နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းနီးပါးခန့်ရှိ

ဘားအံ  ၄   ဧပြီ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာ့နိုင်ငံအနှံ့ ကူးစက်ပျံ့ပွားလျက်ရှိရာ ထိုကာလအတွင်း မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ တစ်သိန်းနီးပါးခန့်ရှိကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိသေးသော်လည်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုတ်တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား Quarantine Centre များတွင် ထားရှိ၍ ၁၄ ရက်စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများ၊ တာဝန်ထမ်းဆောင်နေသူများနှင့် Quarantine Centre တွင် နေထိုင်သူတို့အား တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ရပါသည်။

 

mdn

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်

 

ကရင်ပြည်နယ်ဟာ ထိုင်း-မြန်မာ နယ်စပ်ဖြစ်ပြီးတော့ အဝင်အထွက်အင်မတန်မှ များတဲ့အတွက်ကြောင့် ပိုမိုပြီးဂရုစိုက်ရပါတယ်၊ ကျွန်မတို့ဆီမှာ စစချင်း မတ်လ ၁၇ ရက်၊ ၁၈ ရက် ဝန်းကျင်လောက်ကဆိုရင် တစ်ရက်ကို လူဦးရေ  ၄၀ဝ၀၊ ၅၀ဝ၀ ဝန်းကျင် ၆၀ဝ၀ လောက်ထိကို ဝင်ပါတယ်၊ အခုဆိုရင် ကျမတို့ကရင်ပြည်နယ်ကို ပြန်လည်ဝင်ရောက်လာ ကြတာ တစ်သိန်းနီးပါးလောက်ရှိပါပြီ၊ မြန်မာပြည် တစ်ပြည်လုံး အနှံအပြားကလူတွေပါ၊ ပဲခူးကများပါတယ်၊ ရန်ကုန် လည်းများပါတယ်၊ ဧရာဝတီလည်းရှိပါတယ်၊ မကွေးလည်းရှိပါတယ်၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရှမ်း အကုန်လုံးပဲ ကျမတို့ပြည်နယ်ထဲကဖြတ်သွားပါတယ်၊ ကျမတို့ ခုချိန်ထိ ဒီကိုဗစ်-၁၉ ရောဂါကို ခိုင်ခိုင်မာမာတောင့်ပြီးတော့တင်းပြီးတော့ ခံထားနိုင်တယ်၊ ဒီထဲမှာလည်း Positive ရယ်လို့ ခုချိန်ထိ ကျမတို့ကရင်ပြည်နယ်အတွင်းမှာ မတွေ့ရသေးပါဘူး၊ မြဝတီမှာ လည်း Quarantine Centre လေးခုလောက် လူဦးရေ တစ်ထောင်နီးပါး နောက်တစ်ခါ ဘားအံမြို့ပေါ်မှာလည်း လူ ၇၀ဝ နီးပါး ကျမတို့ဆောင်ရွက်ထားပါတယ်၊ သက်ဆိုင်ရာနီးစပ်တဲ့ မွန်ပြည်နယ်ကိုလည်း ကျမတို့အကူအညီတောင်းပြီးတော့ လူ ၅၀ဝ ပို့ထားပါတယ်၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းတွေက သူတို့လူကို သူတို့တာဝန်ယူပြီးတော့ လာခေါ်တယ်ဆိုရင် စာရင်းအတိအကျနဲ့ ကျမတို့လက်မှတ်ထိုးပြီးတော့ကို သူတို့တာဝန်ယူတယ်ဆိုရင် ကျမတို့ထည့်ပေးနေပါတယ်၊ ပြည်သူတွေကလည်း အကုန်းလုံးအားတက်သရော ဝင်ကူညီကြပါတယ်၊ ကြောက်တယ်လို့သာပြောကြတယ် ကူညီပံ့ပိုးတဲ့သူတွေက အမြဲပဲ လိုအပ်တာထက်တောင် အများကြီး ပိုပြီးတော့ရှိပါတယ်ရှင်။

 

mdn

 

ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးဆန်းမော်

 

