မုဒုံ အောက်တိုဘာ ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမနှင့် အထက(ကွေ့ဝမ်း)ကျောင်းတို့တွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အသက် ၁၂ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။
မုဒုံမြို့နယ်အနေဖြင့် ဆေးထိုးစုရပ် ၁၀ နေရာ စီစဉ်ထားကာ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်စာသင်ကျောင်း ၃ ကျောင်း စုစုပေါင်း ၄၃ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၈၄၆၅ ဦးကို စုရပ်အသီးသီးတွင် သတ်မှတ်နေ့ရက်များ အလိုက် အောက်တိုဘာ ၂၄ ရက်အထိထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးထိုးစုရပ်ဖြစ်သည့် အဆိုပါ နေရာတို့တွင် မြို့ပေါ်ရပ်ကွက်များရှိကျောင်း ၉ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၇၉၈ ဦးကို ထိုးနှံပေးလျက်ရှိကြောင်း၊ အောက်တိုဘာ ၁၈ ရက်ထိ ထိုးနှံပေးပြီးသူ ၁၄၇၆ ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)