မြဝတီနယ်စပ်၌ ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်မည့်ကိစ္စရပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အကောင်အထည်ဖော်မည်

မြဝတီ၊   ၈  ဇန်နဝါရီ

မြဝတီနယ်စပ်၌ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ပြောင်းကုန်စည်ဒိုင်ဖွင့်လှစ်မည့် ကိစ္စရပ်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေကြောင်း အသင်းဉက္ကဋ္ဌက ပြောသည်။

ပြောင်းကုန်စည်ဒိုင်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်က စတင်ဖွင့်လှစ်မည်ဟု စီစဉ်ထားခဲ့ပြီးနောက် Covid-19 ကာလအခြေအနေအရပ်ရပ်ကြောင့် ဖွင့်လှစ်မည့်အချိန်ကာလကို နောက်ဆုတ်ခဲ့ကြရသည်။

“မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအနေနဲ့ ပြောင်းကုန်စည်ဒိုင်ကို မဖြစ်မနေကို ဖွင့်လှစ်သွားမှာပါ။ အခု ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ပထမအစီအစဉ်မှာ မနှစ်ကတည်းက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ ကိုဗစ်ကြောင့် လူစုလူဝေးလုပ်လို့ အဆင်မပြေတာကြောင့် နောက်ဆုတ်လိုက်တာပါ။ ပြီးခဲ့တဲ့လက ဖွင့်လှစ်ဖို့ ထပ်စီစဉ်တော့လည်း မြဝတီဘက်မှာ ပိုးတွေ့လူနာတွေ တွေ့ရှိမှု များပြားနေတဲ့ အတွက် ရန်ကုန်က ကုန်သည်တွေကို အဝင်မခံတာမျိုးတွေလည်း ရှိနေတာကြောင့် လတ်တလောမှာ ခဏနောက်ဆုတ်ထားကြတဲ့ သဘောပါပဲ” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဉက္ကဋ္ဌ ဦးမင်းခိုင်က ပြောပြသည်။

အဆိုပါပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ပါက ပြောင်းကုန်သွယ်မှုဆောင်ရွက်ရာတွင် အရောင်းအဝယ် ကိစ္စရပ်များ မှန်ကန်မှုရှိစေရေးနှင့် ပိုမိုအဆင်ပြေ လွယ်ကူမှုရှိစေရေးတို့အတွက် များစွာအထောက်အကူ ဖြစ်လာမည်ဖြစ်သည်။

“ပြောင်းကုန်စည်ဒိုင်သာ ဖွင့်လှစ်နိုင်သွားမယ်ဆိုရင် စနစ်တကျ ရောင်းစရာနေရာ ရှိသွားမယ်။ ရန်ကုန် မှာရှိတဲ့ ကုန်စည်ဒိုင်တွေလိုမျိုး ရောင်းချင်တဲ့သူက ပစ္စည်းတွေပြထားမယ်။ ဝယ်ချင်တဲ့သူက ဒီနေရာမှာ လာဝယ်မယ်။ ဝယ်ယူမယ့် ပြည်ပကုန်သည် ကိုယ်စားလှယ်အားလုံးလည်း ဒီနေရာမှာ လာဝယ်ကြရ မယ်။ ပြည်တွင်းက ရောင်းမယ့် ပြောင်းကုန်သည်တွေကလည်း ဒီကိုလာမယ်။ အဲဒီတော့ ရောင်းသူနဲ့ ဝယ်သူကြားမှာ ဈေးနှုန်းက မှန်မှန်ကန်ကန်ရသွားမယ်။ ငွေရေးကြေးရေး အပိုင်းတွေမှာ လည်း စိတ်ချရမယ်။ ကုန်သည်ကြီးတွေ အလိမ်ခံရတာမျိုးလည်း မဖြစ်နိုင်တော့ဘူးပေါ့”ဟု ဦးမင်းခိုင်က ဆက်လက်ပြောပြသည်။
ဖေဖော်ဝါရီလအတွင်း မြန်မာ့အစေ့ထုတ်ပြောင်းများကို ထိုင်းနိုင်ငံသို့ အခွန် ကင်းလွတ်ခွင့်ဖြင့် စတင် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်