မန္တလေးရတနာမောတွင် ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ပြည်ပမှ ကျောက်ကုန်သည် တစ်သောင်းခန့်ဖိတ်ကြားထားဟုဆို

မန္တလေး-၁၀ ဇန်နဝါရီ

 

မန္တလေးရတနာမောတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ပြည်ပမှ ကျောက်ကုန်သည် တစ်သောင်းခန့်ဖိတ်ကြားထားကြောင်း မန္တလေးရတနာမော အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဝင်းကပြောသည်။

 

3902

 

မန္တလေးရတနာမော အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို အခုလ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ဝယ်ယူသွားသော ကျောက်မျက်များကို လွတ်လပ်စွာ သယ်ယူခွင့် ၊ အခွန်ကင်းလွတ်ခွင့် ၊ ကျောက်မျက် ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်ခြင်း ၊ ကံစမ်းမဲအစီစဉ်များ ပါဝင်မည်ဖြစ်သည်။

 

‘နိုင်ငံတကာပြပွဲတွေ အရောက်သွားခဲ့ပြီး ပန်းဖလက်တွေ ဖိတ်စာတွေဝေခဲ့တာရှိတယ်။၊ ဝက်ဆိုဒ်တွေမှာလည်းရေးသားထားပါတယ်။ နိုင်ငံပေါင်း ၅၃ နိုင်ငံက e-visa နဲ့ပတ်သက်ပြီး မေးတာရှိတယ်။  မိတ်ဖက်အဖွဲ့အစည်းတွေကနေ ဖိတ်တာတွေလည်း ရှိပါတယ်။ သံရုံးတွေ ၊ ကောင်စစ်ဝန်ရုံးတွေက တစ်ဆင့် လည်းဖိတ်ကြားထားပါတယ်။ တစ်သောင်းပတ်ချာ လည်လောက် ဖိတ်နိုင်ခဲ့ပါတယ် ’ဟု ဦးသန်းဝင်း က ဆက်ပြောသည်။


မန္တလေးရတနာမော အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ပန်းပုပြခန်းများ ၊ လက်ဝတ်ရတနာပြပွဲ ၊ ပြိုင်ပွဲများ ၊ မြန်မာနိုင်ငံက ထွက်ရှိသည့်လက်ဝတ်ရတနာပြခန်းများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းက  ကျောက်မျက်ရတနာလုပ်ငန်းရှင်များက လာရောက်ပြသ ၊ ရောင်းချမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀ဝ ကျော်ခန့် ပါဝင်ကြောင်းသိရသည်။

 

ယခုလို ကျောက်မျက်ရတနာပြပွဲတွေကို နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်