပိုပြီးတော့ရှိပါတယ်ရှင်။

 

931

 

ဦးဆန်းမော်
ဘားအံခရိုင်အုပ်ချုပ်ရေးမှူး

ဘားအံခရိုင်ထဲမှာတော့ လှိုင်းဘွဲ၊ ဘားအံ၊ သံတောင် (၃)မြို့နယ်မှာ  သံတောင်မြို့နယ်က ပြန်လည်ဝင်ရောက် လာသူ နှစ်ယောက်သုံးယောက်ပဲ ရှိပြီးတော့ လှိုင်းဘွဲနဲ့ ဘားအံမှာများပါတယ်။  လှိုင်းဘွဲမှာ အားလုံးပေါင်းလူဦးရေ ခြောက်ထောင်ကျော် ခုနှစ်ထောင်လောက် ပြန်လည်ရောက်ရှိနေပြီး ဘားအံမှာတော့ လူဦးရေတစ်သောင်း ပတ်ဝန်းကျင်နီးပါးလောက် ပြန်လည်ရောက်ရှိနေပါတယ်။ သက်ဆိုင်ရာကျေးရွာအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး တွေ ဦးဆောင်ပြီးတော့ ရပ်မိရပ်ဖတွေ၊ ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေကနေပြီးတော့ ၁၄ ရက် စောင့်ကြည့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။  ရွာမှာရှိတဲ့စာသင်ကျောင်းတွေ ဆေးပေးခန်းတွေ သာဿနိက အဆောက်အဦတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ စောင့်ကြည့်လျက်ရှိပါတယ်။

 ဒီနေ့အချိန်ထိတော့ ဘားအံခရိုင်အတွင်းမှာ ရောဂါပိုးတွေ့လူနာ မရှိသေးပါဘူး။  ဘားအံမြို့ နယ်ထဲမှ Quarantine Centre ဖြင့် ပြည်တော်ပြန်လာမယ့် အလုပ်သမားတွေကို ထားရှိဖို့ ၁၁ နေရာမှာ အားလုံးပေါင်းထားရှိနိုင်တဲ့လူဦးရေ ၁၆၅၀ အတွက် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Quarantine Centre တွေထဲက လက်ရှိ ၄ နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေဌာန ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ ပူးပေါင်းပြီး အုပ်ချုပ်မှုကိစ္စတွေ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။  ထမင်းဟင်းအတွက် နီးစပ်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ စီမံဆောင်ရွက်ပေးလျက်ရှိသလို မြို့ပေါ်ဌာနဆိုင်ရာတွေကလည်း နေ့လယ်နေ့ခင်း အစာပြေစားဖို့ ပြောင်းဖူးပြုတ်၊ ကြာဇံဟင်းခါးတို့လို စားစရာတွေ သွားရောက်လှူဒါန်းဧည့်ခံ ကျွေးမွေးလျက်ရှိပါတယ်။

ထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်လာတဲ့ မြန်မာပြည်သားတွေအနေနဲ့လည်း ကျန်းမာရေးသတိရှိရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ ပြန်လာတဲ့အချိန်မှာလည်း တာဝန်ရှိသူတွေက မေးတဲ့ အချက်အလက်တွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖြေကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။  ဒါမှသာ နောက်ပိုင်းဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို ဖြစ်သွားခဲ့ရင်လည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ် ။

 

932


 
စောအောင်တင်စိုး (ကျန်းမာရေးကြီးကြပ်-၂)

ကျန်းမာရေးဝန်ထမ်း ၄ ဦးကို တာဝန်ချထားပေးပြီး စောင့်ကြည့်စခန်းမှာပဲ နေထိုင်ပါတယ်။ အိမ်မပြန်ကြပါဘူး။  သူတို့လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်အောင် ဒီ Quarantine Centre မှာ ၂၄ နာရီ တာဝန်ထမ်းဆောင်နေတာပါ။  အခုအချိန်ထိတော့ လာတဲ့သူတွေအားလုံးက ကျန်းမာရေး ကောင်းမွန်ကြပါတယ်။  မနက်တစ်ခါ ညနေတစ်ခါ ကိုယ်အပူချိန်တိုင်းပေးပြီးတော့ တစ်ရက်တစ်ခါ ရီပို့တင်ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦး

