မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များအား ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAHP) လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်

မန္တလေး ၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များအား ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHPလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး(မန္တလေး)မှ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်က ပြောသည်။

 

အဆိုပါ မွေးမြူရေးလုပ်ငန်းရှင်များအား  ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP)လက်မှတ်ထုတ်ပေးနိုင်ရန် အတွက် စံသတ်မှတ်ချက်များကို ရေးဆွဲထားပြီး ၎င်းသတ်မှတ်ချက်များကို သိရှိစေရန်အတွက် မြို့နယ်အလိုက် မွေးမြူရေးပြုလုပ်သူများကို အသိပညာပေးခြင်း၊ ဟောပြောခြင်းများနှင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းများကို လုပ်ဆောင်ပေးနေကြောင်း၊ အဆိုပါစနစ်ဖြင့် ကြက်၊ ဝက်၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များကို မွေးမြူနိုင်ရန်အတွက် GAHP လက်မှတ်များ ထုတ်ပေးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ မွေးမြူသူများမှ လာရောက်လျှောက်ထားပါက ဌာနမှ သီးသန့်ဖွဲ့စည်းထားသည့်အဖွဲ့ဖြင့် စစ်ဆေးပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ GAHP လက်မှတ်ပေးဖို့အတွက် စံသတ်မှတ်ချက်တွေကို ရေးဆွဲထားပြီးပါပြီ။ တောင်သူတွေကိုလည်း ဒီလက်မှတ် ရရှိထားရင် ဒီခြံကထွက်လာတဲ့ပစ္စည်းတွေ စျေးပိုမိုကောင်းမွန်မယ်ဆိုတဲ့ အသိပညာတွေရသွားအောင် ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မွေးမြူသူများကို GAHP လက်မှတ်ရရှိနိုင်မယ့် စနစ်အကြောင်းကို သင်တန်းတွေပေးသွားမှာပါ။ ဒီစနစ်နဲ့ မွေးမြူဖို့လျှောက်ထားလာရင် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိ မရှိစစ်ဆေးပြီးမှ လက်မှတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချ နိုင်ဖို့ဆိုရင် ဒီစနစ်နဲ့ ပြောင်းလဲမွေးမြူလာအောင် တဖြည်းဖြည်းလုပ်သွားရမှာပါ၊ ဒီစနစ်နဲ့ မွေးမြူမယ်ဆိုရင် မွေးမြူမယ့်ခြံကိုလည်း နိုင်ငံတကာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင်ပြုလုပ်ပြီး မွေးမြူမယ့် တိရစ္ဆာန်တစ်မျိုးချင်း အလိုက်လည်း စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် အစားကျွေးတဲ့စနစ်၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းတွေကအစ စံသတ်မှတ်ချက်တွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

အဆိုပါ GAHP လက်မှတ်ကို စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းရှင်များသာမက တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းရှင် များကိုပါ ထုတ်ပေးမည်ဖြစ်သော်လည်း မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် GAHP လက်မှတ်ရရှိနိုင်သည့် လုပ်ငန်းစဉ်များအတိုင်း မွေးမြူခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပြီး GAHP စနစ်ဖြင့် မွေးမြူထွက်ရှိသည့် တိရစ္ဆာန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပါက နိုင်ငံတကာမှ အသိအမှတ်ပြုမှုနှင့်  စျေးနှုန်းများ ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)