မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

မန္တလေး  ၁  ဩဂုတ် 

 

Covid-19 Economic Relief Plan(CERP) တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည် ထူထောင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ရေချိုငါး မွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးသန်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလတွင် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ငါးမွေးတောင်သူများ ကြုံတွေ့ခဲ့ရသည့် ထိခိုက်ဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငွေကျပ်သန်း ၆၀၀၀ ခွင့်ပြု၍ ငါးမွေးမြူသူများအား တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀ တန်ဖိုးရှိ မျိုးငါးနှင့် ငါးသားပေါက်များအား ဧက ၁၅၀၀၀၀ ထောက်ပံ့ပေးခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးသည့် လုပ်ငန်းစဉ် များတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ကြစေလိုကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊  မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သော ပံ့ပိုးကူညီမှုများပေးကြ ရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ယနေ့အခမ်းအနားတွင် Covid-19 Economic Relief Plan တွင် ပါဝင်သည့် Action Plan အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ စတင်ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်များမှ ငါးမွေးတောင်သူများအတွက်လည်း ငါးမွေးကန်များအရောက် ဆက်လက်ပို့ဆောင် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုထောက်ပံ့ပေးသည့်လုပ်ငန်းစဉ်အား စက်တင်ဘာလကုန်အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲတွင် မတ္တရာမြို့နယ် ငါးမွေးတောင်သူ ဦးသောင်းမြင့်ကလည်း ယခုလို ကိုဗစ်-၁၉ ကာလအတွင်း အများနည်းတူ အခက်အခဲများကြုံတွေ့နေရသည့် ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ထောက်ပံ့ပေးခြင်းအတွက် အတိုင်းမသိဝမ်းမြောက်မိပါကြောင်းနှင့် ယခုလိုထောက်ပံ့ပေးမှုအပေါ် နိုင်ငံတော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ကြသည်။

 

နိုင်ငံတော်မှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငါးသားပေါက်များ ထောက်ပံ့မှုအစီအစဉ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းမှ ငါးမွေးတောင်သူ ၃၃၃ ဦး၊ ငါးမွေးမြူရေးကန်ဧက ၁၆၃၁ ဒသမ ၃၆ ဧကအတွက် ငါးသားပေါက် ကောင်ရေ ၄၁ သိန်းခုနစ်သောင်းကျော်ကို ငါးမွေးကန်များအရောက် ပေးပို့ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးစီမံကိန်း ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီး၊ ကျောက်ဆည်၊ မြစ်သားနှင့် စဉ့်ကိုင်မြို့နယ်များရှိ နှစ်ဧကအောက် ငါးမွေးတောင်သူများနှင့် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်း လေးခုသို့လည်း ငါးသားပေါက်များ၊ ငါးအစာများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)