Quarantine Centre မှာနေထိုင်တဲ့သူတွေ အပြင်ကိုထွက်မသွားအောင်၊ အပြင်ကလူတွေ အထဲကို ဝင်မလာအောင် ကျွန်တော်တို့က အပြင်စည်းအနေနဲ့ လုံခြုံရေးတာဝန်ယူပေးရတာပါ။ သူတို့နဲ့အတူတူ ကျွန်တော်တို့ လည်း Quarantine Centre မှာ ၁၄ ရက်ပြည့်အောင် နေရမှာပါ။  အဲဒီထက်ပိုကြာလည်း ကြာနိုင်ပါတယ်။ အိမ်ပြန်ခွင့်မရှိပါဘူး။ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။

ကိုသောင်း (အမည်လွှဲ)  ( Quarantine Centre တွင် ၁၄ ရက်စောင့်ကြည့်မှုခံယူနေသူ)

ဇာတိကတော့ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ထဲကပါ။   အခုလောလောဆယ် ပြန်မှာကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊  ဖြစ်ပါတယ်။   ဗီဇာသက်တမ်းကုန်လို့ ပြန်လာတာပါ။ မတ်လ ၂၉ ရက်နေ့က ဘန်ကောက်ကနေပြန်လာတယ်။  အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်မှာ ကရင်ပြည်နယ် အစိုးရအဖွဲ့က သူတို့ကားတွေ စီစဉ်ပေးပြီး ဒီအဆောင်မှာ ၁၄ ရက်စောင့်ကြည့်ထားတာပါ။  အတတ်နိုင်ဆုံး အစိုးရကစီမံပေးတဲ့ နေရာမှာနေတယ်။  လူတွေနဲ့ ၃ ပေအကွာမှာနေတယ်။  ရေတောင်မှ သူအချိန်နဲ့သူ အကန့်အသတ်နဲ့ ချိုးကြတာခင်ဗျ။  လူစုလူဝေးနဲ့ မသွားရပါဘူး။

ကိုယ်တိုင်က ရောဂါဖြစ်ပွားမှုများခဲ့တဲ့ နိုင်ငံကပြန်လာတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပြီး နေထိုင်ပါ တယ်။   အဓိကတော့ ကိုယ့်မိသားစုပဲ။  မိသားစု ကျန်းကျန်းမာမာနဲ့ဆိုရင် ဝမ်းလည်းသာတယ် ကျေလည်းကျေနပ် တယ်။ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။  နိုင်ငံတော်အတွက်ပါ အကျိုးရှိတာခင်ဗျ။ အသက်အန္တရာယ် အများဆုံး ကာကွယ်ပေးရာ လည်းရောက်ပါတယ်။  ကျွန်တော်တို့ကတော့ အဆင်ပြေတယ်၊ လိုလေသေးမရှိပဲ၊ စားတာလည်းပုံမှန် အတိုင်းလာပို့ပေးတယ်။   အဆင်ပြေတယ်၊ ကျန်းမာရေးလည်း ကောင်းတယ်။

မနက်ကိုတစ်ခါ ညနေတစ်ခါ နှစ်ခါလာပြီး ကျန်းမာရေးစစ်ဆေးပေးတယ်။  မိသားစုနဲ့လည်း အဆက်အသွယ် ရပါတယ်။  ဒီရောဂါက မြန်မာတစ်နိုင်ငံတည်းမှမဟုတ်တာ ကမ္ဘာတစ်ဝန်းလုံး ဖြစ်နေတာကို မိဘတွေကတော့ စိုးရိမ်တာပေါ့။  တာဝန်ရှိသူတွေ ကန့်သတ်ထားတဲ့ နေရာမှာပဲနေပါလို့ဘဲ အမေတို့က မှာထားပါတယ်။ လူမှုကွန်ရက် တွေပေါ်မှာ တွေ့နေရတယ်။ တချို့တွေက ပြည်တော်ပြန်တွေက တအားဒုက္ခပေးတယ်လို့ ပြောတယ်။ အဲဒါလူတိုင်းတော့ မဟုတ်ပါဘူး။  ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်းရှိပါတယ်။  အခုပြည်တော်ပြန်တွေ ဘာလို့ပြန်လာတာလဲဆိုတော့ သူများနိုင်ငံမှာလုပ်ရတာ အလုပ်ပိတ်တာရှိတယ်။  အလုပ်ပိတ်တော့ စရိတ်ထောင်း တယ်ပေါ့ဗျာ။  သူများနိုင်ငံမှာ ဒုက္ခမရောက်အောင် ပြန်လာကြတဲ့လူတိုင်း ၁၄ ရက် စောင့်ကြည့်ခံပေးပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။

စောမျိုးမင်းသိန်း(ပြန်/ဆက်)