မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပရဟိတအသင်းအဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

မူဆယ်   ၂၂   မေ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊  ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့ စုစုပေါင်း(၁၄)သင်းတို့ကို မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် မူဆယ်မြို့၊ စုပေါင်းခရိုင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

 

a

 

“မူဆယ်မြို့၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီကနေ မူဆယ်မြို့၊ ပရဟိတအသင်းအဖွဲ့တွေကို ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ထောက်ပံ့ငွေ (၂)သိန်းကျပ်စီကို ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပါတယ်၊ ခုလို ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် မူဆယ်မြို့၊ ပရဟိတအသင်းအဖွဲ့အားလုံး ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်၊ မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွေကို ပရဟိတအသင်းအဖွဲ့တွေအနေနဲ့ အရှိန်အဟုန်မပျက် ဆက်လက်ပြီးတော့ ပါဝင်ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်”ဟု မူဆယ်မြို့၊ လူမှုကရုဏာအသင်းဉက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

အခမ်အနားတွင် မူဆယ်မြို့၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း၌ စွမ်းစွမ်တမံ၊ အားကြိုမာန်တက်၊ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည့် မူဆယ်မြို့၊ ဌာနဆိုင်ရာအသီးသီးနှင့် ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်အမှာစကား ပြောကြားသည်။

 

a

 

ဆက်လက်ပြီး မူဆယ်မြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးအထောက်အကူ ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်သည်။

မူဆယ်မြို့၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍ တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့သို့ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာပြောင်းရွှေ့အလုပ်သမားများ၊ မူဆယ်မြို့သို့  ပြန်လည်ရောက်ရှိလာကြသည့် မြန်မာပြောင်းရွှေ့ အလုပ်သမားများများကို နယ်စပ်ဂိတ်ပေါက်များမှ လက်ခံရေးနှင့် နေရာချထားရေးအဆောင်သို့ ပို့ဆောင်ပေးခြင်းနှင့် စောင့်ကြည့်လူနာဆောင်များ၌ စနစ်တစ်ကျထားရှိခြင်း၊ စားဝတ်နေရေးများပြင်ဆင်ပေးခြင်း၊ မိမိဌာနေသို့ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် အခြားလိုအပ်ချက်များအား အစီအစဉ်တစ်ကျ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ်နှင့်အမျှ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)