နှာခေါင်းစည်းတပ်ရမလား၊ မတပ်ရဘူးလား

mdn

articles_advs

သတင်းဆောင်းပါး - ဂျူး

 

ကျွန်မ စက်မချုပ်ဖူးပါဘူး။ ငယ်ငယ်တုန်းက ဆေးကျောင်းမှာတုန်းက နှာခေါင်းစည်းဆိုတာ ဝယ်ရတဲ့ အရာလို့တောင် မသိခဲ့ဘဲ ပတ်တီးလိပ်အစတွေကိုပဲ နှစ်လွှာ သုံးလွှာထပ်တွဲ၊ ကိုယ့်ဟာ ကိုယ်လက်နဲ့ချုပ်ပြီး ဆေးရုံဝါ့ဒ်တွေကို သွားခဲ့ရတဲ့အဖြစ်ကို မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ သွေးနဲ့ တံတွေးကနေ ကူးစက်မယ့် ပိုးမွှားတွေကို ကိုယ့်ဆီကူးမှာထက် ကိုယ့်ဆီကပိုး လူနာတွေဆီ မကူး ဖို့ကို ပိုပြီးအာရုံထားခဲ့တာပါ။

 

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ရိုးရိုးကို သာမန်ပြည်သူတွေ တပ်စရာမလိုဘူးလို့ ကပ်ရောဂါ ဖြစ်စ ပထမပိုင်းမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက အသိပေးခဲ့ပါတယ်။ အကြောင်းတစ်ခုက ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းက အန် ၉၅ အသက်ရှူကိရိယာလို ဗိုင်းရပ်စ်ပိုးကို (၉၅ ရာခိုင်နှုန်း) တားဆီး ကာကွယ်မပေးနိုင်လို့ပါ။ နောက်တစ်ခုက အဲဒီ သာမန်ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကိုပဲ လုံလုံလောက်လောက် မရနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဦးစားပေးသုံးကြဖို့ပါ။ အဲဒီတုန်းက အဝတ်စနဲ့ ပြုလုပ်တဲ့ နှာခေါင်းစည်းတွေကို လုံးဝ အားမပေးခဲ့ပါဘူး။ ရက်လုပ်ထားတဲ့ ချည်ထည်မှန်သမျှ (Any Woven  Cloth) ဗိုင်းရပ်စ်ကို မကာကွယ်ပါ ဘူးလို့ အတိအလင်းပြောခဲ့ကြတယ်။

 

အခုတော့ အာရှနဲ့ယှဉ်လိုက်ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်နှုန်း သိပ်မြန်နေတာဟာ နှာခေါင်း စည်းတပ်ခြင်း၊ မတပ်ခြင်းနဲ့ ဆိုင်သလားလို့ မေးခွန်းတွေ ထွက်လာခဲ့တယ်။

 

မက်ဆာချူးဆက်တက္ကသိုလ်မှာ နောက်ထပ် စစ်ဆေးချက်တွေအရ ချောင်းဆိုးတဲ့အခါ အမှုန်အမွှားတွေက ခြောက်မီတာအကွာအထိ ရောက် နိုင်ပြီး နှာချေရင်တော့ ရှစ်မီတာ အကွာအထိ ရောက်နိုင်တယ်တဲ့။

 

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ တောင် လုံလောက်မှုမရှိတာကြောင့် အခုတော့ အဝတ်နဲ့ပဲ ကိုယ့်ဟာကိုယ် DIY (Do It Yourself) နှာခေါင်းစည်းတွေပြုလုပ်ပြီး တပ်ကြဖို့ အကြံပြုလာ ပြန်ပါတယ်။ အမေရိကန် ပြည်ထောင်စု မှာဆို လည်စည်းပဝါ (Scaf) တွေကို မျက်နှာမှာ စည်းနှောင်သွားဖို့ သမ္မတထရမ့်က တိုက်တွန်းနေပါတယ်။

 

