မန္တလေးတွင်ကျင်းပနေသည့် ကျောက်စိမ်းရောင်းချပွဲတွင် ပြည်တွင်းပြည်ပမှ လာရောက်သူ ၄၀ဝဝ ကျော်ရှိ

မန္တလေး ၂၄ အောက်တိုဘာ

 

မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျောက်စိမ်း အချောထည် နှင့် အရိုင်းတုံး ရောင်းချပွဲ၌ ပြည်တွင်းပြည်ပမှ လာရောက်ဝယ်သူနဲ့ ကြည့်ရှုသူ ၄၀ဝဝ ကျော်ရှိကြောင်း သိရသည် ။

 

အဆိုပါ လူဦးရေများတွင် တရုတ်နိုင်ငံမှ လာရောက် ဝယ်သူ ၁၀ဝဝ ခန့်နှင့် အခြား နိုင်ငံများမှ လာရောက် ဝယ်သူ ကြည့်ရှုသူများလည်းရှိကာ ပြည်ပမှ လာရောက်သူများမှာ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည် ။

 

1

 

" ကျွန်တော်တို့ ကျောက်စိမ်းပွဲတော်အတွက်ကို ဝင်ခွင့်ကတ်ပြား ထုတ်ပေးထားတာ လေးထောင်ကျော်ပါ ။ အဲ့လေးထောင်ကျော်က ပြည်တွင်းကရာ ပြည်ပကရောပေါ့ ။ ပြည်ပနိုင်ငံကဆိုရင် တရုတ်က အများဆုံးပဲ ။ အခြားနိုင်ငံလာတဲ့သူကတော့ အနည်းအကျဉ်းရှိတာပေါ့ " ဟု ပြပွဲကျင်းပရေးကော်မတီမှ အတွင်းရေးမှူး ကိုမျိုးမြင့်လှိုင်က ပြောသည် ။

 

ပြပွဲတွင် ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့် ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။

 

ပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည် ။

 

အဆိုပါ ပြပွဲတွင် အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းအရိုင်းတုံးနှင့် အချောထည်များကို ရောင်းချသွားမည်ဖြစ်ပြီး  အောက်တိုဘာ ၂၀ ရက်နေ့မှ  ၂၆ ရက်နေ့ထိ ခုနစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည် ။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဝယ်ယူခွင့်ရရှိသူများကို ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည် ။

 

ကျောက်စိမ်းတွဲများ ဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရပါမည် ဖြစ် ကာ ကျပ်သိန်း (၂၀ဝ) ထိဝယ်ယူခွင့် ရှိမည်ဖြစ်ပြီး ယင်းပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀ဝ ကျော် ရောင်းချပေးသွားမည်ဖြစ်သည် ။

 

သူရိန်လင်း