နှစ်ကုန်ပိုင်း ဈေးကွက်ကောင်းမည့်အချိန်ကိုတွက်ဆကာ မိုးငရုတ်များ စတင်စိုက်ပျိုးရန်ပြင်ဆင်နေ

မန္တလေး  မေ  ၂၈

နှစ်ကုန်ပိုင်း ဈေးကွက်ကောင်းလာမည့်အချိန်ကို ကြိုတင်တွက်ဆကာ မိုးငရုတ်များ စတင်စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းရှိ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံမှ နှစ်စဉ်ထွက်ရှိသည့် ငရုတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြပြီး၊ ယခုအခါ လမ်းပန်းဆက်သွယ်မှုများ ကြောင့် တင်ပို့ရောင်းချနှောင့်နှေးနေသော်လည်း လာမယ့်နှစ်ကုန်ပိုင်းတွင် ဈေးကွက်ပြန်လည် ကောင်းမွန်လာမည်ဟု မျှော်လင့်ချက်ဖြင့် စိုက်ပျိုးရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

“မိုးငရုတ်တွေကို ဇူလိုင်လကုန် ဩဂုတ်လဆန်းလောက်မှာ စတင်စိုက်ကြမှာပါ။ ကျွန်တော်တို့ဒေသက ငရုတ်စိုက်တောင်သူတွေကတော့ ငရုတ်စိုက်ဖို့ ထယ်ရေးတွေ အခုကတည်းက ကြိုပြင်ထားပြီးပါပြီ။ နိုဝင်ဘာလပိုင်းနဲ့ ဒီဇင်ဘာလပိုင်းတွေ ရောက်တဲ့အခါ အသီးတွေစတင်ထွက်လာပြီး အသီးကောက်စား ရမှာဖြစ်ပါတယ်။ အဲ့ဒီ နိုဝင်ဘာ၊ ဒီဇင်ဘာအချိန်ဟာ တရုတ်နိုင်ငံဘက်မှာက အအေးပိုင်းဒေသတွေ ဖြစ်လို့ ရေခဲပြီး စိုက်ပျိုးမရတာကြောင့် အိမ်နီးချင်းနိုင်ငံက ငရုတ်သီးတွေကို စျေးကောင်းပေး၀ယ် တတ် တဲ့ အချိန်ပါ။ အခုလက်ရှိမှာ ငရုတ်ဈေးတွေကျနေတယ်ဆိုပေမယ့်ပြန်ကောင်းလာလောက်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်ပျိုးဖို့ပြင်နေကြတာပေါ့” ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ စီးပွားဖြစ် ငရုတ်စိုက်ပျိုးထုတ်လုပ်သူ ကိုမြင့်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငရုတ်စိုက်ပျိုးရေးကို အများအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်း၊ ဟင်္သာတနှင့် မအူပင်မြို့ အနီးတဝိုက်ဒေသများ၊ မန္တလေးတိုင်းဒေသကြီးရှိ မြစ်သားမြို့၊ ကျောက်ဆည် မြို့၊ နတ်မောက်မြို့အနီးတဝိုက်ဒေသများနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသတချို့တို့တွင် စိုက်ပျိုးနေ ကြသည်။

“နောက်တစ်ချက်က မိုးရာသီမှာ ငရုတ်စိုက်ပျိုးတယ်ဆိုရင် မိုးရေကိုအားကိုးလို့ရတဲ့အတွက် ရေတင်စရိတ်၊ စက်ဆီဖိုးနဲ့ ရေဖျန်းစရိတ်တွေလည်း သက်သာနိုင်ပါတယ်။ အပူချိန်လျော့နည်းတဲ့ အတွက် စုပ်စားပိုးကျရောက်မှုလည်း နည်းသွားနိုင်ပြီး အသီးတင်အားလည်း ကောင်းမှာပါပဲ။ တခြား ဒေသက ငရုတ်စိုက်တောင်သူတွေအနေနဲ့လည်း အတူတူစိုက်ပျိုးကြမယ်ဆိုရင် အခုချိန်ကတည်းက ထယ်ရေးပြင်ထားဖို့သင့်ပါပြီ။

စိုက်ပျိုးပြီးနောက် ထွက်ရှိလာတဲ့ငရုတ်တွေကို တောင်သူတွေ စုစိုက်စုရောင်းစနစ်ကို ကျင့်သုံးဖို့သင့်ပါပြီ။ တစ်ဦးတည်းကွဲထွက်ပြီး လုပ်နေတာထက် ညီညီညွတ်ညွတ်စုပေါင်း ဈေးကွက်ထိန်းသင့်ပါတယ်။ ကြာရင် ကိုယ့်နိုင်ငံက ရထားတဲ့ ဈေးကွက်တွေပါ ပျောက်သွားနိုင်ပါတယ်”ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

လက်ရှိဈေးကွက်အတွင်း ငရုတ်သီးအမှည့်အစို တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဝန်းကျင်၊ ငရုတ်သီးအစိမ်း တစ်ပိဿာလျှင် (၆၀၀)ကျပ်ဝန်းကျင်၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် လက်ကားရောင်းချနေပြီး ဈေးနှုန်းများမှာ ယခင်နှစ်များကထက် ကျဆင်းနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်