မြဝတီမြို့ မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား ၂ မှ မြန်မာနိုင်ငံသားများ ဆက်လက်ဝင်ရောက်ဆဲဖြစ်

မြဝတီ ၂၅ မတ်

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုသာ အသုံးပြုသည့် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်() ချစ်ကြည်ရေးတံတားမှ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား ဝင်ခွင့်ပြုပေးလျက်ရှိရာ ယနေ့ မတ် ၂၅ ရက်တွင်လည်း ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ယနေ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်()တွင် ငါးရက်မြောက်နေ့၌ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ဆက်လက်ဝင်ရောက်လျက်ရှိရာ ပြန်လည်ဝင်ရောက်သူများ ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားလိုအပ်သူများ အဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ တာဝန်ရှိသူများမှ ကျန်းမာရေး ဆေးစစ်ချက်များရယူပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ပေးလျက်ရှိသည်။

 

ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်ကူးစက်မြန်ရောဂါ (Covid-19) ကာကွယ်/တားဆီးနိုင်ရေးတို့အတွက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အင်အားဖြည့်ပေါင်းစပ်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရာတွင် ကိုရိုနာဗိုင်းရပ်ကူး စက်မြန်ရောဂါ (Covid-19) ကာကွယ်/တားဆီးနိုင်ရေး လုပ်ငန်းများတွင် လစ်ဟာမှုများမရှိစေရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့၏ အစီအစဉ်ဖြင့် သူနာပြုများ လာရောက်ဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)