မန္တလေးပဲဈေးကွက် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ကောင်းမွန်သွက်လက်

မန္တလေး ၂၈ ဧပြီ

 

မန္တလေးကုန်စည်ဒိုင်အား COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ယခုကာလတွင် ယာယီပိတ်ထားခဲ့သော်လည်း အသင်းသားများ ဖွဲ့စည်းထားသည့် Viber Group မှ ဆက်သွယ်ကာ ရောင်းဝယ်မှုများကြောင့် မန္တလေးပဲဈေးကွက် အခြေအနေမှာ အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ပုံမှန်သွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

မန္တလေးကုန်စည်ဒိုင်အား သင်္ကြန်အပြီးကာလ ဧပြီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ၎င်းကာလအတွင်း အသင်းမှ ဖွဲ့စည်းထားသည့် Viber Group မှ အရောင်းအဝယ်များ ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့ပြီး ယခုအခါ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အလုပ်အမှုဆောင်အဖွဲ့၏ ဧပြီ ၂၈ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကုန်စည်ဒိုင်အား မေလ ၁၅ ရက်အထိ ရက်ထပ်မံတိုးမြှင့်၍ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာခဲ့သည်။

 

“မန္တလေးပဲဈေးကွက်ကတော့ ကုန်စည်ဒိုင်ပိတ်ထားပေမယ့်လည်း ကုန်သည်တွေက သူတို့ရဲ့ ပွဲရုံတွေကနေ အွန်လိုင်းကနေပြီး အရောင်းအဝယ်လုပ်နေကြတဲ့အတွက် ဈေးကွက်ကတော့ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ကုန်စည်ဒိုင်ပိတ်ခါစကတော့ နယ်ကတောင်သူတွေက သူတို့ရဲ့ ထွက်ကုန်တွေကို အရောင်းအဝယ်မဖြစ်တော့ဘူးထင်ပြီး အခိုက်အတန့်တော့ ကုန်တင်ပို့မှုတွေ ရပ်နားသွားခဲ့ပေမယ့် လက်ရှိအချိန်မှာ အွန်လိုင်းနဲ့ အရောင်းအဝယ်ဖြစ်နေတာကို သိသွားကြလို့ အနယ်နယ်အရပ်ရပ်က ပဲသီးနှံတွေ မန္တလေးပွဲရုံတွေကို ပြန်ပြီး ဝင်ရောက်နေကြပါပြီ။ ဈေးကွက်မှာလည်း တရုတ်နဲ့ အိန္ဒိယဝယ်လက်တွေက အဆင်သင့်ရှိနေကြတဲ့အတွက် ဈေးနှုန်းတွေကလည်း ကျဆင်းမသွားဘဲ ပုံမှန်ဈေးအတိုင်း ရှိနေတဲ့အပြင် ပဲတီစိမ်းနဲ့ မြေပဲလုံးဆံဈေးတွေကတော့ အရင်ကထက် ဈေးပိုတက်လာတယ်။ ဒီလို ကမ္ဘာ့ကပ်ရောဂါကြောင့် ပဲဈေးကွက်အခြေအနေက တုန့်ဆိုင်းသွားနိုင်ပေမယ့် အခုလို အွန်လိုင်းစနစ်နဲ့ ဆက်လက်ရှင်သန်နေနိုင်တာကတော့ မန္တလေးမြို့ရဲ့ အားသာချက်တစ်ခုပါပဲ”ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

လက်ရှိအခြေအနေတွင် မန္တလေးမြို့ရှိ အွန်လိုင်းပဲဈေးကွက်တွင် ပဲတီစိမ်း(အညာရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် တစ်သိန်းနှစ်သောင်းကျပ်နှုန်း၊ ကုလားပဲ(V2) သုံးတင်းဝင်တစ်အိတ်လျှင် ခုနစ်သောင်းရှစ်ထောင်ကျပ်နှုန်း၊ မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ကိုးသောင်းငါးထောင်နှုန်း၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ခုနစ်သောင်းလေးထောင်ကျပ်နှုန်း၊ ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငါးသောင်းငါးထောင်ကျပ်နှုန်း၊ မြေပဲလုံးဆံ(အနီ) တစ်ပိဿာလျှင် သုံးထောင့်လေးရာကျပ်နှင့် မြေပဲလုံးဆံ(အဖြူ) တစ်ပိဿာလျှင် သုံးထောင့်နှစ်ရာကျပ်နှုန်းများဖြင့် အရောင်းအဝယ်များ သွက်လက်မြန်ဆန်နေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)