Youtube မှာ နှာခေါင်းစည်း ချုပ်နည်းတွေ များစွာတွေ့ရမှာဖြစ် ပေမယ့် ကျွန်မကတော့ ကျန်းမာရေး အဖွဲ့ တစ်ခုခုက ညွှန်းတာကို ပိုအားကိုးချင်ပါတယ်။ ဒါကြောင့် လည်း ကပ်ဘေးဆိုင်ရာ ဆေးပညာ နဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့ (Disaster Medicine and Public Health Preparedness (Cambridge  University) က ထုတ်ပြန်တဲ့ နှာခေါင်းစည်းဆိုင်ရာ သတင်းကို ဖတ်မိတဲ့အခါ ကိုယ့်မိတ်ဆွေတွေကို ဝေမျှချင်လာပါတယ်။ တပ်ရမလား၊ မတပ်ရဘူးလား အတိအကျ မဝေခွဲနိုင် တော့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင် ယူဆချက်ကို သိချင်မိပါတယ်။ မတပ်တာနဲ့စာရင် တပ်တာက ပိုကောင်းပါတယ်တဲ့။ နှာခေါင်းစည်းတွေ လိုချင် တိုင်း ဝယ်မရတဲ့ အခုနေအခါမှာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဦးစားပေးလိုက်ပြီးတော့ ကိုယ့် အတွက်ကိုတော့ ကိုယ်တိုင်ပြုလုပ်ဖို့ အားပေးရမယ်လို့ သူတို့အဖွဲ့က ယူဆ ပြီး လုပ်ပုံလုပ်နည်းပြောပါတယ်။

 

 ဘယ်လိုအစမျိုးကို အသုံးပြုရမလဲ။

 

ကိုရိုနာဗိုင်းရပ်စ်ထက် ငါးဆလောက် သေးငယ်တဲ့ အမှုန်ကလေးတွေကို ဘယ်လောက်စစ်ပေးနိုင်လဲ ဆိုတဲ့ စမ်းသပ်ချက်ကို ၂၀၁၃ ခုနှစ် တုန်းက စမ်းသပ်အဖြေရှာထားတာကိုလည်း ပုံနဲ့တကွ ဖတ်လိုက်ရတာ စိတ်ဝင်စား စရာပါ။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းကို စံပြုပြီးတော့ ဖော်ပြ ပေးပါတယ်။ အဲဒီအစမျိုးက ၈၉ ရာခိုင် နှုန်းစစ်ပေးတယ်တဲ့။ သူ့ထက် တစ်ဆင့် နိမ့်တာကတော့ ဖုန်စုပ်စက်မှာ သုံးတဲ့ 380 (Vacuum Cleaning Bag) ပါတဲ့ ကျွန်မတို့ဆီမှာ သုံးကြလား ကျွန်မ မသိ။ ကျွန်မအိမ်မှာတော့ မရှိပါဘူး။ သူက ၈၆ ရာခိုင်နှုန်း စစ်ပေးနိုင်ပါ တယ်တဲ့။

 

နောက်တစ်ဆင့်နိမ့်တာကတော့ သူတို့ဆီက ပန်းကန်သုတ်တဲ့ ပဝါ (Dish Towel)တဲ့။ ကျွန်မတို့ဆီက ချည်ကြမ်းပဝါတွေနဲ့ မတူလောက်ဘူး ထင်တယ်။ ချည်ကြမ်းပဝါတွေက ချည်ကြီးကြီးကို ခပ်ကျဲကျဲရက်ထား တာမို့ပါ။ တကယ်တော့ စိပ်စိပ်လေး ရက်တာ ပိုစိတ်ချရမှာပါ။ စစ်ပေးနိုင် မှုကတော့ ၇၃ ရာခိုင်နှုန်းတဲ့။

 

နောက်တစ်ဆင့်နိမ့်က Cotton Blend Cloth လို့ ပြောပါတယ်။ အကောင်းစား ချည်အိပ်ရာဖုံးအစ။  ၇၀ ရာခိုင်နှုန်းတဲ့။ နောက် တစ်ဆင့် နိမ့်က ပိုးသတ်ထားတဲ့ Antimicrobial ခေါင်းအုံးစွပ်အစမျိုး၊ စစ်ပေးနိုင်စွမ်း ၆၈ ရာခိုင်နှုန်းတဲ့။ နောက်တစ်ဆင့် နိမ့်တာက လီနင်သားအစတဲ့။ ၆၂  ရာခိုင်နှုန်းတဲ့။

