မူပိုင်ခွင့်ဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၀ ဇန်နဝါရီ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနိုင်ငံများ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - ဂျပန် (South East Asian IP Network of Japanese Commerce and Industry - SEAIPJ), JETRO Bangkok နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်မှုနှင့်အတူ မူပိုင်ခွင့်စနစ်များကို အသုံးချပြီး ပိုမိုအားကောင်းသော စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အားပေးမှုများကို အထူးအလေးပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသားများ၏ တီထွင်ဖန်တီးမှုများကို အားပေးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားပေးရန်အတွက် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို ဟန့်တားနိုင်မည့် ထိရောက်သည့် မူပိုင်ခွင့်ဆိုင်ရာ အခြေခံအဆောက်အဦကို တည်ထောင်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေ (၄)ခုကို ယခုနှစ် အစောပိုင်းကာလအတွင်း အာဏာသက်ဝင်နိုင်ရေး၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ ဖွဲ့စည်းနိုင်ရေးနှင့် မူပိုင်ခွင့်ရုံး တည်ထောင်ဖွင့်လှစ်နိုင်ရေးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်ပြီးပါက မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုများကို ဥပဒေများပါပြဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန အစရှိသည့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။  

 

လက်ရှိမြန်မာနိုင်ငံတွင် မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သီးခြားသက်သာခွင့်ဥပဒေနှင့် အခြားသက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်ပြီးပါက တီထွင်ဖန်တီးသူများ အနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားပြီး မှတ်ပုံတင်ခွင့်ရရှိလာပါက မိမိတို့၏ မူပိုင်ခွင့် အခွင့်အရေးများကို အခြားသူတစ်ဦးဦးမှ ချိုးဖောက်ခြင်းကို မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

 

ယခုဆွေးနွေးပွဲသည် ကုန်ပစ္စည်းအတုအပများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မူပိုင်ခွင့်အခွင့်အရေးများ ချိုးဖောက်ထားသည့် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေးဆွဲရာတွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယနေ့ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာဗဟုသုတများကို မူပိုင်ခွင့်စနစ် တည်ဆောက်ရာတွင်သာမက စားသုံးသူများအား ကုန်ပစ္စည်း အတုအပများ သုံးစွဲရခြင်းနှင့် ဈေးကွက်အတွင်းတွင် ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးရောင်းချနေခြင်းအပေါ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန် ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း။

 

မူပိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိလာနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းနှင့် နောင်တွင်လည်း မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် JETRO Bangkok ၏ Director က အမှာစကားပြောကြားပြီး JICA မှ မူပိုင်ခွင့်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ SEAIPJ မှ ကိုယ်စားလှယ်၊ HONDA Motor နှင့် MITSUBISHI ELECTRIC CORPORATION တို့မှ တာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရှေ့တောင်အာရှနိုင်ငံများ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ − ဂျပန် (South East Asian IP Network of Japanese Commerce and Industry-SEAIPJ), JETRO နှင့် JICA တို့မှ တာဝန်ရှိသူများ၊ Mr. Junya Watanabe၊ HONDA၊ MITSUBISHI ELECTRIC CORPORATION တို့မှ ကိုယ်စားလှယ်များ နှင့် IP ဆိုင်ရာ အဖွဲ့အစည်းများက Online မှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

mdn