မန္တလေးတိုင်းတွင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ၆၇ ခုရှိ

mdn

မန္တလေး  ၂ ဇူလိုင်

 

မန္တလေးတိုင်းတွင် ၂၀၁၇ -၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု ၆၇ ခုရှိသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

မန္တလေးတိုင်းဒေကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ (Mandalay Region Investment Committee- MRIC) ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၅ ခုရှိပြီး ၊ ပြည်ထောင်စုမှ ခွင့်ပြုသည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ၆၂ ခုရှိကြောင်း သိရသည်။ 

 

" မန္တလေးတိုင်းဒေကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီအစည်းအဝေးကို တစ်လတစ်ကြိမ်လုပ်တယ်၊ အမှုတွဲပြည့်စုံရင် ခွင့်ပြုချက် တခါတည်းထုတ်ပေးတယ်။ တက်နိုင်သမျှအဂတိ ကင်းအောင် ဆောင်ရွက်နေပါတယ်"ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ 

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုအတွက် ဒေါ်လာ ၅ သန်းအထိ ရင်းနှီးမြုပ်နှံမှုကို MRIC မှ ခွင့်ပြုဆောင်ရွက်နေသည်။ ဒေါ်လာ ၅ သန်းနှင်အထက် ရင်းနှီးမြုပ်နှံမှုများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သဘောထားမှတ်ချက်ပေးရပြီး ပြည်ထောင်စုအဆင့် ရင်းနှီးမြုပ်နှံ ကော်မတီမှ ခွင့်ပြုဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

 

MRIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံခြားသား ရင်းနှီးမြုပ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၃၃ မီလီယံ ရှိပြီး ပြည်ထောင်စု ရင်းနှီးမြုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် သည့် ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၆၂ ဘီလီယံ ရှိကြောင်းသိရသည်။

 

အိမို့မို့ခိုင် 
Photo- DICA website