မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဆက်စပ်နယ်မြေများအတွင်း တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ အဝင်/အထွက်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်စစ်ဆေးမှုအပါအဝင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။

 

နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်စစ်ဆေးရေးဂိတ်၏ တရားမဝင် ရှောင်ကွင်းလမ်းရှိ ရေမြောင်းဘေး၌ မသင်္ကာဖွယ်စက္ကူဂျပ်ဖာများအား တွေ့ရှိသဖြင့် စစ်ဆေးကြည့်ရှုရာ စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၆၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှင့် မော်တော်ယာဉ်တို့မှာ သယ်ဆောင်ရန် မလွတ်နိုင်သည့် အခြေအနေကြောင့် လမ်းဘေးမြောင်းအတွင်း စွန့်ပစ်ထွက်ပြေးခြင်းဖြစ်ကြောင်း သုံးသပ်ရ၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

 

သတင်းစဉ်