မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၁၉၀ဝ၀ဝ ကျော် ပိုမိုဝင်ရောက်

မန္တလေး ၁၅ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အနေဖြင့် ယခင် ၂၀၁၈ ခုနှစ်ထက် ၁၉၀ဝ၀ဝ ကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

 

၂၀၁၈ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၄၉၀ဝ၀ဝ ကျော် ဝင်ရောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၆၈၀ဝ၀ဝ ကျော်ဝင်ရောက်ခဲ့ရာ ယမန်နှစ်ထက် ၁၉၀ဝ၀ဝ ကျော် တိုးတက်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

 

"ခရီးသွားဧည့်သည်ဝင်ရောက်မှုက အရှေ့တိုင်းခရီးသွားတွေ အများဆုံး တိုးတက်ဝင်ရောက်လာသလို အနောက်တိုင်း ခရီးသွားတွေအနေနဲ့လည်း ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေက ခရီးသွားတွေ အစဉ်လိုက် တိုးတက်ဝင်ရောက်လာကြတယ်။ ခရီးသွားကဏ္ဍမှာ လွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေး ဆောင်ရွက်နေတာတွေ၊ ဆက်စပ်ဌာနတွေနဲ့ ပေါင်းစပ်ပြီး ဗီဇာဖြေလျော့မှုတွေကြောင့် ဒီလိုခရီးသွားတွေ ပိုမိုဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီလောက်နဲ့လည်း ကျေနပ်မနေဘဲ ယခု ၂၀၂၀ ခုနှစ်မှာ ဒီထက်ပိုမိုဝင်ရောက် လာဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ပြောသည်။

 

၂၀၂၀ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ခရီးသွားလုပ်ငန်းတွင် ပါဝင် ပတ်သက်သူများအားလုံးနှင့် ပူးပေါင်း၍ လအလိုက် အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတကာ ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် ဝင်ရောက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)