 

ပြီးတော့ ရိုးရိုးခေါင်းအုံးစွပ် အသား။ ဒါကတော့ ၅၇ ရာခိုင်နှုန်း စစ်ပေးပါတယ်တဲ့။ နောက်တစ်ဆင့် နိမ့်တာက ပိုးစ၊ သူကတော့ ၅၄ ရာခိုင် နှုန်း၊ နောက်တစ်ဆင့်က ၁၀ဝရာခိုင်နှုန်း ချည်စစ်စစ်၊ သူကတော့ ၅၁ ရာခိုင်နှုန်း စစ်ပေးနိုင်တယ်တဲ့။ နောက်ဆုံး အဆင့်ကတော့ လည်စည်းပဝါစ(Scarf) သူကတော့ ၄၉ ရာခိုင်နှုန်း စစ်ပေးနိုင်ပါ တယ်တဲ့။ ကပ်ဘေးဆိုင်ရာ ဆေးပညာ နဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့ (Disaster Medicine and Public Health Preparedness (Cambridge University) ရဲ့ ညွှန်းဆိုမှုအရ ပြောရင် လည်း ခွဲစိတ်ခန်းသုံး နှာခေါင်း စည်း ပြီးရင် ဖုန်စုပ်စက်မှာသုံးတဲ့ အိတ်အစ၊ ချည်စိပ်စိပ် အိပ်ရာဖုံး စွပ် ပန်းကန်သုတ်တဲ့ အဝတ်စနဲ့ ၁၀ဝ ရာနှုန်းပြည့် ချည်စစ်စစ် ရှပ် အစ တွေက အကောင်းဆုံးပါလို့ ပြောပါ တယ်။ လည်စည်းပဝါသားအစကလွဲ ရင် အားလုံးက စစ်ပေးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းတော့ ကျော်တာချည်းပါပဲ။

 

ပြီးတော့ လုပ်ပုံလုပ်နည်းနဲ့ အဝတ်စကိုက်ဖြတ်ဖို့ မေ့နာ Template ကို ပြပေးပါတယ်။ တစ်ရွာတည်း မရပါဘူး။ နှစ်လွှာ ထပ်ရမှာပါတဲ့။ အဝတ်စကို အရောင် မတူတဲ့နှစ်စ ရွေးဖို့ပါ။ ဒါမှ ဘယ်ဟာ က အတွင်းဘယ်ဟာက အပြင်ဆိုတာ မှတ်မိမှာပါ။ ခေါင်းနောက်ထိ ဆွဲ ချည်ဖို့ ကြိုးအဖြစ်တော့ အီလတ်စ် တစ် အသားတစ်စကို ထပ်ရွေးရမှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အဝတ်စ သုံးစ လိုအပ်ပါတယ်။

 

ပုံစံနမူနာနဲ့ ချူပ်ကြည့်ဖို့ သူတို့ ပြပေးထားပါတယ်။

 

နှာခေါင်းစည်း တပ်ပြီးတာနဲ့ လုံခြုံပြီလို့ မှားယွင်းစွာ ယူဆပြီး ပေါ့ဆသွားမှာကို သူတို့ သိပ်စိုးရိမ် ပါတယ်။ နှာခေါင်းစည်းက ရာနှုန်းပြည့် အာမခံလို့ မရတာကြောင့်  ကျွန်မတို့အနေနဲ့ အဓိက ကာကွယ် နည်းအဖြစ် ၁။ အပြင်မထွက်ဖို့ ၂။ အပြင်ကို ထွက်ခဲ့ရရင် တစ်ယောက် နဲ့ တစ်ယောက် သုံးပေအကွာဖို့ ၃။ လက်မဆေးရသေးခင်မှာ မိမိ မျက်နှာကို မထိဖို့၊ ၄။ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ အကြာ စနစ်တကျဆေးဖို့၊ အဲဒီနည်းတွေကို သုံးပြီး ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်အသိုင်းအဝိုင်းကိုပါ ကာကွယ် ကြရမယ်လို့ ပြောပါတယ်။ ။