ဘားအံခရိုင်ထဲမှာတော့ လှိုင်းဘွဲ၊ ဘားအံ၊ သံတောင် (၃)မြို့နယ်မှာ  သံတောင်မြို့နယ်က ပြန်လည်ဝင်ရောက် လာသူ နှစ်ယောက်သုံးယောက်ပဲရှိပြီးတော့ လှိုင်းဘွဲနဲ့ဘားအံမှာများပါတယ်၊ လှိုင်းဘွဲမှာ အားလုံးပေါင်းလူဦးရေ ခြောက်ထောင်ကျော် ခုနှစ်ထောင်လောက်ပြန်လည်ရောက်ရှိနေပြီး ဘားအံမှာတော့ လူဦးရေတစ်သောင်းပတ်ဝန်းကျင် နီးပါးလောက် ပြန်လည်ရောက်ရှိနေပါတယ်၊ သက်ဆိုင်ရာကျေးရွာအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီးတော့ ရပ်မိရပ်ဖတွေ၊ ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ လူမှုူရေးအသင်းအဖွဲ့တွေကနေပြီးတော့ ၁၄ ရက် စောင့်ကြည့်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါတယ်၊ ရွာမှာရှိတဲ့စာသင်ကျောင်းတွေ ဆေးပေးခန်းတွေ သာဿနိကအဆောက်အဦတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ စောင့်ကြည့်လျက်ရှိပါတယ်၊ ဒီနေ့အချိန်ထိတော့ ဘားအံခရိုင်အတွင်းမှာ ရောဂါပိုးတွေ့လူနာ မရှိသေးပါဘူး၊ ဘားအံမြို့နယ်ထဲမှ Quarantine Centre ဖြင့် ပြည်တော်ပြန်လာမယ့် အလုပ်သမား တွေကို ထားရှိဖို့ ၁၁ နေရာမှာ အားလုံးပေါင်းထားရှိနိုင်တဲ့လူဦးရေ ၁၆၅၀ အတွက် စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ Quarantine Centre တွေထဲက လက်ရှိ ၄ နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေ ဌာနဆိုင်ရာကိုယ်စားလှယ်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေပူးပေါင်းပြီး အုပ်ချုပ်မှုကိစ္စတွေ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ထမင်း ဟင်းအတွက် နီးစပ်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့အစီအစဉ်နဲ့ စီမံဆောင်ရွက်ပေးလျက်ရှိသလို မြို့ပေါ် ဌာနဆိုင်ရာတွေကလည်း နေ့လယ်နေ့ခင်း အစာပြေစားဖို့ ပြောင်းဖူးပြုတ်၊ ကြာဇံဟင်းခါးတို့လို စားစရာတွေ သွားရောက် လှူဒါန်းဧည့်ခံကျွေးမွေးလျက်ရှိပါတယ်၊ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာပြည်သားတွေအနေနဲ့လည်း ကျန်းမာရေးသတိရှိရှိနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးကြပါ ပြန်လာတဲ့အချိန်မှာလည်း တာဝန်ရှိသူတွေက မေးတဲ့ အချက်အလက်တွေကို တိတိကျကျမှန်မှန်ကန်ကန် ဖြေကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံ လိုပါတယ် ဒါမှသာ နောက်ပိုင်းဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို ဖြစ်သွားခဲ့ရင်လည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

mdn

 

ကျန်းမာရေးကြီးကြပ်-၂၊ စောအောင်တင်စိုး

 

ကျန်းမာရေးဝန်ထမ်း ၄ ဦးကို တာဝန်ချထားပေးပြီး စောင့်ကြည့်စခန်းမှာပဲ နေထိုင်ပါတယ်၊ အိမ်မပြန်ကြပါဘူး၊ သူတို့လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်အောင် ဒီ Quarantine Centre မှာ ၂၄ နာရီ တာဝန် ထမ်းဆောင်နေတာပါ၊ အခုချိန်ထိတော့ လာတဲ့သူတွေအားလုံးက ကျန်းမာရေးကောင်းမွန်ကြပါတယ်၊ မနက်တစ်ခါ ညနေတစ်ခါ ကိုယ်အပူချိန်တိုင်းပေးပြီးတော့ တစ်ရက်တစ်ခါ အစီရင်ခံစာ တင်ရပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တစ်ဦး

 

Quarantine Centre မှာနေထိုင်တဲ့သူတွေ အပြင်ကိုထွက်မသွားအောင်၊ အပြင်ကလူတွေ အထဲကို ဝင်မလာအောင် ကျနော်တို့က အပြင်စည်းအနေနဲ့ လုံခြုံရေးတာဝန်ယူပေးရတာပါ၊ သူတို့နဲ့အတူတူ ကျနော်တို့လည်း Quarantine Centre မှာ ၁၄ ရက်ပြည့်အောင်နေရမှာပါ၊ အဲဒီထက်ပိုကြာလည်း ကြာနိုင်ပါတယ်၊ အိမ်ပြန်ခွင့်မရှိပါဘူး၊ ကျရာတာဝန်ကို ကျေပွန် အောင် ထမ်းဆောင်နေပါတယ်၊

