မုံရွာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင် ယာဉ်တိုက်မှု (၂၉)ကြိမ်ဖြစ်ပွားခဲ့ပြီး (၁၀) ဦးသေဆုံး

မုံရွာ  ၄   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် ဧပြီလ(၃)ရက်နေ့အထိ ယာဉ်တိုက်မှု (၂၉) ကြိမ် ဖြစ်ပွားခဲ့ရာ လူ(၂၉)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁၀)ဦး သေဆုံးခဲ့ကြောင်း အမှတ်(၁၁၁)ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး ဒုတိယ ရဲမှူးဇော်ဝင်းနိုင် ထံမှ သိရသည်။

 

“လူတိုင်းတစ်ဦးချင်း စည်းကမ်းတွေ လိုက်နာမယ်ဆိုရင်တော့ ယာဉ်မတော်တဆမှုတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အသိပညာပေးတာ စစ်ဆေးတာတွေ လုပ်နေတယ်၊ စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကိုလည်း အပြစ်ပေး အရေးယူတာတွေလုပ်နေပေမဲ့ စည်းကမ်းလိုက်နာမှု အားနည်းရင်တော့ ယာဉ်မတော်တဆမှုတော့ ဖြစ်နေအုံးမှာဖြစ်ပါတယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို တစ်ဦးချင်းလိုက်နာကြဖို့ လိုပါတယ်” ဟု အမှတ် (၁၁၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ဒုတိယ ရဲမှူးဇော်ဝင်းနိုင်က ပြောသည်။

 

မုံရွာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ သာစည်လမ်းနှင့်အခြားလမ်းမကြီးများတွင် ယခုနှစ် ဧပြီလ(၃)ရက်နေ့အထိ ကားနှင့်ကားခြင်းတိုက်မှု (၁) ကြိမ်၊ ကားနှင့်လမ်းကူးနေရာများတွင် တိုက်မှု (၁)ကြိမ်၊ ကားနှင့်အခြားယာဉ်များနှင့်တိုက်မှု (၃)ကြိမ်၊ ကားနှင့် ဆိုင်ကယ်တိုက်မှု(၁၅)ကြိမ်၊ ဆိုင်ကယ်ခြင်းတိုက်မှု (၆)ကြိမ်၊ ဆိုင်ကယ်နှင့် အခြားယာဉ်များနှင့် တိုက်မှု (၂) ကြိမ်နှင့် အခြားယာဉ်တိုက်မှု(၁)ကြိမ် စုစုပေါင်း (၂၉)ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား (၂၆)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား (၁၀)ဦးသေဆုံးခဲ့ကြောင်းနှင့် ပြစ်မှုဖြစ်ပွားသူ (၂၉)ဦးအား အရေးယူမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)