မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုဘဏ္ဍာရေးနှစ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးမည့် သီးနှံစိုက်ဧကပေါင်း ၁၅၀၀ ကျော်ရှိနေ

မန္တလေး ၁ ဧပြီ

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးမည့် သီးနှံစိုက်ဧကပေါင်း ၁၅၀၀ ကျော်ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန(မန္တလေး)မှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြောသည်။

 

အဆိုပါ GAP စနစ်ဖြင့် စိုက်ပျိုးကြမည့် စိုက်ဧကများမှာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင် စသည့်ခရိုင်များရှိ မြို့နယ်များတွင် စုစုပေါင်းစိုက်ဧက ၁၅၉၆ ရှိပြီး စိုက်ပျိုးမည့် သီးနှံများအနေဖြင့် လိမ္မော်၊ ဖရဲ(မိုး)၊ သရက်၊ ကြက်သွန်နီ၊ ငှက်ပျော၊ ခရမ်းချဉ်၊ ဆောင်းနေကြာ၊ ကော်ဖီ၊ မက္ကာဒေမီးယား၊ ကန်စွန်း၊ ငရုတ်၊ စပါး၊ ဂေါ်ဖီထုပ်၊ မြေပဲ(ဆောင်း)၊ ဖရဲ(နွေ)၊ စတော်ဘယ်ရီ၊ ကျွဲကော်၊ နဂါးမောက်၊ လောင်ဂန်၊ မိုးကြိုပဲတီစိမ်း စသည့် သီးနှံ အမျိုးအစားပေါင်း ၂၀  ရှိကြောင်း သိရသည်။

 

“တောင်သူတွေအနေနဲ့ သီးနှံတွေကို GAP နည်းစနစ်နဲ့ စိုက်ပျိုးတဲ့အတွက် ထွက်ရှိလာတဲ့ သီးနှံတွေကို စျေးကွက်မှာ ခိုင်ခိုင်မာမာနဲ့ ယုံကြည်စိတ်ချစွာ ရောင်းချနိုင်မှာပါ။ စားသုံးသူတွေအနေနဲ့ကလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီးတော့ ဘေးကင်းတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် GAP စနစ်နဲ့ စိုက်ပျိုးခြင်းက တောင်သူရော ပြည်သူအတွက်ပါ အကျိုးကျေးဇူးများစွာရရှိမှာ ဖြစ်တဲ့အတွက် GAP နည်းစနစ်နဲ့ စိုက်ပျိုးတိုးတက်ဖို့ နှစ်စဉ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တွင် မြို့နယ်များအလိုက် GAP စနစ်ဖြင့် စိုက်ပျိုးကြသည့် တောင်သူဦးရေမှာ ၁၅၀ ဦးရှိပြီး ၎င်းတို့အား GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)