 

mdn

 

ကိုအောင်ကိုလင်း Quarantine Centre တွင် ၁၄ ရက်စောင့်ကြည့်မှုခံယူနေသူ

 

ဇာတိကတော့ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သုံးတွင်းကျေးရွာကပါ၊  ခုလောလောဆယ် ပြန်မှာကတော့ ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင်းကုန်းကျေးရွာဖြစ်ပါတယ်၊ ကျွန်တော်ကတော့ ဗီဇာသက်တမ်းကုန်လို့ ပြန်လာတာပါ၊ မတ်လ ၂၉ ရက်နေ့က ဘန်ကောက်ကနေပြန်လာတယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်မှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က သူတို့ကားတွေ စီစဉ်ပေးပြီး ဒီအဆောင်မှာ ၁၄ ရက်စောင့်ကြည့်ထားတာပါ၊ အတက်နိုင်ဆုံး အစိုးရကစီမံပေးတဲ့ နေရာမှာ နေတယ်၊ လူတွေနဲ့ ၃ ပေအကွာမှာနေတယ်၊ ရေတောင်မှ သူအချိန်နဲ့သူ အကန့်အသတ်နဲ့ ချိုးရတာခင်ဗျ၊ လူစုလူဝေးနဲ့မသွားရပါဘူး၊ ကိုယ်တိုင်ကရောဂါဖြစ်ပွားမှုများခဲ့တဲ့ နိုင်ငံက ပြန်လာတာဆိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးနေထိုင်ပါတယ်၊  အဓိကတော့ ကိုယ့်မိသားစုဘဲ၊ မိသားစုကျန်းကျန်းမာမာနဲ့ဆိုရင် ဝမ်းလည်းသာတယ် ကျေလည်းကျေနပ်တယ် ကိုယ်တစ်ယောက်တည်း အတွက်မဟုတ်ဘူး နိုင်ငံတော်အတွက်ပါ အကျိုးရှိတာခင်ဗျ၊ အသက် အန္တရာယ်အများဆုံး ကာကွယ်ပေးရာလည်းရောက်ပါတယ်၊ ကျနော်တို့ကတော့ အဆင်ပြေတယ်၊ လိုလေသေးမရှိဘဲ၊ စားတာလည်းပုံမှန်အတိုင်းလာပို့ပေးတယ်၊ အိပ်လိုက်စားလိုက်တအားကို အဆင်ပြေတယ်၊ ကျန်းမာရေးလည်းကောင်းတယ်၊  မနက်ကိုတစ်ခါ ညနေတစ်ခါ နှစ်ခါလာပြီး ကျန်းမာရေးစစ်ဆေးပေးတယ်၊ မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်၊ ဒီရောဂါက မြန်မာတစ်နိုင်ငံတည်းမှမဟုတ်တာ ကမ္ဘာတစ်ဝန်းလုံးဖြစ်နေတာကို မိဘတွေကတော့ စိုးရိမ်တာပေါ့ အစိုးရ လူကြီးတွေကန့်သတ်ထားတဲ့နေရာမှာဘဲ နေပါလို့ဘဲ အမေတို့က မှာထားပါတယ်၊ လူမှုကွန်ရက်တွေပေါ်မှာ တွေ့နေရတယ် တစ်ချို့တွေက ပြည်တော်ပြန်တွေက တအားဒုက္ခပေးတယ်လို့ပြောတယ်၊ အဲဒါလူတိုင်းတော့မဟုတ်ပါဘူး၊ ကောင်းတဲ့သူ ရှိသလို ဆိုးတဲ့သူလည်းရှိပါတယ်၊ ခုပြည်တော်ပြန်တွေ ဘာလို့ပြန်လာလည်းဆိုတော့ သူများနိုင်ငံမှာလုပ်ရတာ အလုပ်ပိတ် တာရှိတယ်၊ အလုပ်ပိတ်တော့ စရိတ်ထောင်းတယ်ပေါ့ဗျာ၊ သူများနိုင်ငံမှာ ဒုက္ခမရောက်အောင် ပြန်လာကြတဲ့လူတိုင်း ၁၄ ရက်စောင့်ကြည့်ခံပေးပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျ။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)