Myanmar Idol ပြိုင်ပွဲသည် Reality Show တစ်ခုသာဖြစ်ကြောင်း ကျော်ထက်အောင် ပြောကြား

ကိုလင်း

Myanmar Idol ပြိုင်ပွဲတွင် Host အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျော်ထက်အောင်က Idol ပြိုင်ပွဲသည် ဖြစ်တည်လာမှုအပေါ် နည်းနည်းကစားထားသည့် အပိုင်းမှလွဲ၍ Reality Show တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ ပြိုင်ပွဲက လူတိုင်းစိတ်ဝင်စားစရာ ပရိုဂရမ်တစ်ခုလို့ပြောလို့ ရပါတယ်။ ဇာတ်ညွှန်းဆိုတာက ဇာတ်တစ်ခုကို ကြိုရေးပြီးမှ ရိုက်ကွင်းပေါ်မှာ ရိုက်ရတာလေ။ ဇာတ်ညွှန်းတစ်ခုမှာ ပါမယ့် Actor ကအစ သိရတာလေ။ ဒါကတော့ ဇာတ်ညွှန်းမဟုတ်ပါဘူး။ ဒီကလေးတွေမှ မသိတာ။ ပြိုင်ပွဲဟာ ဖြစ်တည်လာမှုအပေါ်မှာ နည်းနည်း ကစားတာကလွဲရင် တကယ့် Reality Show တစ်ခုပါ"ဟု ကျော်ထက်အောင်က ပြောသည်။

ကျော်ထက်အောင်က ပြိုင်ပွဲအစပိုင်းတွင် ထက်အဉ္စလီနှင့် ဘင်ဂျမင်ဆမ်တို့ကို ကြိုက်နှစ်သက် သဘောကျခဲ့ပြီး ပြိုင်ပွဲကာလ ပြောင်းလဲမှုအရ ကြိုက်နှစ်သက်အားပေးမှုလည်း ပြောင်းလဲလျက်ရှိကာ လက်ရှိတွင် အက်စတာကို အားပေးနေကြောင်း သိရသည်။

"ကျွန်တော့်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်သူကို အားပေးတာပါ။ သူတို့ကို အားပေးလိုက်လို့ ကျန်တဲ့သူတွေက မကောင်းဘူးလို့ ပြောတာလည်း မဟုတ်ပါဘူး။ လူတိုင်းက သူ့အကြိုက်နဲ့ သူပေါ့။ ငယ်ရွယ်သူပဲ ဖြစ်နေပါစေ၊ ကိုယ်သဘောကျတဲ့သူကို အားပေးကြတာပါပဲ။ ခုကတော့ ထက်အဉ္စလီက ပြုတ်သွားပြီး ပြိုင်ပွဲတစ်ဆင့်ထက်တစ်ဆင့် တက်လာတာနဲ့အမျှ တမ်ပိုမြင့်လာတယ်။ ဘင်ဂျမင်ကလည်း နည်းပညာပိုင်း တော်တယ်။ ခုဆိုရင်တော့ အက်စတာကို သဘောကျပါတယ်။ သူရဲ့ သီဆိုမှုကလည်း ကောင်းတယ်လေ"ဟု ကျော်ထက်အောင်က ဆက်ပြောသည်။

မြန်မာ့အလင်း