မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကျင်းပ

မန္တလေး  ၂၆  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ၃၄ လမ်းနှင့် ၃၅လမ်း ကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ တိုင်းဒေသကြီး ဥပဒချုပ်ရုံးတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

အဆိုပါ ဝန်ထမ်းအိမ်ရာသည် အာရ်စီ လေးခန်းတွဲ လေးထပ် အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၂၈၆ သန်းဖြင့် Myanmar Land & Development Co.Ltd မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)