မြဝတီမြို့၌ ကရင်စာပေသင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်၊ ကျောင်းပေါင်း ၅၀ ခန့်မှာ သင်ကြာဖို့စီစဉ်သွားမည်

မြဝတီ  ၁၄  ဇူလိုင်

 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အခြေခံပညာကျောင်း ၅၀ ခန့်တွင် တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြားနိုင်ဖို့ စီစဉ်သွားမည်ဖြစ်ကြောင်း မြဝတီမြို့ ကရင်စာပေယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းရုံးတွင် ယနေ့ ဖွင့်လှစ်သည့် ကရင်စာပေသင်ရိုးသစ် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သဘာပတိကြီးအဖြစ် အမှတ်(၂၇၅) မြသုခတပ်ဦးကျောင်းဆရာတော် ဒေါက်တာ အရှင်ပညာနန္ဒ မှဆောင်ရွက်ကာ အဖွင့်သြဝါဒစကား မိန့်ကြားခဲ့ပြီး သဘာပတိအဖွဲ့ဝင် မြဝတီမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနာယက ဦးစောထွန်းဝေက အမှာစကားပြောကြားသည်။

 

ထို့နောက် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က သင်တန်းလမ်းညွှန်အမှာစကားပြောကြားပြီး ကရင်ပြည် နယ်တိုင်းရင်းသားစာပေ သင်ကြားရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဆရာမကြီး နန်းမြင့်တင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားသည်။

 

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမ ၅၀ ကျော်တက်ရောက် သင်ကြားသွားမည်ဖြစ်ပြီး လေးရက်ကြာ ပို့ချသွားမည်ဖြစ်သည်။

 

မြဝတီမြို့တွင် တိုင်းရင်းသားဘာသာစကားဖြင့် ယခင်နှစ်က ပိုးကရင်ဘာသာဖြင့် သင်သည့်ကျောင်း ၁၀ ကျောင်း၊ စကောကရင်ဘာသာဖြင့် သင်သည့်ကျောင်း ၂၈ ကျောင်း၊ ရှမ်းဘာသာဖြင့် သင်သည့်ကျောင်း ၂ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၄၀ တွင်သာ သင်ကြားနိုင်ခဲ့ပြီး ယခုနှစ်တွင် ကျောင်းပေါင်း ၅၀ ခန့်တွင် သင်ကြားပေးဖို့ စီစဉ်သွား မည်ဖြစ် ကြောင်း မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)