မတူကွဲပြားမှုများကြား ထပ်မံကွဲပြားအောင်မလုပ်သင့်

ဒီဇင်ဘာ ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ တရားရုံးတော်တွင် မြန်မာနိုင်ငံကို စွပ်စွဲပြောဆိုမှုများအား မှန်မှန်ကန်ကန် ခြေခြေမြစ်မြစ် ဓမ္မဓိဋ္ဌာန်ကျကျ ရှင်းလင်းပြောကြားခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ပေးရန် လျှောက်ထားချက်နှင့်ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက လျှောက်ထားခြင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံက လျှောက်ထားခြင်းနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်နိုင်ငံ အပြန်အလှန် လျှောက်ထားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ “ မြန်မာနိုင်ငံရင်ဆိုင်ရသော လူမျိုးပြုန်းတီးစေမှု စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့်ရှေ့နေအဖွဲ့က ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ အချိန် ၁ နာရီခွဲကြာ အပြီးသတ်လျှောက်လဲချက် လျှောက်တင်ခဲ့ရာ ပထမတရား ရင်ဆိုင်မှု ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးစေမှု တားဆီးရေးဆိုင်ရာ ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းနှင့်ပတ်သက်၍ လျှောက်ထားမှုသည် ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်ကာလ ပဋိပက္ခဖြစ်ပွားစဉ်က ပေါ်ပေါက်ခဲ့သော ပြဿနာကို အကြောင်းပြုသည်ဖြစ်ရာ ထိုဒေသရှိ လူ့အသိုက်အဝန်းတစ်ခု လူမျိုးပြုန်းတီးစေခြင်းဖြစ်၊ မဖြစ်ကို အနည်းငယ် ဆန်းစစ်လေ့လာရုံမျှဖြင့် သိနိုင်မည်ဖြစ်သည်။ လက်သည်မှာ ARSA အကြမ်းဖက်သမားများဖြစ်သည်ကို သိပြီးဖြစ်သော်လည်း ဖြစ်ပွားစဉ်ကာလ အကြောင်းအမျိုးမျိုးတို့တွင် နှစ်ဖက်အမြင်ရှုမြင် သုံးသပ်ခြင်းမရှိဘဲ တစ်ဖက်အမြင် ထိခိုက်ဆုံးရှုံးမှု၊ နေရပ်စွန့်ခွာမှုများကို အကြောင်းပြု၍ လူမျိုးပြုန်းတီးစေမှု တံဆိပ်ကပ်လိုက်သည်မှာ စိတ်မကောင်းစရာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်၍ တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် ပကတိအရှိတရားနှင့် အမှန်တရားတို့ကို ရဲရဲဝံ့ဝံ့ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။ တရားစွဲဆိုမှုသည် ပဋိပက္ခဖြစ်စဉ် ကာလက အကြောင်းကိစ္စသာဖြစ်ပြီး ထပ်မံလည်း ဖြစ်ပွားခြင်းမရှိ၊ ဖြစ်ပွား စဉ်ကာလက ဥပဒေနှင့် မညီညွတ်မှုများကို အရေးယူခဲ့၊ အရေးယူဆဲလည်းဖြစ်၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရန် အဘက်ဘက်က ဆောင်ရွက်နေဆဲလည်းဖြစ်ပါလျက် လူမျိုးပြုန်းတီးစေမှု တံဆိပ်တပ်ခြင်း သည် လျော်ကန်သင့်မြတ်ခြင်းအလျှင်းမရှိပေ။

မြန်မာနိုင်ငံ၏စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးကြီးသည်ဖြစ်ရာ ထိုအရေးကိစ္စကိုဖြစ်မြောက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မတူကွဲပြားသော လူ့အသိုက်အဝန်းများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပဋိပက္ခများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကြားမှ အားလုံးရင်ကြားစေ့ရေးကို ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ရခိုင်ပြည်နယ်အနေဖြင့် မတူကွဲပြားသည့် လူ့အသိုက်အဝန်းနှစ်ခုအကြား ပြန်လည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာအောင် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဤသို့တံဆိပ်တပ်၍ တစ်စုံတစ်ရာပြုလုပ်မည်ဆိုပါက နိုင်ငံပြိုကွဲ ပျက်စီးအောင် လုပ်ဆောင်ရာရောက်မည်ဖြစ်သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်ဖြစ်စဉ်ကို အကြောင်းပြု၍ဖြစ်ပေါ်လာသော ဤအရေးကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသော အစိတ်အပိုင်းများ မပြိုကွဲမပျက်စီးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြဿနာများမတိုးပွားရေး၊ တစ်ကျော့ပြန်မဖြစ်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချက်များကို ဆင်ခြင်ထောက်ရှု၍ အမှုမှပယ်ဖျက် ပေးရန်သာ လိုရင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း။

ကြေးမုံ